ကဗျာ

မောင်စိုးချိန် – ကျောကုန်း ခြေထောက် ပန်းပွင့်များ

 

 မောင်စိုးချိန် – ကျောကုန်း ခြေထောက် ပန်းပွင့်များ

( တက်ကြွ တိုးတက်သော ဗ-က-သ ကျောင်းသားများနှင့် လူငယ်များသို့ )

(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၅

ရှေးသရောခါ

ဘုရင်ကြီးဒေးဗစ်

အလင်္ကာသစ် သီကုံး

အံ့သြဘွယ် ကောင်းလောက်အောင်

တေးဆို အော်ဟစ်

ဖါးတွေကို ချစ်သတဲ့

ချစ်လို့ မဆုံး။

ကဗျာဆရာ ဘာဂရစ္စကီး

ဟစ်ကြွေးတေးဆို

ငှက်တွေကို ချစ်သတဲ့

မြတ်နိုးသတဲ့။

တိုင်းပြည်ရဲ့ သားကောင်း

သမီးကောင်း ရတနာ

သိက္ခာ လှပ

လူယဉ်ကျေးပီသ

တောက်ပ ကြယ်ပွင့် လူငယ်တို့ ရဲ့ 

ကိုယ်ကျိုးစွန့်  တံတားထိုး ကျောကုန်းတွေကို

လေးစား မြတ်နိုးခဲ့  —- ငါ

ငါ တို့ ။

သူတို့ ချီ တက်

လွတ်မြောက်ရေး ခြေထောက်များစွာ

ငါ ရှိုက်နမ်းနေခဲ့ ပန်းပွင့်တွေပေါ့

သူတို့  သံမဏိ စိတ်ဓါတ်

ခိုင်မာ ယုံကြည်ချက်

ငါ့ ဦးခေါင်းထက်

အသည်းနှလုံးမှာ ပန်ဆင်ခဲ့ တယ်လေ။

အို ဘယ့် သမိုင်းဆရာ

ငါ့ အနမ်းများစွာ ရှိပါစေတော့။

သူတို့  ခြေလှမ်းများ

မှတ်တမ်း တင်ကြ ပေရော့။

 

ဇန္နဝါရီ ၁၈၊ ၂၀၁၅

(Photo – Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts