သူတို့အာဘော်

ဖိုးစီ (ရုံးတော) – ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား

 
ဖိုးစီ (ရုံးတော) – ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၅
 
မကွေး အရှေ့ဘက် ဆားတိုင်ကန်ရွာက ရေတွင်းကျောင်း ဆရာတော်ကြီး ဦးပညာဒီပ ဆိုတာ ထင်ပေါ်ကျော်ကြားခြင်း မရှိလှပေမဲ့ ကျမ်းတတ် သီလ၀န္တ ပုဂ္ဂိုလ်ကြီးပါ။  ကျနော့်အဖေနဲ့ ဦးရီးတော် လက်ရှိ ရွာကျောင်းဘုန်းကြီးတို့ရဲ့ ကံ့ကူလက်လှည့် ငယ်ဆရာလည်း ဖြစ်တယ်။
ကျနော်ကိုယ်တိုင် သူ ပျံလွန်တော်မမူခင် တနှစ်က သူ့ဆီမှာ စာဝါဒူးတုပ် တက်ခဲ့ရဖူးတော့ သူ့ရဲ့ပညာမြင်းမိုရ်ကို ကြည်ညိုခွင့်ရခဲ့ဖူးတယ်။  ဆရာတော်ကြီးက အိပ်ရာထိုင်ခင်းမထား အထပ်သား ကုတင်ကြမ်းပေါ်မှာ ကျမ်းစာတွေ ခေါင်းဘေးချ အိပ်ပါတယ်။  (၂၄) နာရီ သူ့အာရုံ၊ သူ့ကာယကံမှု၊ ၀စီကံမှုတွေမှာ ပညာ့ အကြောင်းကနေ ပမာဒ လေခပြီး ချွတ်ချော်ပြောဆိုတယ်လို့ တရံတဆစ်မှ မကြုံခဲ့ရဖူးပါဘူး။
အကျင့်သိက္ခာ ပညာပြည့်တော့ တပည့်သားမြေး ဆုံးမရာမှာတော့ အင်မတန် ရဲရင့်ပါတယ်။  စကားကိုလည်း တသက်စာ အဆုံး ဆိုတော်မူလေ့ရှိတယ်။  ကျနော့်ရွာကိုလာစဉ် အကြောင်းတခုကြောင့် နှလုံးထိခိုက်စရာ အဖြစ်တခုကြုံရအပြီး အဖေ့ကို “သောင်းလှိုင်၊ မင့်ရွာ ဒီတသက် ငါမလာတော့ဘူး” လို့ မိန့်ပြီးကတည်းက ဘယ်လိုမှ နောက်တကြိမ် ပြန်ပင့်လို့ မရဖူးခဲ့တော့ပါ။
(၁၃၅၀) လောက် ငယ်ငယ်ကိုရင်ဘ၀က ရွာမှာ ကျနော့်ဦးလေး ဘုန်းကြီးဟာ စာသင်စာချ တရားဟော အင်မတန်တက်ကြွတုန်း အရွယ် တနှစ်တနှစ် ဖြစ်လိုက်တဲ့ မောင်ရှင်တွေ၊ တက်လိုက်တဲ့ ပဇင်းတွေ ဆိုတာ အရေအတွက် မနည်းပါဘူး။  သူ့တပည့်တွေထဲကပဲ စာချတန်းအောင်တွေ ထွက်လာတော့ ဂုဏ်ပြုပွဲလုပ်ပြီး သူ့ငယ်ဆရာ ကိုပင့် အောင်မြင်မှုတွေပြ ကြွားတာပေါ့လေ။  ဦးပညာဒီပ ဟာ ရဟန်းခံပွဲ  (၂) ခုလောက် ဆက်တိုက်ကြုံ အပြီးမှာတော့ သူ့တပည့် အနားခေါ်ပြီး ဆုံးမပါသတဲ့။
“သုမန၊ မင့် သာသနာ ၀မ်းယောင်နေတယ်၊ မကြာခင် ၀မ်းလျှောတော့မယ်…။”
သူဒီလိုဆုံးမစဉ်က အဖေအပါအ၀င် ရွာကလူကြီးတွေ ရှိနေခဲ့ကြပေမဲ့ ပညာရှိစကားကို ဘာသာမပြန်တတ်ခဲ့ကြလေဘူး။   (၂) နှစ်လောက်အကြာကစပြီး ရွာကျောင်းထွက် စာတတ်ပေတတ် အပြောအဟောကောင်း ရဟန်းပျိုလေးတွေ အဝေးရောက် ပျက်စီးစပြု၊ လာဘ်လာဘနဲ့ မာတုဂါမ နှိပ်စက်ကာ သာသနာလျှောလေတော့မှ ကျနော့် ရွာဘုန်းကြီးလည်း ဆရာ့ ဗျာဒိတ်စကားကို အလန့်တကြား အရေးတယူလုပ်ကာ တပည့်တွေကို စိစစ်ပြီး မွေးထုတ်ပါတော့တယ်။
မနှစ်က နိုဝင်ဘာမှာ ရွာပြန်တော့ရင် ကျနော်တို့ သာသနာ အတွင်းမှာ တခုသော ပြောင်းလဲခြင်းကြီးကို မြင်ခဲ့ရပါတယ်။  အဲဒါကတော့ နိုင်ငံ တနံတလျားမှာ ပွင့်ထွန်းတည်ထောင်နေကြတဲ့ (သောင်းဂဏန်းမျှ ရှိတဲ့) “ဘကကျောင်း” ပညာရေး စနစ်ပါပဲ။  နိုင်ငံပွင့်လင်းလာခြင်းနဲ့အတူ အနောက်က အကူအညီ၊ NGO တွေ သွတ်သွင်းလာတဲ့ မိဘမဲ့ကလေးတွေ စောင့်ရှောက်ခြင်း အစီအစဉ်တွေမှာ ရပ်ရွာအပေါ် သြဇာ ရှိတဲ့ စာတတ်ပေတတ် ဦးပဇင်းလေးတွေက အားတက်သရော ပါဝင်လာကြပါတယ်။  သီရိလင်္ကာ သာသနာနဲ့ အနောက်ပညာရေးစနစ်ကို တီးမိခေါက်မိလာတဲ့ ကမ္ဘာ့ကြည့်ကြည့်မြင်လာတဲ့ ရဟန်းပျိုတွေရဲ့ “ဆန်းဒေးဓမ္မစကူးလ်” အစီအစဉ်တွေဟာလည်း နေရာအနှံ့မှာ ပေါ်ထွန်းနေတာ မြင်ခဲ့ရတယ်။
ကောင်းပါတယ်။  အင်မတန် ဆင်းရဲပြီး အခြေခံပညာ အဆင့် သေစာရှင်စာကိုတောင် တတ်မြောက်ဖို့ မလွယ်လှတဲ့ လမ်းဘေးနဲ့ လယ်ထဲယာထဲက ဂျီးအထပ်ထပ်နဲ့ ကလေးတွေဟာ ဘက ကျောင်းတွေ ၊ မိဘမဲ့ကလေးကျောင်းတွေ ကျေးဇူးတော်နဲ့ နေစရာ စားစရာ အမိုးအကာ အသင့်၊ သပ်ရပ် ဖြူစင်တဲ့ ကျောင်းဝတ်စုံလေးတွေနဲ့ ပညာ့ရင်နို့ သောက်စို့ ခွင့် ရလာတာ မြင်ရတာဟာ သူတို့လေးတွေ အတွက်ကော၊ နိုင်ငံ အနာဂတ်အတွက်ပါ ကြည်နူးစရာ အားတက်ဖွယ် မြင်ကွင်းတွေပါပဲ။
သို့သော် ဒါကို ဖော်ဆောင်နေတဲ့ သာသနာ့ ၀န်ထမ်း ရှင်ရဟန်းတွေ၊ သီလရှင်ဆရာလေး တွေ ကြားမှာတော့ ဗုဒ္ဓ သာသနာ့ စည်းတွေနဲ့ လူမှုဘ၀ပတ်ဝန်းကျင် လုပ်နည်းလေးတွေ ရောထွေးလာလေတော့ လူမြင်ကွင်းမှာ မလျော်ဘူး ထင်ရတာတွေ စတင် မြင်လာရပါပြီ။  အင်တာနက် ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ဦးပဇင်းပျို တပါး ကလေးတွေ ခါးထစ်ခွင်ချီပြီး နို့ဘူး တိုက်နေတာ၊ သီလရင်လေးတွေ သနပ်ခါးသွေးပြီး ကလေးတွေကို လိမ်းပေးနေတာ မြင်နေရရင်လည်း မအံ့သြပါနဲ့တော့…။
ကျနော်ဟာ ရွာရောက်စဉ်မှာ အသက် (၈၀) တန်းဝင်နေပြီဖြစ်တဲ့ ဦးလေးဘုန်းကြီးနဲ့ ဒီနေ့ခေတ် ဘက ပညာရေး စနစ်နဲ့ သူတို့ခေတ်ရဲ့ မောင်းနှင်ပုံတွေ မတူတော့တဲ့ အကြောင်း အချိန်အကြာကြီးပေးပြီး ကြိုးစားရှင်းပြ လျှောက်ထားခဲ့ပါတယ်။  အင်မတန် ခေတ်နောက်ပြန်ဆွဲ ကွန်ဆာဗေးတစ်ဖြစ်လှတဲ့ ဆဒေါ်ကြီး၊  မွန်းလွဲရင် လက်ဖက်ခြောက်တောင် မခတ်ဘဲ သင်္ဘော မယ်ဇလီရွက်ခတ် ရေနွေးကြမ်းကိုသာ ဆေးအမှတ်နဲ့ သောက်နေတဲ့ ကျနော့် ဆဒေါ်ကြီးဟာ သူ့ဆရာစကားကို တသွေမတိမ်း ပြန်လည်ရေရွတ်ပါတယ်။
” ဂလို.. တမ်းသာဆို.. သာသနာတော် ၀မ်းယောင်နေပြီကော.. ဟဲ့… …။”
ကျနော်ကလည်း ကိုယ်အလှမ်းဝေးနေတဲ့ ပညာရေးစနစ် အကြောင်းကို ထဲထဲဝင်ဝင် မသိတာက တကြောင်း၊ လက်တွေ့ အပြင်မှာလည်း ဆရာ၊ ဆရာမ သီလရှင်လေးတွေ ဘက ဆရာတော်တွေဟာ ဒီမိဘမဲ့ မိဘရှိ ဆင်းရဲ နုံချာလှတဲ့ ကလေးတွေကို အားတက်သရော သင်ကြားစောင့်ရှောက်ပေးတာနဲ့ လူမှုဝန်ထမ်းပုံစံတွေ သက်ဝင်နေတာကို အကောင်းအဆိုး ဝေခွဲမရနိုင်တဲ့ သဘောထားရှိနေတာက တကြောင်း သူ့စကားကို စောဒက မတက်နိုင်ခဲ့ပါဘူး။
ခုတော့ သီလရှင်တွေ ယိမ်းအသွင် စင်ပေါ်တက် က နေတာ မြင်ရလို့ သဒ္ဓါကြည်ရွှင် မဖြစ်နိုင်ကြတော့ အငြင်းအခုန် တွေလည်း ပေါ်ပေါက်နေပါပြီ။  မတူတဲ့ ပညာရေးစနစ် နှစ်ခုကို အလွယ် မွေးစားမိတဲ့ အကျိုးဆက်ပါပဲ။  ဘုန်းကြီးရဟန်းမြင်ရင် အရိပ်တောင် မနင်းဘူးဆိုတဲ့ သဒ္ဓါရှင် ဥပါသကာတွေ အတွက်တော့ ၀မ်းနည်းဖွယ် မြင်ကွင်းကြီးပါပဲ။ 
ကျနော်ကိုယ်တိုင်လည်း ဒါကို သာသနာ့ အာဟာရတွေ ပြည့်စုံ ၀မ်းဝ နေတယ်လို့ လက်မခံနုင်သေးဘဲ ၀မ်းယောင်နေတယ်လို့ မြင်မိတဲ့ဘက်ကပါပဲ။
ပသို့ဆိုစေ.. ဘက ပညာရေးစနစ် ကတော့ သောင်းဂဏန်းမျှ ရှိသော ကျောင်းအရေအတွက်နဲ့ နိုင်ငံ တနံတလျားမှာ အားကောင်းမောင်းသန် ရွေ့လျားနေပါပြီ။  ကျနော်တို့က ဒါကို မောင်းနှင်နေသူတွေ မဟုတ်ပါဘူး။  ဘေးကနေ ကြည်ညို ထောက်ပံ့ရုံမျှသာ တတ်နိုင်တဲ့ သဒ္ဓါရှင် ဘ၀မျိုးပါပဲ။
ဘုရားသားတော် သမီးတော်တွေ နိုင်ငံရေး လုပ်ဖို့ သင့်မသင့် ဆွေးနွေးတိုင်း လုပ်သင့်တဲ့ဘက်မှာ အမြဲရပ်ခဲ့တဲ့ ကျနော်ဟာ သာသနာ့ ၀န်ထမ်းတွေ လူမှုရေး လုပ်သင့် မလုပ်သင့် ဆွေးနွေးရပြီ ဆိုရင်လည်း လုပ်သင့်တဲ့ ဘက်ကသာ ရပ်တည်မှာ ဖြစ်ပါတယ်။  သို့သော်လည်း ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ခြင်းနဲ့ အတူ ကိုယ့် အင်စတီကျူးရှင်းက ပြဋ္ဌာန်းဆက်ခံလာတဲ့ စည်းတွေ ဘောင်တွေ မလွတ်အောင် ဆောင်ရွက်ရမှာလည်း အရှင်တို့ ၊ ဆရာလေးတို့ တာဝန်ပါပဲလို့ ဒကာအမိုက်က မြင်သမျှ လျှောက်တင်လိုက်ရပါတယ်။
ဗုဒ္ဓ သာသနာ ကောင်းစွာ မွန်စွာ အဓွန့်ရှည်ပါစေသတည်း …………………။
ဖိုးစီ (ရုံးတော)
ဇန်နဝါရီ ၁၁၊ ၂၀၁၅

 

(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဖိုးစီ (ရုံးတော) – ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား
  1. ချစ်သော ဖိုးစီ(ရုံးတော)ကို ကျေးဇူးတင်ပါတယ်။ အခုခေတ် ပွင့်လင်း၊ မီဒီယာ ဆိုတော့ ပုံတွေ ဖေ့စ်ဘုတ်ထဲ ရောက်လာတော့ ၊ ဆရာတော်များက ထိန်းကျောင်း၊ နေကောင်းစပြုလာပါပြီ…

Comments are closed.