အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၃)
“အမ်အိုင် နဲ့ အက်စ်ဘီတို့ရဲ့  လှန့်လုံး”
(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၅
ရန်ကုန်က ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျနော်နဲ့ အခြားကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအေးသန်းကို ပြည်မြို့  စစ်ထောက်လှမ်းရေးက လာတွေဖို့ လူကြုံနဲ့ တဆင့် ဆင့်ဆိုထားကြောင်း သိရပါတယ်။ကျနော်တို့ကိုလာဖို့ ခေါ်ထားတဲ့ ပြည်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး (ခ၀တ)ရုံးကို ရောက်တော့ အင်းမက သဲကုန်းကိုယ်စားလှယ် ဦးအေးကိုလည်း တွေ့ရတယ်..။အဲဒီရုံးကရုံးအဖွဲ့ မှူးဆီမှာ ရောက်ကြောင်း အသိပေးပြီး စောင့်နေတုန်း ၊ရဲသတင်းတပ်ဖွဲ့ မှူး(အက်စ်ဘီ)က ရောက်လာပြီး အခန်းတခန်းမှာ ဧည့်ခံပါတယ်..။
နေ့လည်စာစားချိန်အထိ ဘာမှမလုပ်ရသေးလို့ ကျနော်တို့ နေ့လည်စာထွက်စားတယ်..။ ပြန်လာပြီး နေ့လည်တစ်နာရီလောက်ကျတော့ အက်စ်ဘီကပြောပါတယ်..။အမ်အိုင်က ခုထိမလာသေးဘူး..။ သူတို့ တယ်လီဖုန်းဆက်တော့ မနက်ဖန်ကို ရွှေ့ ချိန်းတယ်..။ဒါ့ကြောင့် သူတို့ရုံးမှာလိုက်ပြီးနားနေပါလို့ ပြောပါတယ်..။
ဒီတော့ ကျနော်က..
“ဘယ်မှာ ခင်ဗျားတို့ ရုံးလိုက်နားနေမလဲဗျ..။ပြန်မှာပေါ့..။မနက်ဖန်ခါမှ တခါထပ်လာမှာပေါ့” လို့ ပြန်ပြောပါတယ်..။ ဦးတို့.ဒုက္ခများနေမှာစိုးလို့ပါ..တဲ့ ။
“ဒုက္ခမများပါဘူး..ဗျာ။ဒီမှာ ..ခင်ဗျားတို့ဆီ တညအိပ်လိုက်ရင်သာ အိမ်ကလူတွေနဲ့ ၊မြို့ ကလူတွေ အလကား စိတ်ပူနေကြမှာပေါ့” လို့ ပြောလိုက်တော့မှ ရီပြီး ပြန်လွှတ်ပါတယ်..။
နောက်တနေ့ သွားပြန်တော့ ဆယ်နာရီလောက်မှာ ရဲဂျစ်ကားတစီး ၊ဟိုင်းလတ်အငှားကားတစီးနဲ့  ကျနော်တို့ကို ခေါ်ပါတယ်.။ဒီတော့ အင်းမဦးအေးက ကားတွေဘာတွေနဲ့ ဆိုရင်တော့ ..ဒါ..ဖမ်းတာပဲဗျ”လို့ ပြောပါတယ်..။ကျနော်က အပေါ့သွားချင်လို့ အပြင်ခဏထွက်မယ်ဆိုပြီး မြစ်ကမ်းပါးဘက်က အိမ်သာဆီကို သွားပါတယ်..။ ဦးအေးလည်း လိုက်လာပါတယ်..။ဒီ့ပြင် ဘယ်သူမှ မလိုက်ပါ..။
“ဒါ..ဖမ်းတာမဟုတ်ဘူးဗျ..”လို့ ကျနော်က ပြောတော့…ဦးအေးက ရီနေပါတယ်..။ဆရာကြီးက ပါးသားပဲဗျ..လို့လဲ ပြောတယ်..။ နောက်တော့…မင်းကြီးတောင်ပေါ်က ထောက်လှမ်းရေးရုံးကို ခေါ်သွားပါတယ်..။ကရင်လိုလို အသားခပ်ဖြူဖြူနဲ့  ဗိုလ်ကြီး အခေါ်ခံတဲ့သူတယောက်နဲ့  တွေ့ ပါတယ်..။
လျှောက်လွှာစာရွက် တစ်ထပ်ကြီး ထိုးပေးပြီး ကိုယ်ရေးရာဇ၀င်ရေးခိုင်းတယ်..။ ဒါပါဘဲ..။ ဒါကို..တမင်စိတ်ဓါတ်ရေးရာ စစ်ဆင်သလိုလို ဖမ်းတော့မလိုလို လုပ်တာပါ..။ ဒါနဲ့ ကျနော်က ..ကျနော်တို့ ပေါင်းတည်ရုံးကိုရှာတုန်းက သိမ်းသွားတဲ့  ဗီဒီယိုခွေနဲ့ ကက်ဆက်ခွေတွေကို ပြန်ပေးဖို့ ပြောတော့ ၊သူက သက်သေခံပစ္စည်းပါတဲ့..။
နေပါဦး..သက်သေခံ ပစ္စည်းဖြစ်ရအောင် ဘယ်သူ့ကို ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားသလဲ..။ဘယ်ရဲအရာရှိကိုင်သလဲ..လို့ မေးတော့..။ဗိုလ်ကြီးဆိုသူက ရီပြီး “ဆရာကြီးရဲ့  ကျနော်တို့ အထက်ကို ပို့ထားတာပါ”လို့ ပြင်ပြောပြန်ပါတယ်..။
ကျနော်ကလည်း ဒီအခွေတွေကို ဒီလောက်ပြန်လိုချင်လို့ ပြောနေတာ မဟုတ်ပါ..။သူတို့ ခြောက်တိုင်း မကြောက်ဘူးဆိုတဲ့  သဘောပြရုံသက်သက်ပါ..။ ။