မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

ဖိုးသံ (လူထု) – ကျွန်တော့်ဖခင် လူထုဦးလှ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ဖိုးသံ (လူထု) – ကျွန်တော့်ဖခင် လူထုဦးလှ

(လူထု ကြီးပွားရေး စာမျက်နှာမှ)၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၅

 

လူထုဦးလှ (၁၉၁၀-၁၉၈၂)၊ လူထုဒေါ်အမာ (၁၉၁၅-၂၀၀၈) မိသားစု

ကျွန်တော့်အဖေ မရှိတော့မှ ကျွန်တော့်အဖေရဲ့ တန်ဖိုးကို ပိုသိလာကြသူတွေ မနည်းဘူးလို့ ထင်ပါတယ်။  ဒီအထဲမှာ ကျွန်တော်လည်း ပါတယ်လို့ဆိုရင် ရမယ်လို့ ထင်ပါတယ်။  အခုပြန်တွေးလိုက်တော့ တကယ်လို့သာ အဖေ မရှိခဲ့ရင် လူထုသတင်းစာ၊ လူထုဂျာနယ်ဆိုတာ ရှိမှာမဟုတ်ဘူး (ကျွန်တော်မီသလောက်ကို ပြောတာပါ)။  ဒါဆိုရင် အထက်ဗမာပြည်က တိုးတက်သူတွေ၊ တိုးတက်တဲ့ စာပေသမားတွေနဲ့ သူတို့လှုပ်ရှားမှုတွေဟာ အခုလိုသမိုင်းမျိုး ကျန်ခဲ့ပါ့မလား စဉ်းစားစရာပါ။

အဖေရေးတာတွေဟာ ပျော့တယ်၊ မပြတ်သားဘူးလို့ ဆိုချင်တဲ့သူတွေ ရှိခဲ့ပါတယ်။  ဒါပေမဲ့ အခုပြန်ကြည့်လိုက်တော့ အထက် ဗမာနိုင်ငံ စာရေးဆရာအသင်း လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ စာပေသမားတွေ ရေးသားကြတာပဲဖြစ်ဖြစ်၊ ကာတွန်းဆရာတွေ၊ သဘင်ဝါဂီနစ်လောကသားတွေရောဟာ အဖေ့ကို စစ်ပွဲမှာ သံချပ်ကာကားကြီးလို ရှေ့တက်ခိုင်းပြီး အားလုံးဟာ သူ့အကာအကွယ်နဲ့ ရှေ့ကို တိုးခဲ့ကြရတာ ဖြစ်ပါတယ်။

တကယ်က အဖေဟာ နည်းပရိယာယ်နဲ့ မူပေါင်းစပ်ရာမှာ အင်မတန် ကျွမ်းကျင်ခဲ့တယ်လို့ ပြောရမှာပါ။  သူအဲဒီလို ပျော့ပျော့ပြောင်းပြောင်းရေးသား၊ ပြောဆိုလုပ်ကိုင်ခဲ့လို့ သူလိုရာ ရည်မှန်းချက်တွေ လုပ်နိုင်ခဲ့ပါတယ်။  အဲဒါကတော့ ဗမာပြည်မှာ ပြည်သူလူထုဘက်က ရပ်တည်တဲ့မူရှိတဲ့ သတင်းစာဂျာနယ် ထုတ်လုပ်ရေးလုပ်ငန်း တခုကို တည်ထောင်နိုင်ခဲ့ပါတယ်။  သူ့အတိုင်းအတာနဲ့သူ ပန်းပေါင်းတရာ ဖူးပွင့်စေခဲ့ပါတယ်။  နောက်ပြီး အထက်ဗမာနိုင်ငံက စာပေသမား အမြောက်အမြားကို မွေးထုတ်နိုင်ခဲ့ပါတယ်။  စတာ၊ စတာ တွေပါပဲ။

သာမန်လူတယောက်အနေနဲ့ ပြောရရင်တော့ အဖေဟာ အင်မတန် စည်းကမ်းရှိသူ၊ စာဖတ်ခြင်း အပါ အင်မတန် အလုပ်လုပ်နိုင်သူလို့ ပြောချင်ပါတယ်။  သူစည်းကမ်းရှိတယ်ဆိုရာမှာ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မနက်တိုင်း ဘုရားရှိခိုး၊ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်တာလို နေ့စဉ်နေထိုင်မှုဘဝ စည်းကမ်းရှိတာကိုတင် ပြောတာမဟုတ်ပါဘူး။  အပြောအဆို အရေးအသားမှာပါ စည်းကမ်းရှိတာဖြစ်ပါတယ်။  အဖေ အပြောမှားသွားလို့၊ အရေးမှားသွားလို့ ပြဿနာဖြစ်တယ်ဆိုတာ မရှိခဲ့ပါဘူး။  သူဟာ သူများကို ကူညီဖို့ပဲ စဉ်းစားတယ်၊ ဒုက္ခပေးသလို ဖြစ်မှာကို အင်မတန်သတိထား ရှောင်ရှားပါတယ်။

သူ့ကို ဖဆပလ ဆိုရှယ်လစ်တွေက ရန်ရှာ ဒုက္ခပေးတာဟာ အဲဒီလိုစည်းကမ်းကြီးတာကြောင့် ဩဇာနယ်ပယ်တခု တည်ထောင်နိုင်လို့ ဖြစ်ပါတယ်။  သူဟာ သားသမီးတွေကို မကောင်းတဲ့ စံနမူနာရယ်လို့ ဘယ်တော့မှ မပေးပါဘူး။  ပြည်သူလူထုအပေါ်ရော၊ ကျန်ရစ်သူမိသားစုကိုပါ အမွေကောင်းတွေ ချန်ထားခဲ့တဲ့ လူသားတဦးဆိုရင် မမှားဘူးလို့ ယုံပါတယ်။

ကျွန်တော်ကတော့ ကျွန်တော့်ကြောင့် သူ နောက်ဆုံးအကြိမ် ထောင်ထဲရောက်ခဲ့ရတာအပါ အခြား ဒုက္ခပေးမိတာတွေကိုပါ တွေးပြီး အဖေ့ကို အခုအခါမှာ ထိခြင်းငါးဖြာနဲ့ ကန်တော့နေမိပါတယ်။

ဖိုးသံ (လူထု) / ရဲဘော်ဖိုးသံချောင်း

(မှတ်ချက် – ဆရာကြီး လူထုဦးလှ (၁၉ ဇန်နဝါရီ၊ ၁၉၁၀ ဖွား – ၀၇ သြဂုတ်၊ ၁၉၈၂ ဆုံး) ၏ (၁၀၅) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အမှတ်တရ ဂုဏ်ပြု အဖြစ် လူထုကြီးပွားရေး လူမှုကွန်ရက် စာမျက်နှာတွင် တင်ထားသည့် ဆရာ ဖိုးသံ (လူထု) / ရဲဘော်ဖိုးသံချောင်း ၏ အမှတ်တရစာစုကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။  ဆရာ ဖိုးသံချောင်း နှင့် လူထု စာပေ မိသားစုကို မိုးမခ က ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုအပ်ပါသည်။)

မန္တလေး လူထု စာပေတိုက် Facebook စာမျက်နှာ “Ludu လူထုကြီးပွားရေး”- 

 

https://www.facebook.com/pages/Ludu-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8/139936746064890?fref=photo


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts