သတင်းဆောင်းပါး

နေ၀န်းနီ(မန္တလေး) မန်းနာရီစင်​ကြီး အချိန်​မှန်​ပါပြီ

နေ၀န်းနီ(မန္တလေး) မန်းနာရီစင်​ကြီး အချိန်​မှန်​ပါပြီ
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၅

မန္တ​လေး ​ဈေးချိုနာရီစင်​ကြီးဟာ ​ဈေးချို​တော်​ကြီးနဲ့အတူတူ ​ဆောက်​လုပ်​ခဲ့တာမဟုတ်​ပါ။ ဈေးချို​တော်​ကြီးကို​ မြန်​မာ့သက္ကရာဇ်​ ၁၂၆၅ ခုနှစ်​ ၊ အင်္ဂလိပ်​သက္ကရာဇ်​ ၁၉၀၃ ခုနှစ်​မှာ​ဆောက်​လုပ်​ခဲ့ပါတယ်​။ ​ဈေးချို​တော်​ကြီးကို “အုတ်​ကာသွပ်​မိုး” ဆိုပြီး မှတ်​မှတ်​ရရ သ​ကေ​​င်္တပြုထားပါတယ်​။ သို့​ပေမယ့်​ မန္တ​လေးလို့​ပြောလိုက်​ရင်​ တချို့က ​ဈေးချို​တော်​ကြီးနှင့်​ နာရီစင်​ကိုတွဲ၍​ပြေးမြင်​ကြပါတယ်။ တချို့က​တော့ နန်း​တော်​ကြီးနဲ့ကျုံးမြို့ရိုး ၊ တချို့က​ မန္တ​လေး​တောင်​နှင့်​ ​မြွေကြီးနှစ်​​ကောင်​ ၊ တချို့က​တော့ အတုမရှိ​ကျောင်း၊ ​ရွှေ​ကျောင်းကြီး၊ ကုသိုလ်​​တော်​ စသည်​ဖြင့်​ တွဲ၍ မြင်​ကြ​​ပြောကြပါတယ်။

ဈေးချိုနာရီစင်​ကြီးမှာ (၁၈) နှစ်​သမီးကတည်းက ဘုရင်​မဖြစ်​လာတဲ့ အင်္ဂလန်​ဘုရင်​မကြီး ဝိတိုရိယ နန်းသက်​နှစ် (၆၀) ​မြောက်​ စိန်​ရတုသဘင်​ အထိမ်းအမှတ်​ ​အေဒီ ၁၉၀၉ မှာ ​တည်​​ဆောက်​ခဲ့ပါတယ်။ အသက်​ ၈၂ မှာ​တော့ ဘုရင်​မကြီးနတ်​ရွာစံသွားပါတယ်​။ အဲဒီ​ခေတ်​တုန်းက နာရီကိုင်​​ဆောင်​နိုင်​တဲ့သူက အလွန်​ရှားပါး​တော့ နာရီစင်​ကြီးဟာ ​ရွှေအမျှ အလွန်​အဖိုးထိုက်​တန်​လှပါတယ်​။ ဒီနာရီစင်​ကြီးကို မြူနီစပယ်​ကရပ်​မသွားရ​အောင် ၊ မပျက်​​အောင်​ ထိန်းသိမ်း​စောင့်​​ရှောက်​ ဂရုစိုက်​ပါတယ်​။ ဒုတိယကမ္ဘာစစ်​အတွင်း စစ်​​ဘေးဒဏ်​မခံခဲ့ရဘဲ မူရင်းအတိုင်းကြွင်းကျန်​ရစ်​​တဲ့ မူလလက်​​ဟောင်​နာရီစင်​ကြီးပါ။

ထိုမူလလက်​​ဟောင်း မန္တ​လေးမြို့ရဲ့ကျက်​သ​ရေ​ဆောင်​ ​ဈေးချိုနာရီစင်​ကြီးမှနာရီကို အသစ်​ လဲ​​လိုက်​ပါတယ်​။ မူလ အင်္ဂလန်​နာရီကြီးကို​တော့ ၁၉၈၅ခုနှစ်​မှာ  SEIKO (ဂျပန်​) နာရီကြီးဖြင့်​ လဲတတ်ခဲ့ပါတယ်​။ ထိုဂျပန်​ SEIKO နာရီကြီးကို သက်​တမ်းအားဖြင့်​ ၂၉ နှစ်​ကြာသုံးစွဲခဲ့ပြီး ​နောက်​ပိုင်းနှစ်​များမှာ သဘာ​ဘေးဒဏ်​​၊ ခို ငှက်​များ​ စတဲ့အကြောင်းတွေကြောင့်၎င်း သက်​တမ်းအရ​သော်၎င်း ချို့ယွင်းလာပါတော့တယ်။ ဒါကြောင့် နာရီတလုံးနဲ့ တလုံး အပြိုင်အဆိုင်တွေ ဖြစ်လာကြပါတယ်။ အ​ရှေ့ဘက်​နာရီက ၆ နာရီဆိုရင်​ အ​နောက်​ဘက်​နာရီက ၇ နာရီမတ်​တင်း၊ ​တောင်​ဘက်​နာရီက ၈ နာရီ ၁၅ မိနစ်၊​ ​မြောက်​ဘက်​နာရီက ၉ နာရီမတ်​တင်း စတဲ့ ကိုယ်ပိုင်စံတော်ချိန်တွေ ဖြစ်ကုန်လာကြလို့ M.C.D.C (မန်းစည်​ပင်​) က နာရီအသစ်​လဲဖို့အတွက်​ ၂၀၁၄ နိုဝင်​ဘာလတွင်​ စီစဉ်​ခဲ့ပြီး ဒီဇင်​ဘာလအလယ်​မှာ​ ဆောင်​ရွက်​ပြီးစီးခဲ့ပါတယ်​။

နာရီအချင်းမှာ ၃ ​ပေရှိသဖြင့်​ ပြင်​ပ​ဈေးကွက်​မှာ ထိုနာရီမျိုးကို ဝယ်​ယူမရပါ။ ဒါကြောင့် ပြည်​တွင်း Electronic ပညာရှင်​ဦးရဲဝင်းက နိုင်​ငံခြားက လိုအပ်​သည့်​ပစ္စည်းများဝယ်​ယူခဲ့ပြီးနောက်၊ နာရီအသစ်​အတွက် နာရီစက်​ကိရိယာအပိုင်းများ ၊ လျှပ်​စစ်​ပိုင်းဆိုင်​ရာများ ၊ အသံပိုင်းဆိုင်​ရာတို့နဲ့ သီးခြားဒီဇိုင်းနာရီအသစ်​ကို ထုတ်​လုပ်​တပ်​ဆင်​ခဲ့ပါတယ်။ ထိုနာရီအသစ်​တွင်​ Battery Back Up System ပါဝင်​မှု​ကြောင့်​ မီးပျက်​လျှင်​လည်း နာရီမှာရပ်​မ​နေဘဲ ဆက်​လက်​လည်​ပတ်​နိုင်​​ပါမယ်​။ ယခုနာရီအသစ်​မှာ နာရီထိုး​မောင်းစနစ်​ကိုအသုံးပြုထားသဖြင့်​ တစ်​နာရီတစ်​ကြိမ်​ ထိုး​မောင်းစနစ်​ဖြင့်​ အသံမြည်​​နေပါမယ်​။ သို့​သော်​ ည ၁၀ နာရီ မှ နံနက်​ ၄ နာရီအတွင်း အများပြည်​သူ အ​နှောက်​အယှက်​မဖြစ်​​စေရန်​အတွက်​နာရီထိုး​မောင်းစနစ်​ကို အလိုအ​လျှောက်​ပိတ်​ထားမယ်လို့ သိရပါတယ်။

ကျုံးမြို့ရိုးကြီးနဲ့ မန္တ​လေး၊ ဦးပိန်​ရဲ့ ရင်​ခွင်​ကို ခိုလှုံ​နေတဲ့ မန္တ​လေး၊ ထိုးမုန့်​​တွေ ​ပေါက်​စီဖြစ်​ကုန်​တဲ့ မန္တလေး၊ စက်​ဘီး​တွေ ​မော်​တာတပ်​ခံလိုက်​ရတဲ့ မန္တ​လေး၊ အ​မော​ပြေ​သောက်​စရာ လမ်း​ဘေး​ရေချမ်းအိုးစင်လေး​တွေ ​ပျောက်​ကုန်​တဲ့ မန္တ​လေး… မန္တ​လေး…. မန္တ​လေး… မန္တ​လေး ၊ ဟုတ်​ပါတယ်​ … အခုဆိုရင်​ နာရီစင်​ကြီး​အောက်​မှာ အချိန်​မမှန်​ဖြစ်​​နေတဲ့မန္တ​လေး အချိန်​မှန်​သွားပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts