အတွေးအမြင်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အကာအကွယ်မဲ့ရရှာတဲ့ မြတ်ဆရာတွေ

 

အရှင်စန္ဒိမာ (မွန်စိန်တောရ)   – အကာအကွယ်မဲ့ရရှာတဲ့ မြတ်ဆရာတွေ
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

ဆုံးမသွန်သင် အတတ်ပညာသင်ကြားပေးတဲ့ ဆရာဆရာမများဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ငါးပါးထဲမှာ တပါးအပါအဝင် ဖြစ်ပါတယ်။ အသက်မွေးမှုအားလုံးထဲမှာ ပညာဖြင့် အသက်မွေးမှုကို မြတ်သောအသက်မွေးအဖြစ် ဘုရားရှင် ချီးမွမ်းထားပါတယ်။

မြန်မာနိုင်ငံမှာ မြို့တွေထက် ကျေးလတ်တောရွာတွေရဲ့ ပညာရေးနိမ့်ကျမှုက ပိုဆိုးပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ တောရွာများမှ ကလေးငယ်တွေကို သွားရောက်ပညာသင်ကြားပေးနေကြတဲ့ ဆရာဆရာမများရဲ့ စေတနာမေတ္တာကို လေးစားတန်ဘိုးထားထိုက်ပါတယ်။ အစိုးရစာသင်ကျောင်းမရှိတဲ့ ကျေးလတ်ဒေသတွေမှာ ကလေးငယ်တွေရဲ့ ပညာရေးကို သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့အစည်းတွေ စတဲ့ အစိုးရမဟုတ်တဲ့ ပါတီအဖွဲ့အစည်းတွေက တနိုင်တပိုင် ဝင်ရောက်တာဝန်ယူပေးနေကြတာ ဖြစ်ပါတယ်။ အစိုးရမဖြည့်ပေးနိုင်သေးတဲ့ ကွက်လပ်ကို သူတို့က ဝင်ရောက်ဖြည့်ဆည်းပေးနေကြတာပါ။

ဆရာ့ဂုဏ်ကျေးဇူးကို လေးစားတန်ဘိုးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဆရာမတွေ ရက်ရက်စက်စက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဟာ တုံလှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ်ဆိုးပါ။  ရှမ်းပြည်နယ် ကောင်းခါးရွာကလေးမှ ကချင်ဆရာမနှစ်ယောက် အဓမ္မပြုကျင့်အသတ်ခံရမှုဟာ လူသားမဆန်လွန်းတဲ့ ရာဇဝတ်ပြစ်မှု ဖြစ်ပါတယ်။

ယခင်စစ်အာဏာရှင်ခေတ်နဲ့မခြား မြန်မာနိုင်ငံမှာ စစ်တပ်ရော အစိုးရပါ ဆက်နွယ်ပတ်သက်မှုရှိတဲ့ ရာဇဝတ်မှုခင်းတွေ ခပ်စိပ်စိပ် ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ အလွတ်သတင်းထောက်ကိုပါကြီးအသတ်ခံရမှု၊ လက်ပန်းတောင်းတောင်အရေးမှာ ဒေါ်ခင်ဝင်းအသတ်ခံရမှုတွေကို အစိုးရက တရားမျှတမှုရှိစွာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ဘဲ အချိန်ကြာလာတာနဲ့အမျှ ထိုဖြစ်ရပ်တွေဟာ တစတစ မှေးမှိန်သလို ဖြစ်လာပါတယ်။ ဒီလိုဖြစ်အောင်လည်း သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေ အချိန်ဆွဲဗျူဟာခင်းနေသလားဆိုတာ သံသယဝင်စရာတွေပါ။

ယခုကဲ့သို့ စစ်တပ်နဲ့ အစိုးရကျူးလွန်တဲ့ ရာဇဝတ်မှုခင်းတွေကို ယခင်စစ်အစိုးရအဆက်ဆက် သတင်းအမှောင်ခေတ်မှာ ပြည်သူအများ သိရှိခွင့် မရခဲ့ကြပါဘူး။ အမျိုးသမီးအဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှု လူသတ်မှု ရွာမီးရှို့မှု စသည်ဖြင့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လူသားမဆန်မှု လူ့အခွင့်အရေးချိုးဖေါက်ခံရမှုအကြောင်းဖေါ်ပြထားတဲ့ အစီရင်ခံစာတွေကို အစိုးရတာဝန်ရှိသူတွေနဲ့ အစိုးရမီဒီယာတွေက တမင်လုပ်ကြံဖန်တီးမှု သက်သက်မျှသာ ဖြစ်တယ်လို့ ဝါဒဖြန့် ပုံဖေါ်ခဲ့ကြဖူးပါတယ်။

၈၈ အရေးအခင်းနောက်ပိုင်း စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့အခါမှာ ကျောင်းသားထောင်ပေါင်းများစွာ တိုင်းရင်းသားအရပ်ဒေသတွေကို ဖြတ်ကျော်ပြီး တော်လှန်ရေးနယ်မြေကို ရောက်လာခဲ့ကြပါတယ်။ မြို့ပေါ်နေ ဗမာအများစုဖြစ်တဲ့ ကျောင်းသားလူငယ်များဟာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို နဖူးတွေ့ဒူးတွေ့ မျက်မြင်ကြုံတွေ့ခဲ့ကြရပါတယ်။

ယခုအချိန်မှာတော့ အထိုက်အလျှောက်ရလာတဲ့ သတင်းလွတ်လပ်ခွင့်ရဲ့ အကျိုးကျေးဇူးကြောင့် လူသားမဆန်တဲ့ မတရားမှုသတင်းတွေဟာ ချက်ချင်းဆိုသလို ကမ္ဘာပျံ့သွားပါတယ်။ ကချင်ဆရာမနှစ်ယောက်ရဲ့  အဖြစ်ဆိုးကြောင့် ကမ္ဘာသူကမ္ဘာသားများ ဝမ်းနည်းပူဆွေးကြရပါတယ်။ သို့သော် ပူဆွေးနေရုံနဲ့ မပြီး။ အမှုမှန်ပေါ်ပေါက်အောင် ပြည်သူလူထုကလည်း တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရပါလိမ့်မယ်။

အမှုမှန်ပေါ်ပေါက်အောင် တရားမျှတစွာ စစ်ဆေးဖေါ်ထုတ်ပေးရမယ့် အဓိကတာဝန်ရှိသူဟာ အစိုးရသာဖြစ်တယ်ဆိုတာကတော့ ပြောနေစရာမလိုတော့ပါ။ မတရားမှုတွေကို တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းမှု မပြုပါက မတရားမှုတွေဟာ တစတစ ထူပြောပျံ့နှံ့လာနိုင်တဲ့ အန္တရာယ်ရှိနေတာကို  လူတိုင်းနားလည်နိုင်ပါတယ်။ ကိုယ်မထိတော့ ကိုယ်နဲ့မဆိုင်သလို သဘောမထားသင့်ပေ။ တနေ့နေ့တချိန်ချိန်မှာ ထိုဖြစ်ရပ်ဆိုးမျိုး မိမိထံရောက်လာနိုင်တာကို လူတိုင်းလူတိုင်း အလေးအနက် သတိချပ်သင့်ပါတယ်။  ခလုတ်ထိမှ အမိတရမယ့် အဖြစ်မျိုး မဖြစ်စေသင့်ပါ။

ဘယ်အရာမျှ မမြဲဘူးလို့ ဘုရားဟောထားပါတယ်။ စည်းစိမ်ဥစ္စာရာထူးအာဏာလည်းမမြဲ၊ အသက်ခန္ဓာလည်းမမြဲ၊ လောကမှာ မြဲတဲ့အရာ ဘာမျှမရှိပါ။ တနေ့နေ့တချိန်ချိန်မှာ အရာရာတိုင်းဟာ ပျက်စီးပျောက်ကွယ်သွားရစမြဲ ဓမ္မတာသာ ဖြစ်ပါတယ်။

အာဏာရှင်ကဒါဖီရဲ့ နောက်ဆုံးအချိန်ဟာ လူတိုင်းအတွက် သင်ခန်းစာယူစရာပါ။ အာဏာရှင်ကဒါဖီဟာ လောကငရဲကို နောက်ဆုံးအချိန်ပိုင်းအထိ ကြုံတွေ့ခံစားပြီး ဘဝအဆုံးသတ်ခဲ့ရပါတယ်။ လူသာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ တကယ့်ငရဲမှာ သူ ဘယ်လို ခံစားနေရမှာလဲ။ ထိုအချိန်ကျခါမှ အမေရေ…အမေရေ…လို့ တနေလို့ရော အကျိုးရှိနိုင်ပါတော့မလား။ လူသားအားလုံး သံဝေဂတရား ဆင်ခြင်ပွားများနိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts