စာစုတို

ကိုဂျေ – ကျနော် အရက်စသောက်တဲ့နေ့

ကိုဂျေ – ကျနော် အရက်စသောက်တဲ့နေ့
ဇန်န၀ါရီ ၂၁၊ ၂၀၁၅
(သူ့ဖေ့စ်ဘွတ်ခ်)

စာရေးဆရာ ဖေမြင့်၊ ကဗျာဆရာ မောင်မောက် (ဥက္ကလာ)နဲ့ ကိုမျိုးညွန့် (စာပေလောက) တို့ အယ်ဒီတာလုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ထုတ်ခဲ့တဲ့ “ဒီလှိုင်း မဂ္ဂဇင်း” မှာ ကျနော် အရက် စပြီးသောက်တဲ့နေ့အကြောင်း အက်ဆေးတစ်ပုဒ်ကို ရေးခဲ့ ဖူးတယ်။ အဲဒီအက်ဆေးကို ကွယ်လွန်သွားတဲ့ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏက “ဟေ့ ဆြာဂျေ .. ဒီအကြောင်း ဘယ်သူမှ မပေးတော့နဲ့ ကိုယ်ယူတယ်” လို့ ပြောခဲ့ဖူးတယ်။ သူက ဘာကို သဘောကျမှန်းမသိဘူး။ ကိုယ်ကတော့ ကိုယ်ကြုံ ခဲ့တာကို ရိုးရိုးသားသားပဲ ရေးခဲ့ဖူးတာပါ။

ဒီအကြောင်းကိုပဲ လွန်ခဲ့တဲ့ရက်ပိုင်းက ဆရာကြီးဦးဝင်းဖေကို ပြန်ပြောပြမိပြန်တယ်…..”ခင်ဗျားက တဖက်သတ် ကောက် ချက်ဆွဲပြီး စဉ်းစားတာကိုလို့ ဆရာဦးဝင်းဖေက ပြောတယ်။ သူကတော့ ရည်းစားစာပေးပြီး စိတ်မရှည်တာတခုကြောင့် ဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းတွေတော့ ရှိခဲ့တာပေါ့လေ”လို့ ပြောတယ်။ ဆရာဦးဝင်းဖေအကြောင်းတော့ မပြောတော့ဘူး။ ကိုယ့်အ ကြောင်းတော့ ကိုယ်ပြန်ပြောမိပြန်ပြီ။

ကျနော့်မျိုးရိုးက သူပုန်မျိုး၊ ကျနော်ဟာလေ ငယ်ငယ်ကတည်းက ရုပ်ကဆိုး၊ အသားကမည်း၊ စာတော်ကျောင်းသားထဲ မပါတဲ့အပြင် ကျောင်းကလည်း ပြေးတဲ့ကောင်ဆိုတော့ ကျနော် ရင်ခုန်မိတဲ့ မိန်းကက ကျနော့်ကို ပြန်ကြိုက်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံယုံကြည်ကြည် ဆုံးဖြတ်ထားခဲ့ဖူးတာ။ ကျနော့်မှာ အရည်အချင်းမရှိတာတော့ မဟုတ်ဘူး။ ရှိတဲ့ အရည်အချင်းက သီချင်းဆိုတာ၊ စာ ကဗျာ ရေးတာနဲ့ ဘောလုံးကန်တာပဲ။ ဒါကလည်း ဖြစ်ဖြစ်မြောက်မြောက် တောက် တောက်ပြောင်ပြောင် မဟုတ်ပါဘူး။ သူလိုကိုယ်လို ထူးမခြားနားပါပဲ။

ကျနော် အထက ကျောင်းသားအရွယ်က သိပ်လှတဲ့ကောင်မလေးတစ်ယောက်ကို ရင်ခုန်မိတယ်။ ဒါကတော့ လူငယ်တိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမို့ မဆန်းပါဘူး။ သိပ်လှတဲ့ကောင်မလေးကို ရင်ခုန်တဲ့ကျောင်းသားက ကျနော်တယောက်ထဲ မဟုတ်ဘူး။ အရာရှိကြီးတွေရဲ့ သားတွေ၊ ဥစ္စာပေါ ရုပ်ချော ကျောင်းသားတွေနဲ့ စာတော်ကျောင်းသားတချို့တောင် ပါသေး တယ်။ ဒါ့ကြောင့်လည်း ကျနော်စဉ်းစားခန်းဝင်ခဲ့ရတာပေါ့… ကျနော့်မှာရှိတဲ့ အရည်အချင်းတွေနဲ့က ဒီကောင်မလေး ပြန် ကြိုက်လာစရာ မရှိပါဘူး။  ရှိတဲ့အရည်အချင်း သေးသေးလေးကို ပြဖို့ကလည်း ဒီကောင်းမလေးက နံရံကပ်စာစောင်ကို ငဲ့ မကြည့်တတ်သလို ဘောလုံးပွဲအားပေးတဲ့သူလည်း မဟုတ်ဘူး။ သေချာတာကတော့ ကျနော်ကသာ သူ့ကိုချစ်မိပါတယ် ပြောလိုက်လို့ကတော့… သူက ကျနော့်ကို “နင်နဲ့ငါ တူသလား တန်သလား ရုပ်ဆိုးကောင်ရဲ့” ဆိုပြီး ပါးရိုက်မှာ သေချာတာ ပါပဲ။ ဒါကြောင့်လည်း ကျနော်ဟာ သူနဲ့ ပတ်သက်ပြီး ပါးရိုက်ခံရမယ့် လမ်းကိုပဲ ရွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် သူ့ကို ကျနော် ချစ်တဲ့အကြောင်း စာပေးမယ်။ သူပါးရိုက်တာကို ခံမယ်၊ ပြီးတော့ ကျောင်းပြေးမယ်၊ အရက်သောက်မယ်၊ ကျောင်းထွက်မယ်၊ အရက်သမားကြီးဘဝနဲ့ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာကို တသက်လုံးသက်သေပြဖို့ လမ်းကို ရွေးလိုက်မိတယ်။

ဒီအကြောင်းကို ကျနော့် အချစ်ဆုံးသူငယ်ချင်း စိန်ထွန်းရီကိုတိုင်ပင်တယ်။ ဒီကောင်ကလည်း ကျနော် ဘာလုပ်လုပ် အား ပေးတဲ့ကောင်ဆိုတော့ ကျနော်ရွေးတဲ့နည်းလမ်း ကောင်းတဲ့အကြောင်း ထောက်ခံအားပေးခဲ့တယ်။ ဒီကောင်မလေးကို စာ ပေးပြီးလို့ ပါးရိုက်ခံရတဲ့နေ့မှာ ကျနော်နဲ့အတူ သူပါစပြီး အရက်သောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ဒါ့ကြောင့်လည်း စာမျက်နှာ (၈ဝ) ပါ ဗလာစာအုပ်အပြည့် ရေးထားတဲ့ ရည်းစားစာ စာပေါင်းချုပ် တစ်အုပ်ကို ကောင်မလေးရဲ့ ကျောင်းလွယ်အိတ်ထဲ ကျနော် ထဲ့ပေးလိုက်ပါတယ်။ အဲဒီနေ့ကစပြီး ကျနော် ကျောင်းမတက်ရဲတော့ဘူး။ ဒီလိုနဲ့ ကျောင်း ပျက်ရက် သုံးရက်မြောက်နေ့မှာ ကျောင်းအုပ်ဆရာကြီးရဲ့တိုင်စာ ကျနော့် မေမေ့လက်ထဲကို ရောက်တယ်။ မေမေက ကျနော့်လက်ကိုဆွဲပြီး ကျောင်းပြန်ပို့တယ်။ ကျောင်းအုပ်ကြီးရုံးခန်းထဲ စတင်ဝင်ရတဲ့အချိန်မှာ အရှင်လတ်လတ် မိုးကြိုးပစ် ခံရသလို ခံစားရတယ်။ ကျနော် ဒီကောင်မလေးကို စားပေးထားတဲ့အကြောင်း ကျောင်းအုပ်ကြီးက မေမေ့ကို ပြောမပြ တာဘဲ ကျေးဇူးတင်နေမိတယ်။ ဒီလိုနဲ့ စာသင်ခန်းထဲ ပြန်ဝင်ခဲ့ရတယ်။ အတန်းထဲဝင်ဝင်ချင်း ကျောင်းသားတွေရဲ့ အထင်သေးတဲ့မျက်လုံးတွေနဲ့အတူ သိပ်လှတဲ့ ကောင်မလေးရဲ့ ဒေါသ မျက်လုံးနီနီဝိုင်းဝိုင်းကြီးကို ကျနော် ဖျက်ကနဲရင် ဆိုင် လိုက်ရတယ်။ အရှည်လတ်လတ် ငရဲပြည်ကျသွားသလို ခံစားလိုက်ရတယ်။

အဲဒီနေ့ ညနေ ၃ နာရီမှာ ကျောင်းဆင်းတယ်။ ကျောင်းဝန်းထဲမှာ လူသူရှင်းတော့မှ အတန်းထဲကနေ ကျနော်နဲ့ စိန်ထွန်းရီ ထွက်ခဲ့တယ်။ ကျောင်းတံခါးဝမှာ မထင်မှတ်ဘဲ ဒေါသထွက်နေတဲ့ ကောင်မလေးနဲ့ ပက်ပင်းတိုးတယ်။ ခြေမကိုင်မိ လက် မကိုင်မိ ရင်ထဲမှာဖြတ်စီးတဲ့ အပူလှိုင်းတွေကကလည်း လူတောင် အရည်ပျော် ကျသွားပြီ ထင်ခဲ့မိတာ….။ ကျနော့်ကို သိပ် ခင်တဲ့ စိန်ထွန်းရီက ကျနော့်ကို အားပေးတယ်။ ယောက်ျားပဲ ရဲရဲရင်ဆိုင်လိုက်ဆိုပြီး ဒီကောင် သုတ်သုတ် သုတ်သုတ်နဲ့ ထွက်ပြေးသွားတယ်။

“မောင်မောင်ဌေး နင်ဘာအချိုးချိုးတာလဲ” ကောင်မလေးရဲ့ဒေါသသံ.. ကျနော် ဘာမှပြန်မပြောဘူး။ မျက်လုံးကို စုံမှိတ်ပြီး ပါးကိုပဲ မော့ပေးထားတယ်။

“နင်ကို ငါ ဘာမှမပြောချင်ဘူး။ နောက်နေ့ကစပြီး နင်ကျောင်းပြေးရဲ ပြေးကြည့် ငါနဲ့တွေ့မယ်.. ရော့ နင်ပေးထားတဲ့စာအုပ်” ဆိုပြီး ကျနော့်လက်ထဲကို စာအုပ်ထဲ့ပြီး ရပ်ထားတဲ့စက်ဘီးလေးပေါ် လှလှလေးတက်ပြီး ကျနော်နဲ့အဝေးဆုံးကို ထွက်သွား တယ်။ ကျနော့်လက်တွေတုန်နေတယ်။ ကျနော်သူ့ကို ပေးခဲ့တဲ့စာအုပ်လေးက ကျနော့်လက်ထဲမှာ။

ကျနော့်ကို သိပ်ချစ်တဲ့ သူငယ်ချင်းစိန်ထွန်းရီ ကျနော့်နား ပြန်ရောက်လာတယ်။ ကျနော့်လက်ထဲက စာအုပ်ကို သူလှမ်း ယူ ရင်း ကျနော့်ကို အားပေးစကားပြောတယ်။ တော်သေးတယ်..ပါးရိုက်မသွားလို့တဲ့။ ကျနော့်လက်ထဲက စာအုပ်ကို စိန်ထွန်း ရီ ယူလိုက်ချိန်မှာ စာအုပ်ကြားထဲက စာလေးတစောင် ထွက်ကျလာတယ်။ ကျနော်တို့ နှစ်ယောက် အဲဒီစာခေါက် လေးကို မြန်မြန်ကောက်ယူပြီး အတူဖတ်လိုက်မိတယ်။

“ကိုဌေး ကျောင်းမပြေးနဲ့..မတွေ့ရတဲ့ရက်တွေမှာ လွမ်းနေတယ် ..
လိမ်လိမ်မာမာနေနော်..
ချစ်တဲ့
ဒို့” တဲ့..။

အဲဒီနေ့မှာပဲ ကျနော်နဲ့ စိန်ထွန်းရီ အပျော်လွန်ပြီး အရက်စသောက်ဖြစ်ခဲ့ပါတယ်။

ကိုဂျေ

(ကိုဝဏ္ဏကိုလည်း သတိရ၊ ကျနော့် ဇာတ်လမ်းလေးလည်း ပျောက်သွားမှာစိုးလို့ ပြန်ရေးတာပါ။)
https://www.facebook.com/ko.jay.56?fref=nf


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts