Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းအတွက် နေကြယ်ဦး ပရဟိတ လုပ်ငန်းခွင် စွမ်းရည်မြှင့်သင်တန်းဆင်း

 

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းအတွက် နေကြယ်ဦး ပရဟိတ လုပ်ငန်းခွင် စွမ်းရည်မြှင့်သင်တန်းဆင်း
(ရန်နောင်(ဗိုလ်တထောင်) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

လူငယ် လူရွယ်များ ဘွဲ့ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်း များ လျင်မြန်စွာ ရရှိနိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နေကြယ်ဦးကုမ္ပဏီများအုပ်စု ပရဟိတလုပ်ငန်းမှ စတုတ္ထအကြိမ်မြောက် စီစဉ်ဖွင့်လှစ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ လုပ်ငန်းခွင် အကြိုစွမ်းရည် မြှင့်သင်တန်း ဆင်းပွဲကို ဇီးကုန်းမြို့၌ ဇန်နဝါရီလ (၂၆) ရက်၊ နေ့လည်( ၁၂)နာရီ တွင် ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း တက်ရောက်ကာ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်င့တော်သမ္မတအကြံပေးဒေါက်တာ နေဇင်လတ်ကိုယ်စား ပါမောက္ခဦးအေးကျော်မှ နတ်တလင်းမြို့ ဗုဒ္ပ္ဓလမ်းစဉ်ဓမ္မသဘင်အကျိုးတော်ဆောင်အဖွဲ့ ယဉ်ကျေးလိမ္မာသင်တန်းသို့ အလှူငွေများပေးအပ်လှူဒါန်းရာ နေကြယ်ဦးကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်လွင်ဦး မှ လက်ခံရယူခဲ့သည်။

ထို့နောက် ထူးချွန်သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ သင်တန်းဆင်းလက်မှတ်များကို လက်ခံရယူပေးပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသားတစ်ဦးမှ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည့် ရည်မှန်းချက် အကြောင်းကိုပြောကြားခဲ့သည်။ သင်တန်းသား၊သူများမှ စုပေါင်း၍ “ဖိတ်ခေါ်နေတယ် ” သီချင်းသီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဆက်လက်၍  သင်တန်းသား၊သူများအား အလုပ်အကိုင် ရရှိနိုင်မှု အခွင့်အလမ်းများပေးအပ်မည့်ကုမ္ပ္ပ္ပဏီ သို့ မိမိတို့ နှစ်သက်ရာအလိုက် CV Form များတင်ကာ ရွေးချယ်လျှောက်ထားခဲ့ကြသည်။

သင်တန်းသူများထဲမှ ဒုတိယ ထူးချွန်ဆုရခဲ့သူ မဝင်းအိဖြူ အားတွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ  “ သမီးဒီသင်တန်းမှာ ဒီလိုဆုကို ရခဲ့တဲ့ အတွက် အရမ်းပျော်ပါတယ်။ဒီသင်တန်းကနေ လုပ်ငန်းခွင်ကိုဝင်မယ်ဆိုလို့ရှိရင် လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီးရပါတယ်။သမီး သင်္ချာအဓိက နဲ့ ကျောင်းပြီးထားတာပါ။ သမီးအခုလောလောဆယ်တော့ ဘဏ်မှာဝင်လုပ်ဖို့ စဉ်းစားထားပါတယ်။ သမီးလုပ်ချင်တတော့ အပြင် အလုပ်ပါ။ ဒါပေမဲ့ အတွေ့အကြုံရအောင် ဝင်လုပ်ကြည့်မိမှာပါ။ ပြီးရင်တော့ အိမ်က စီးပွားရေးလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ပေးမှာပါ။အိမ်မှာက ပွဲရုံလုပ်ငန်းတွေလည်း ရှိတယ်လေ။ ” ဟု ပျော်ရွှင်တက်ကြွစွာ ဖြေကြားခဲ့သည်။

နောက်ထပ် တတိယ ဆုရရှိသူတစ်ဦးဖြစ်သူ မခင်သောင်းတင် ကလည်း  “ ဆုရဖို့ ဘာမှတော့ ခက်ခက်ခဲခဲ မလုပ်လိုက်ရသလိုပါဘဲ။ ဆရာတွေ သင်ပေးတာ သေချာနားထောင်ပြီး အိမ်ရောက်ရင်ပြန်ကြည့်စရာမလိုအောင် သင်ပေးတာပါ။ ဒီသင်တန်း ရဲ့ အကျိုးကျေးဇူးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာာတာပါ ” ဟုပြောပြခဲ့သည်။

ပထမဆုရရှိသူ မသက်ထားမွန် ကလည်း“ ပျော်တာပေါ့ နော်။ သမီးခုတော့ ကိုယ့်ဘာသာကိုယ် ယုံကြည်မှုတွေ တိုးလာပါတယ်။ သမီးလောလောဆယ်တော့ ကုမ္ပ္ပ္ပ္ပဏီ တစ်ခုခု မှာ အလုပ်ဝင်ဖို့ စဉ်းစားထားပါတယ်။သမီးက စီးပွားရေး နဲ့ ဘွဲ့ရထားဆိုတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ အလုပ်တစ်ခုခုတော့ လုပ်ဖြစ်မှာပါ။ နောက်ထပ်နှစ်နှစ်လောက်ဆို သမီး MBA ဆက်တက်အုံးမှာပါ။ ” ဟု ပြောပြခဲ့သည်။

သင်တန်းတာဝန်ခံ မယမင်းသူမှ လည်း ယခုကဲ့သို့ ရှင်းလင်းပြောကြားပေးခဲ့ပါသေးသည်။ “ ကျမနာမည်က မယမင်းသူ ပါ။ဒီသင်တန်းကို အခု ဖွင့်တဲ့ အကြိမ်နဲ့ ဆို လေးကြိမ် ရှိပါပြီ။ ကျမ ဒုတိယအကြိမ် ပုသိမ်မှာ လုပ်မှ စပါခဲ့တာ အခုထိပါ။ နေကြယ်ဦး ပရဟိတ အဖွဲ့ကပါ။ အခု ထူးချွန်ဆုရခဲ့သူသုံးဦးစလုံးက မိန်းကလေး တွေချည်းပဲဖြစ်နေတာကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုပါ။ဘယ်လိုစံနှုန်း နဲ့ရွေးချယ်တာလည်းဆိုတော့ ကျမတို့က အရည်အချင်းစမ်းစစ်တာပေါ့နော်။ တပတ်စာ တပတ်စာသင်တဲ့ ဘာသာရပ်တွေကို ပထမ တပတ်မှာ ဆန်းစစ်တယ်။ ဒုတိယတပတ်မှာ ဆန်းစစ်ပြီးတော့ သင့်သော ဘာသာရပ်တွေကိုပဲ ဒုတိယ တပတ်မှာဆန်းစစ်ပါတယ်ရှင်။ ဆန်းစစ်သွားတဲ့ ဟာတွေကို အမှတ်ပေးသွားတာပါရှင်။” ဟုရှင်းပြခဲ့သည်။

သင်တန်းဖွင့်လှစ်နိုင်အောင် ဦးဆောင်သူ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး အားမေးမြန်းဖြစ်ခဲ့ရာတွင်တော့ “ ကျနော်တို့ ကို ကမ်းလှမ်းထားတာတွေကတော့ များပါတယ်။ကျနော်တို့က ဒီနေရာ လုပ်ရတာကတော့ အရမ်းလည်းဝါသနာပါတယ်။ ပျော်လည်းပျော်တယ်။သဘောလည်းကျတယ်။ ခက်တာက ဘာလည်းဆိုတော့ အချိန်ရယ်၊ငွေရယ်ပါ။ ကျနော်တို့လိုမျိုး လုပ်ချင်တဲ့သူ ပေါ်လာဖို့ကို အရမ်းမျှော်လင့်တာ။ကျနော်တို့လိုမျိုး အချိန်ရယ်၊ငွေရယ်ပေးပြီး လုပ်မယ့်သူများများပေါ်လာမှ  တတိုင်းပြည်လုံး အနေနဲ့ အောင်မြင်မှာ။ ငွေကန်ုကြေးကျတော့ များပါတယ်။ အဓိက ကတော့ သူတို့လေးတွေအပေါ် တကယ့် သားသမီး အရင်းတွေလို စေတနာ ထားပြီး ဆောင်ရွက်ပေးခဲ့တဲ့ အတွက်ကြောင့် လူရော၊ အချိန်ရော ၊ငွေရော ကုန်ခဲ့ပေမဲ့ အကျိုးအမြတ်ကတော့ တော်တော်ကိုရှိပါတယ်။ ဟု ပြောပြခဲ့သည်။

သင်တန်းသားများထဲ မှ မိဘ တစ်ဦးဖြစ်သူ ဦးမင်းသိန်း မှလည်း ယခုကဲ့သို့  ဝမ်းမြောက်စကား ပြောကြားခဲ့ပါသေးသည်။ “ ဦးသားတွေ ၊သမီးတွေကို ပညာတွေ တတ်အောင် အိမ်ခြံနွားတွေ အပြုတ်ခံပြီး ပညာတွေ သင်ပေးခဲ့ရတာပါ။ သင်ကြားပေးပြီး တဲ့အခါမှာဘွဲ့လျှောက်လွှာပေးပြီး အလုပ်လျှောက်တဲ့အခါကျတော့ ဘယ်မှာလျှောက်လျှောက် မရဘဲနဲ့ ကိုယ့်သမီး ကိုယ့်သားတွေဟာ ဒုက္ခ ရောက်ခဲ့ရတယ်။ အဲဒီလို အခွင့်အလမ်းတွေ နည်းပါးနေတဲ့ သားသမီးတွေအတွက် တကယ်လိုအပ်တဲ့ဟာဘာဆိုတာကို ဒီနေ့ နေကြယ်ဦးက ဒီမှာ လာသင်ပေးတာပါ။ ဒါဆိုရင် တော့ ဘဝမှာ လိုအပ်တဲ့ သင်တန်းတွေ ၊အောင်မြင်မှုတွေကိုပို့ချမယ့် သင်တန်းတွေ ပဲ ဆိုပြီး ဦးကိုယ်တိုင် ဒီသင်တန်းကို တက်ခိုင်းခဲ့တာပါ ” ဟု ပြောပြခဲ့သည်။

နေကြယ်ဦးမှ ဖွင့်လှစ်သော လုပ်ငန်းခွင်အကြို စွမ်းဆောင်ရည်သင်တန်းတွင် သင်တန်းကာလမှာ ၁၅ ရက်ကြာမြင့်ခဲ့ပြီး သင်တန်းသား၊သူ စုစုပေါင်း ၁၅၀ တက်ရောက်ခဲ့သည်။သင်တန်းကို သာယာဝတီခရိုင် အတွင်းရှိ သာယာဝတီ၊ အုတ်ဖို၊မင်းလှ၊စစ်ကွင်း၊ ဇီးကုန်း၊ နတ်တလင်း၊စသော မြို့နယ်၊ရပ်ကွက်၊ကျေးရွာများမှ တက်ရောက်ခဲ့ကြသည်။ သင်တန်းသားများအား နေစရိတ်၊စားစရိတ်ငြိမ်းဖြင့် ပညာဒါန သင်ကြားပေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts