ကဗျာ

ထွန်းဝေမြင့် – မျှော်တလင့်လင့်

ထွန်းဝေမြင့် – မျှော်တလင့်လင့်
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

•    လက်လှုပ်မှ၊ ခြေလှုပ်မှ
ပါးစပ်လှုပ်ရတဲ့ အောက်ခြေကလူတွေ
ကျွန်တော်တို့ လူမျိုးတွေဟာ
လုပ်စရာရှိတာလည်း လုပ်ကြရပါတယ်။
စောင့်စရာ မျှော်စရာ ရှိတာလည်း
တစ်နေ့ကောင်းနိုး၊ တစ်နေ့ကောင်းနိုးနဲ့
မျှော်လင့်စောင့်စားခဲ့ကြရပါတယ်။

•    အောက်ခြေက လူတွေဟာ
မနက်မိုးလင်းတာနဲ့
ရေအလာကို စောင့်ရတယ်၊ မီးအလာကို စောင့်ရတယ်၊
ဘတ်စ်ကားအလာကို စောင့်ရတယ်၊
မီးရထားအလာကို စောင့်ရတယ်၊ ဆက်ပြီး
အခြေခံဥပဒေကို စောင့်စားကြရပါတယ်။
အရာရာကို လည်တံရှည်ရှည် စောင့်ကြရတာ
အောက်ခြေလူတန်းစားရဲ့ ရုပ်ပုံလွှာ
ကျွန်တော်တို့ တိုင်းပြည်ရဲ့ ရုပ်ပုံလွှာပေါ့။

•    နိုင်ငံခြားမှာ ကျွန်သွားခံတဲ့သား
အိမ်ပြန်အလာကို စောင့်နေရှာတဲ့ အဖွားအိုဟာ
လစဉ် လစဉ် ထီထိုးပြီး မျှော်လင့်ရှာတယ်။
ငါမသေခင်လေး၊ ထီဆုကြီးများပေါက်ခဲ့ရင်
ဒီသား၊ ဒီသမီးတွေနဲ့ ရင်အုပ်မကွာ
နေသွားချင်ပါသတဲ့။
အဖွားအိုဟာ၊ နေ့စဉ်…..နေ့စဉ်
အိမ်ကပြင်မှာ ငေးမျှော်နေလေရဲ့ ။
လည်ပင်း တရှည်ရှည်နဲ့။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts