သတင်းဆောင်းပါး

ဇာဝါရီ – ထူးမြတ်သော မွေ့နေ့မင်္ဂလာ


 

ဇာဝါရီ – ထူးမြတ်သော မွေ့နေ့မင်္ဂလာ

(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၄

ဒီနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ရုံးတွေ၊ ကျောင်းတွေ ပိတ်ကြတယ်။ အလုပ်မသွားရတော့ ဒီဆောင်းပါးရေးနိုင်ခဲ့တယ်။ နှစ်စဉ် ဇန်နဝါရီလရဲ့  တတိယမြောက် တနင်္လာနေ့ကို ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အသားအရောင် ခွဲခြားဆက်ဆံရေးကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသားကင် ဂျူနီယား (Dr. Martin Luther King Jr.) ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အားလပ်ရက် (Federal holiday) အဖြစ် သတ်မှတ်ထားခဲ့တယ်။

 ဒေါက်တာကင်း မွေးနေ့ကို နိုင်ငံတော်အားလပ်ရက်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုပေးဖို့ကို ဒေါက်တာကင်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် (၁၀) နှစ်ကျော်ကြာမှ ၁၉၇၉ ခုနှစ်မှာ မစ်ရှီဂန်ပြည်နယ် (Michigan) အောက်လွှတ်တော်အမတ် ဂျွန် ကွန်ရားစ် (John Conyers) နဲ့ မန်ချက်ချူးဆက်ပြည်နယ် (Massachusetts) အထက်လွှတ်တော်အမတ် အက်ဝပ်ဒ် ဘရုက်ခ် (Edward Brooke) တို့က လွှတ်တော်မှာ အဆိုမူကြမ်း တင်သွင်းတောင်းဆိုခဲ့တယ် (၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်)။ 

ဒီအဆိုကို အောက်လွှတ်တော်မှာ ဆွေးနွေးမဲခွဲတဲ့အခါ ထောက်ခံမဲ (၅) မဲ အလိုနဲ့ ရှုံးနိမ့်ခဲ့တယ်။ ကန့်ကွက်ဆန့်ကျင်သူတွေက သာမန်အရပ်သားတစ်ဦးတစ်ယောက်ရဲ့  မွေးနေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ဂုဏ်ပြု မသင့်ကြောင်း။ ဒေါက်တာကင်းအနေနဲ့ နိုင်ငံတော် အစိုးရ ရာထူးအာဏာ တာဝန်ထမ်းဆောင်ခဲ့သူ မဟုတ်။ 

ဒေါက်တာကင်း မွေးနေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ဖို့ စတင်ဖြစ်လာတာက ဒေါက်တာ မာတင်လူသားကင်း ငြိမ်းချမ်းရေးစင်တာ (King Center) ကို သူ့မွေးဇာတိမြေ ဂျော့ဂျီးယားပြည်နယ် (Georgia) အက်လန်တာမြို့  (Atlanta) မှာ ၁၉၆၈ မှာ ဖွင့်လှစ်တည်ထောင်ပြီးနောက် အဲဒီမှာ နှစ်စဉ်ကျင်းပတဲ့ ဒေါက်တာကင်း မွေးနေ့ကနေစပြီး၊ ၁၉၈၀ ခုနှစ်မှာ ကမ္ဘာကျော် အဆိုတော် စတီဗန် ဝမ်ဒါ (Stevie Wonder) ရဲ့  ပျော်ရွှင်ဖွယ်မွေးနေ့ သီချင်းနဲ့ နိုင်ငံတဝှမ်း ဒေါက်တာကင်းကို ဂုဏ်ပြုတဲ့မွေးနေ့ပွဲတွေ ဖြစ်လာခဲ့တယ်။

 နောက်ပိုင်း ၁၉၈၁ ခုနှစ် ငြိမ်းချမ်းရေးကွန်ဖရန့်မှာ နိုင်ငံတော်က မွေးနေ့ပွဲအဖြစ် သတ်မှတ်ကျင်းပရေးအတွက် ပြည်သူတွေရဲ့  ထောက်ခံမဲ လက်မှတ်ပေါင်း (၆) သန်းကျော်ကောက်ယူပြီး လွှတ်တော်ကို တင်သွင်းတောင်းဆိုခဲ့တယ်။ လွှတ်တော်မှာ ငြင်းခုံဆွေးနွေးကြပြီး ၁၉၈၃ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့မှာ အင်ဒီးယားနားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကေတီ ဟော (Katie Hall) ရဲ့  အဆိုပြုတင်ပြချက်ကို သမ္မတ ရော်နယ် ရေဂင် (Ronald Reagan) က အတည်ပြု လက်မှတ်ရေးထိုးပေးပြီး နိုင်ငံတော်အားလပ်ရက်အဖြစ် ဒေါက်တာကင်း မွေးနေ့ကို ၁၉၈၆ မှာ စတင်ဂုဏ်ပြုခဲ့တယ်။ 

သမ္မတအိမ်ဖြူတော်မှာ ကျင်းပပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲကို ဒေါက်တာကင်းရဲ့  ဇနီး မစ္စကောရီတာ စကော့ကင်း (Coretta Scott King) တက်ရောက်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ လူပုဂ္ဂိုလ်မွေးနေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ဂုဏ်ပြုခံရသူ တခြားပုဂ္ဂိုလ်နှစ်ဦးမှာ အမေရိကန်ပြည်ထောင်စုရဲ့  ပထမဦးဆုံး သမ္မတ၊ လွတ်လပ်ရေး ဗိသုကာ၊ သမ္မတကြီး ဂျော့ခ်ျ ဝါရှင်တန် (George Washington) နဲ့ အမေရိကတိုက် နယ်မြေသစ်ကို ရှာဖွေတွေ့ရှိခဲ့သူ ခရစ်စတိုဖာ ကိုလံဘတ် (Christopher Columbus) တို့ ဖြစ်ကြတယ်။

ဒီနေရာ တချက်ထောက်ပြချင်တာက ၁၉၈၆ ခုနှစ်မှာ လူဦးရေ သန်း (၂၄၀) ရှိတဲ့ တိုင်းပြည်မှာ လူဦးရေ (၆) သန်းရဲ့  လက်မှတ်ကို နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်က အလေးအနက်ထား ဆွေးနွေးငြင်းခုံကြပြီး လုပ်သင့်လုပ်ထိုက်၊ ပြင်သင့်ပြုသင့်တာကို တရားနည်းလမ်းကျ လုပ်ဆောင်ခဲ့ကြတယ်။ လူဦးရေ သန်း (၅၀) ကျော်သာရှိတဲ့ မြန်မာနိုင်ငံမှာတော့ လူဦးရေ (၅) သန်းကျော် လက်မှတ်ကို ဒီမိုကရေစီအမည်ခံ ပြည်သူ့လွှတ်တော်ကြီးနဲ့ နိုင်ငံတော်အကြီးအကဲတွေက တချက်မကြည့်၊ ပြည်သူရဲ့ အသံကို ပျက်ရယ်ပြုနေခဲ့ကြတယ်။ လက်မှတ်ရေးထိုးရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသူတွေကလည်း အဖြေတခု အတိအကျရအောင် တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်ခြင်း မရှိတာကို တွေ့ရတယ်။

လွှတ်တော်အဆိုတင်သွင်းမှုကို အကြီးအကျယ် ကန့်ကွက်ခဲ့ကြတဲ့ အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ မြောက်ကယ်ရိုလိုင်နားပြည်နယ် (North Carolina) အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ ဂျက်စီ ဟမ်စ် (Jesse Helms) နဲ့ ဂျွန် ပေါ်တာ အိစ် (John Porter East) တို့က ဒေါက်တာကင်းလို ပုဂ္ဂိုလ်မျိုးကို ဂုဏ်ပြုစရာ မလိုကြောင်း။ ဘာဖြစ်လို့လဲဆိုတော့ ဗိယက်နမ် စစ်တွင်းကာလမှာ အမေရိကန်ရဲ့  စစ်ရေးတိုက်ခိုက်မှုတွေကို ဒေါက်တာကင်း က ဆန့်ကျင်ရှုတ်ချ ပြောဆိုခဲ့ကြောင်း၊ အဲဒီတုန်းက သူ့ရဲ့  လုပ်ရပ်တွေက ကွန်မြူနစ်ဆန်တဲ့ လုပ်ရပ်တွေ၊ ရန်သူအားပေး လုပ်ရပ်တွေဖြစ်ကြောင်း၊ မျိုးချစ်စိတ် မရှိသူဖြစ်ကြောင်း စတဲ့ စွပ်စွဲချက်တွေနဲ့ အဆိုမူကြမ်းကို ကန့်ကွက်ခဲ့တယ် (ဒေါက်တာကင်းရဲ့  “ဘာကြောင့် ဗိယက်နမ်စစ်ကို ကျနော် ဆန့်ကျင်ရလဲ (Why I Am Opposed to the War in Vietnam)” မိန့်ခွန်းကို အချိန်ပေးပြီး တင်ပြပေးသွားပါမယ်။

 

 မြန်မာနိုင်ငံမှာတော့ အတိုက်အခံခေါင်းဆောင်တွေက မြန်မာစစ်အစိုးရရဲ့  မရပ်မနား ဆင်နွှဲနေတဲ့ တရားမဲ့စစ်တွေအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်ပြောဆိုခြင်း၊ ရှုတ်ချခြင်း မရှိကြ)။ ဒီမိုကရက်တစ် အထက်လွှတ်တော်ခေါင်းဆောင်တဦးဖြစ်သူ နယူးရော့ခ်ပြည်နယ် (New York) ဆီနိတ်တာ ဒန်နီရယ် ပက်ထရစ် မိုနီဟန် (Daniel Patrick Moynihan) က ဂျက်စီ ဟမ် နဲ့ ဂျွန် ပေါ်တာ အိစ် တို့ တင်သွင်းလာတဲ့ စာမျက်နှာ (၃၀၀) ကျော် စွပ်စွဲချက်မှတ်တမ်းကို ညစ်ပတ်ပေရေ ဘာမှအသုံးမကျတဲ့ အရှုပ်ထုပ်ဆိုပြီး ဆီနိတ်ခန်းမ ကြမ်းပြင်ပေါ် ပစ်ချပြီး ဒေါနဲ့မောနဲ့ ဆီနိတ်ခန်းမထဲကနေ ထွက်သွားခဲ့တယ်။

အဲဒီလို အထက်လွှတ်တော်၊ အောက်လွှတ်တော်မှာ ပြင်းပြင်းထန်ထန် အကြေအလည် ဆွေးနွေးကြပြီးနောက် မဲခွဲဆုံးဖြတ်ရာ ၃၃၈-၉၀ ထောက်ခံ-ကန့်ကွက်မဲနဲ့ ဆုံးဖြတ်ချက်ကြပြီး သမ္မတ ရော်နယ် ရေဂင် က အတည်ပြုလက်မှတ်ထိုးခဲ့တယ်။ အစောပိုင်းမှာ သမ္မတရေဂင် ကိုယ်တိုင် ဒေါက်တာကင်း မွေးနေ့ကို နိုင်ငံတော်အားလပ်ရက် ဖယ်ဒရယ်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ရင် အစိုးရဝန်ထမ်းတွေကို လစာပေးခွင့်ရက်အဖြစ် ပေးရတာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေကို ထိခိုက်နိုင်ကြောင်း အကြောင်းပြချက်နဲ့ ကန့်ကွက်ခဲ့တယ်။

 

၁၉၈၆ ခုနှစ်ကနေ နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့ပေမယ့် တချို့ ပြည်နယ်တွေက ချက်ချင်းလိုက်နာ ကျင်းပခဲ့ခြင်း မရှိခဲ့။ တောင်ကယ်ရိုလိုင်နားပြည်နယ်က သက္ကရာဇ် ၂၀၀၀ မှ ဒေါက်တာကင်း မွေးနေ့ကို တရားဝင်အတည်ပြု စတင်ကျင်းပခဲ့တယ်။

 

 နောက်ပိုင်း မာတင်လူသားကင်း မွေးနေ့ကို ပြည်သူ့ စေတနာဝန်ထမ်းနေ့ (Day of Service – a day of citizen action volunteer service) လို့ သတ်မှတ်ဂုဏ်ပြုဖို့ ပန်စီဗီနီးယားပြည်နယ် (Pennsylvania) အထက်လွှတ်တော်အမတ် ဟာရစ် ဝုဖ်ဖို့ဒ် (Harris Wofford) နဲ့ ဂျော်ဂျီရားပြည်နယ် (Georgia) အောက်လွှတ်တော်အမတ် ဂျွန် လူဝစ် (John Lewis) တို့ တင်သွင်းခဲ့တဲ့ အဆိုမူကြမ်းကို သမ္မတ ဘေးလ် ကလင်တန် (Bill Clinton) က အတည်ပြု လက်မှတ်ရေးထိုးခဲ့တယ်။

 

 အဲဒီအချိန်ကတည်းက ဒေါက်တာ မာတင် လူသားကင်း မွေးနေ့မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ စေတနာဝန်ထမ်းစင်တာတွေ နဲ့ စေတနာဝန်ထမ်းတွေ၊ ပြည်သူတွေက လုပ်အားပေး၊ အလှုအတန်းများ လုပ်ဆောင်ပြီး ဂုဏ်ပြုလုပ်ဆောင်ကြတယ်။ နိုင်ငံတော်သမ္မတနဲ့ မိသားစုတို့လည်း ဝါရှင်တန်ဒီစီမှာရှိတဲ့ အိုးမဲ့အိမ်မဲ့များ စောင့်ရှောက်ရေးဂေဟာတွေ သွားပြီးတော့ မရှိဆင်းရဲသားများအတွက် အစားအသောက်များ ကျွေးမွေးခြင်း၊ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်တာတွေကို တက်တက်ကြွကြွ လုပ်ဆောင်ကြတယ်။

 

မြန်မာနိုင်ငံမှာလည်း မကြာခင် ကျရောက်တော့မယ့် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ မွေးနေ့မှာ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် ရုပ်ရှင်ကြီး ဖြစ်မြောက်ရေး ကြိုးပမ်းနေမှုနဲ့အတူ မြန်မာနိုင်ငံအတွင်းမှာ လိုအပ်နေတဲ့ မရှိဆင်းရဲသားများအတွက် အလှုအတန်းများ၊ ကူညီလုပ်ဆောင်မှုများကို လူငယ်လူကြီး၊ ပြည်သူပြည်သား၊ ရဟန်းရှင်များ၊ နိုင်ငံတော်အကြီးအကဲများ အတူလက်တွဲ လုပ်ဆောင်နိုင်ကြပါစေ။ 

ဒေါက်တာမာတင် လူသားကင်းအကြောင်းကို မိုးမခမှာ ၂၀၁၂ တုန်းက “ဂုဏ်ပြုထိုက်သူ လူသားတဦး” ခေါင်းစဉ်နဲ့ ရေးခဲ့တယ်။ ဒီနေရမှာ ပြန်ဖတ်နိုင်တယ် – http://moemaka.com/archives/20455.

 

Source: http://www.thekingcenter.org, http://www.nationalservice.gov/mlkday2015 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts