ကဗ်ာ တင္မုိး

တင္မိုး – ေ တ ာ င် ကု န်း ထ က် က အ လံေ တာ်

တင်မိုး –ေ တာ င် ကု န်း ထ က် က အ လံေ တာ်

ဇန်န၀ါရီ ၁၅၊ ၂၀၁၅

ငါ့တူရူတွင်၊
လူလူလွင့်လွင့်၊ ကောင်းကင်မြင့်၌
လေနှင့်ကစား၊ ရဲရဲကြွားလျှက်
မြသား မြစက်၊ တောင်ကုန်းထက်မှ
လွင့်လျှက်နေသော အလံတိုင်။

လွင့်လွင့် လွင့်လွင့်၊ သွေးနှိုးပင့်သို့
ရဲရင့်အလံ၊ မြင်ရပြန်သော်
ဂျပန်ခေတ်ကတိုက်ပွဲကျသည့်
ညောင်လှရွာသား၊ ဖိုးတက်ပြား၏
စကားတို့ကို ကြားယောင်မိ…။

“လွတ်လပ်သောအခါ၊ ငါတို့ရွာက
အေးသာပိန်မ ပါပါမှ”။

တို့နယ်တနယ်၊ တို့လယ်တတော
သည်တကြောမှာ
ပေါပေ့ပိန်မ၊ ပေါပါ့ အေးသာ
တို့တရွာလုံး
အေးသာ ပိန်မ လူတန်းစား။

ကိုယ်ပိုင်လယ်ယာဘယ်မှာမရှိ။
ကိုယ်ပိုင် ထွန်ထယ်၊ တကယ်မရှိ။
ကိုယ်ပိုင် ပိုင်လှည်းနွား၊ လားလားမရှိ။
မလှ မပ၊ မဝ တဝ
ဒုက္ခစုပေါင်း၊ အထောင်းခံရ
ခေါင်းကွဲရတိုင်း …
ပိန်မ အေးသာ တို့ချည်းသာ။

နယ်ချဲ့သမား၊ ဖက်ဆစ်များကို
ဓါးနှင့်တော်လှန်၊ လှံနှင့်လည်းထိုး
ခါးချိုးသူမှာ၊ ဘယ်သူပါလဲ
အေးသာ ပိန်မ တို့တတွေ။

တံစဉ် ကောက်ဆွ၊ ဓါးမ တူရွင်း၊
ချင်းချင်းတောက်မျှ၊ ကိုင်ဆောင်ကြလျှက်
အဖနိုင်ငံ ၊ တို့နိုင်ငံအတွက်
ခုခံစစ်ပွဲ၊ တော်လှန်ပွဲကို
ဆင်နွဲကြရာ၊ ဘယ်သူပါလဲ
အေးသာ ပိန်မ တို့တတွေ။

အေးသာ ပိန်မ၊ အစပြုကာ
တရွာလုံးလုံး၊ တပြည်လုံးလုံး
ကျွန်ထုံးကွန်ချာ၊ လွတ်လပ်ပါမှ
မြန်မာပြည်သူ့ လွတ်လပ်ရေး။

လွတ်လပ်ပါလျှင်
အေးသာပိန်မ ၊ သတိရ၍
ငါအားအမျှ ပေးဝေငှ တဲ့
ညောင်လှရွာသား၊ ဖိုးတက်ပြားက
ငါ့အား မှာကြားခဲ့ရှာသည်။

ယခုအခါ ၊ တို့ရွာတောင်ကုန်း
တောင်ကတုံးတွင်
နှင်းဖုံးမြူကြား၊ ဝိုးတဝါးနှင့်
လှုပ်ရှားနေသော အလံတော်။

အလံလွင့်လွင့်၊ မြင်သဖြင့်လျှင်
ခွန်းဆင့်ကာသာ၊ မေးလိုပါ၏…
“ လွတ်လပ်သောအခါ၊ ငါတို့ရွာက
အေးသာပိန်မ ပါပါစ” ။ ။

တင်မိုး

(ပန်းချီ သန်းဌေးမောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts