ကိုသန်းလွင် ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ကိုသန်းလွင် – ချောင်းသာ နှင့် အင်တာနက်

ကိုသန်းလွင် – ချောင်းသာ နှင့် အင်တာနက်
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅

(၁)
ချောင်းသာကိုသွားမည်ဟု စိတ်ကူးထားမိသည်မှာ ကြာပါပြီ။ သို့ပါသော်လည်း အကြောင်းက မတိုက်ဆိုင်နိုင်၊ တကယ်သွားတော့မည်ဟု သေချာသွားတော့ ဟော်တယ် booking လုပ်ရန် တစ်ရက်ပဲ အချိန်ရတော့သည်။ ဖြစ်ချင်တော့ ထိုနေ့က ဟော်တယ်လိုင်း ဖုန်းတွေမှာ တစ်ခုမှခေါ်၍မရ၊ လက်ကိုင်ဖုန်း နံပါတ်တွေ ခေါ်ရသမျှတော့ အခန်းလွတ်မရှိ ဘူးဟုသာ ပြောကြလေသည်။

ကျွန်တော်တို့သည် ချောင်းသာဟော်တယ်တွေမှာ အခန်းလွတ်မရှိဘူးဆိုတာကို မယုံနိုင်အောင် ဖြစ်နေသည်။ Beach front ခေါ် ဆိပ်ကမ်းကို မျက်နှာမူထားသော ဟော်တယ်တွေမှာသာ နေရာကျပ်မည် ဟု ခန့်မှန်းမိသည်။ ထိုနေရာကောင်းတွေမှာ ဆောက်ထားသော ဟော်တယ်တွေမှာ နေရာမရလျှင် ကတ္တရာ လမ်းတဖက်မှာ ကမ်းခြေကို မျက်နှာမူခြင်း မရှိသောဟော်တယ်တွေမှာတော့ နေရာရှိရမည်ဟု ယုံကြည်မိ သည်။

ကျွန်တော်တို့သည် မိမိကံကြမ္မာကို ဆိုးရွားလိမ့်မည်ဟုမထင်၊ ယုံကြည်ချက်အပြည့် နှင့် ဟော်တယ် booking ကိစ္စ ဘာမှရေရာခြင်းမရှိဘဲ ဇန္နဝါရီလ ၂ ရက်နေ့၊ နံနက် ၉း၀၀ နာရီတွင် ကားမောင်းပြီး ချောင်းသာသို့သွားကြလေသည်။ ပုသိမ်အထိက မိုင်တစ်ရာကျော၊် ဟိုဘက်ဆက်သွားလျှင် မိုင်အနည်း ငယ်မျှနှင့် ချောင်းသာသို့ ရောက်မည်ဟု ယူဆပြီးတွက် ခဲ့ကြသည်။

ထိုမိုင်အနည်းငယ်သည် ၃၅ မိုင်ခန့်ရှိကြောင်း သိလိုက်ရသည်။ ချောင်းသာကို ၂ရ.၂ မိုင် ဆိုသော လမ်းညွှန်ဆိုင်းဘုတ်သို့ရောက်သော် နောက် ၂ရ မိုင်ဆို ရောက်မှာဘဲဟုထင်မိသည်။ ကြိုးတံတား တစ်ခုနှင့် အခြားသစ်သားခင်းထားသော တံတားနှစ်ခုကို ဖြတ်ရသည်။ ငဝန်မြစ်နှင့် ဥတိုမြစ်တို့ကို ဖြတ်ရသည်ဟု ကျွန်တော်ထင်ပါသည်။

မိုင်တိုင်တွေကို တခုချင်းရေပြီး မောင်းလာမိရာ၂ရ မိုင်ဟုဆိုသော်လည်း မိုင် ၃၀ ပြည့်သည့် တိုင် ချောင်းသာသို့ မရောက်နိုင်သေး။ နောက်ဆုံးလမ်းဆုံဖြစ်သည့် မော်တင်စွန်း လမ်းခွဲကို ကျော်လာတည်းက ကတ္တရာလမ်းသည် ကျဉ်းရသည့်အထဲ အကွေ့အကောက် တွေကများသည်၊ လမ်းကဟောင်းနေတော့ ကျင်းတွေဂျိုင့်တွေကို သတိထားရသေးသည်။

လမ်းက ကျဉ်းရသည့်အချိန်တွင် တစ်ဖက်ကလာသည့် ကားတွေက လမ်းဘေးကိုချမပေးချင်ကြ၊ အမောင်းက ကြမ်းလိုက်သေးသည်။ လမ်းတွင် မျက်နှာခြင်းဆိုင် ပွတ်တိုက်မိကြသော ကားနှစ်စီးကို တွေ့သည်။ အခင်းဖြစ်သည့်ကားဘေးမှာ ထိုင်နေသော သားသယ်အမေသည် သားနှင့်အတူ ကားတံခါး ကိုဖွင့်ကာ နေရိပ်ခိုပြီး ထိုင်နေကြသည် ကိုမြင်တော့စိတ်ကမကောင်း၊

ကျွန်တော် စိတ်ထဲမှာလည်း အပျော်ခရီးသည် စိတ်ပျက်စရာခရီးဖြစ်လာလေသည်။ လမ်းသည် ပုသိမ် ရန်ကုန် ကတ္တရာလမ်းကဲ့သို့ ကောင်းရမည်ဟု ကျွန်တော် မဆိုလိုပါ။ သို့ပါသော်လည်း ကား ၂ စီးတော့ ကောင်းကောင်းရှောင်နိုင်ဘို့ ကောင်းသည်။ ထို့ပြင် လမ်းကို ပြုပြင်ထိန်းသိမ်းရေး ရှိပုံလုံးလုံး မပေါ်သည်မှာ အံ့သြစရာကောင်းသည်။

ချောင်းသာသည် နာမည်ရှိပြီးသား အပန်းဖြေစခန်း တစ်ခုဖြစ်နေပါပြီ။ ငပလီသည် အပန်းဖြေစခန်း အဖြစ် ကာလကြာရှည်ခဲ့ပြီး ဖြစ်သော်လည်း ချောင်းသာမှာက တည်းခိုစရာ အဆောက်အဦး ဟိုတယ် တွေပို၍ပေါသည်။ ငပလီသည် ရခိုင်ရိုးမကြီးကိုကျော်မှ ရောက်နိုင်သောကြောင့် ကားလမ်း သည်လောက် မကောင်းနိုင်တာကို ကျွန်တော်နားလည် နိုင်ပါသည်။ ချောင်းသာသို့ သွားရန်လမ်းမှာ အခုထက်အများကြီး ကောင်းဘို့လိုသည်။ နောက်ဆုံး ၁၃ မိုင်မှာ အဆိုးဆုံးဖြစ်သည်။ အပန်းဖြေစခန်း တစ်ခုသို့ သွားသောလမ်း နှင့် မတူ၊ ကားလမ်း မကောင်း၍စိတ်မရှည် ဖြစ်ရသည်မှာ ကျွန်တော့်ကိုယ်တွေ့ ဖြစ်ပါသည်။

ညနေ ၃ နာရီလောက်မှာ ကမ်းခြေဘက်မှာ ဆောက်ထားသော ဟော်တယ်တွေကို တစ်ခုပြီးတစ်ခု ဝင်ပြီးမေးရသည်။ အခန်းလွတ်က ဘယ်မှာမှမရှိ၊ ဟော်တယ်အပြင်က အခင်းအကျင်းကို ကြည့်ရသည်မှာ ကြယ်ငါးပွင့်အဆင့်တော့ ရှိမည့်ဟော်တယ်တွေ ပါသည်။

ကမ်းခြေနှင့် အပြိုင်ကတ္တရာလမ်းကို ဖေါက်ထားရာ ထိုကမ်းခြေဘက်က ဟော်တယ် တွေက တည်းခိုခ ဈေးကြီးမည်ထင်သည်၊ နိုင်ငံခြား ထိပ်တန်းဟော်တယ်ကြီးတွေလိုဘဲ သားနားလှပါသည်။ အထဲကိုတော့ ကြည့်ခွင့် မရတော့ပြီ။

(၂)

ဟိုတယ်မှာ နေရာရပြီး နေ့လည်စာ စားကြသည့်အချိန်မှာ ကျွန်တော့်သား ဖြစ်သူက သူ့ပြဿနာကို ပြောပြပါသည်။ သူသည် စင်္ကာပူအမျိုးသား တက္ကသိုလ်က ကျောင်းသား ဖြစ်သည်၊ သူသည် ပထမနှစ် အတွက်ပထမ ၆လတက်ပြီးပြီ။ နောက် ၆လအတွက် ဘာသာရပ် (Module) ရွေးရန် အင်တာနက် မှတဆင့် သင်ကြားရမည့် ဘာသာကို (bidding) လုပ်ရမည်၊ အများနှင့် ပြိုင်ပြီးရွေးရမည်ဟုဆို သည်၊ တည်းခိုသည့် ဟော်တယ်မှာ အင်တာနက်ကမရှိ၊

NUS မှ Bidding Website မှာယနေ့ နံနက် (၉)နာရီမှ  ဖွင့်ထားပြီး နောက်တစ်နေ့ နံနက် (၉) နာရီ တွင် ပိတ်မည်။ ဤတစ်ကြိမ် လွတ်သွားလျှင် တနင်္လာနေ့တွင် ထပ်မံ ဖွင့်ပေးဦးမည်ဟု ဆိုသည်။

ချောင်းသာ အပန်းဖြေစခန်းတခုလုံးမှာ အင်တာနက်တော့ ရှိမှာဘဲဟု ကျွန်တော်ထင်သည်။ စားသောက်ဆိုင် စားပွဲထိုး မိန်းခလေးကို မေးတော့ “ဝိုင်ဖိုင်” ဆိုတာကို ဘာမှန်းမသိ၊ ခဏနေတော့ သေချာ စဉ်းစားပြီး “အင်တာနက်ဆိုင်မရှိဘူးလား” မေးတော့မှဈေးထဲမှာရှိပါတယ်ဆိုပြီး ဆိုင်နာမည်ကို ပြောသည်။

ဈေးကနဲနဲလှမ်းသေးသည်၊ စားသောက်ဆိုင်တွေမှာကော မရှိဘူးလားဟုမေးတော့အနောက်တိုင်း အစားအစာ/တရုတ်အစား အစာတွေ ရောင်းသော ဆိုင်တစ်ဆိုင်ကို ညွှန်းလိုက်သည်။ ကျွန်တော် တို့ သူညွှန်သော ဆိုင်ကိုသွားပြီး စုံစမ်းကြရပါသည်။ လက်(ပ်)တော့က တည်းခိုရာအခန်းမှာ ကျန်ခဲ့သည်။ သည်ညနေမှာထပ်ပြီး လာချင်ပါသည်ဆိုတော့ ကောင်တာမှာ ထိုင်နေသူက ဘယ်နှစ်ယောက်လာမှာလဲ မေးလိုက်သေးသည်။ သူတို့ဆိုင်မှာ အင်တာနက်ရှိပါသည်ပေါ့၊

ကျွန်တော်ဇနီး၏ ဆွေမျိုးများတွင် ညောင်ဦးမြို့အ၀င်၌ဟိုတယ်တစ်ခုရှိသည်။ ပုဂံညောင်ဦးမှာ အင်တာနက်က ဟော်တယ်တိုင်းရှိရမည့် အရာတခုဖြစ်နေပါပြီ၊ နာမည်ကြီးဟိုတယ်ကြီးများတွင်ကွန်ပျူတာ အင်တာနက် သုံးနိုင်သလို အင်တာနက် ဆိုင်တွေမှာ ပုဂံနှင့် ညောင်ဦး နေရာအနှံ့ရှိနေပါသည်။

“သမီးတို့ဟော်တယ်က အင်တာနက်ရှိသလား” ဟု မေးတော့ “ရှိပါတယ်အန်တီ” ဟုဖြေသည်။ တကယ်ကတော့ သူတို့သည် နီးစပ်ရာ နေရာတွေကတဆင့်ငှားပြီး တပ်ဆင်ထား ခြင်းသာဖြစ်သည်။ ကျွန်မတို့ဟော်တယ်မှာ အင်တာနက် connection ရှိပါတယ်ဟု ဖြေမည်။ User name/Password တွေပေးနိုင်မည်။ သို့ပါသော်လည်း တကယ် Website တွေကို သွားဖို့ကြိုးစားပါသော် အ၀ိုင်းကလေး သာလည်နေမည်။ လိုရာသို့ မရောက်နိုင်။

ရန်ကုန်မြို့ပေါ်တွင် ရှိသောကျွန်တော့်မိတ်ဆွေ ဆိုင်တွင် ADSL နှင့် အင်တာနက်ကိုချိတ်ဆက် ယူသည်  တစ်လလျှင်ဒေါ်လာ ၄၀ ပေးရသော အင်တာနက်မှာ အင်တာနက်ဟုဆိုနိုင်ရုံသာ၊ Gtalk ကိုမသွားနိုင် အသံကလည်းပြတ်တောင်းနေပြီး ဘာမှနားမလည်နိုင်၊ နောက်ထပ်ဒေါ်လာ ရ၀ ပေးရသော လိုင်းမှာလည်းထိုနည်း၎င်း တစ်လလျှင် ဒေါ်လာ ၁၂၀ ပေးသော လိုင်းကိုယူမှ Gtalk နှင့် SKYPE ကိုသုံးနိုင်မည်။ ဒါကလည်း connection ကျမသွားသော ရက်ဟူ၍မရှိ အမြဲတမ်း ကျလိုက်တက်လိုက်ဖြစ် နေတက်သည်။

ညောင်ဦးက အင်တာနက်အော်ပရေတာမှာ “ကျွန်မတို့က ရှင်တို့လောက်တောင် နား မလည်ပါဘူး။ မန္တလေးက ဒီအတိုင်းဘဲ ပြောပါတယ်” ဟု လိုင်းကျသွားလို့ ခေါ်တာကို ဖြေရှင်း ပြတက်သည်။ modern မှာ မီးစိမ်းနေသည့်တိုင် အင်တာနက်က ဆက်မရ။ ရှင်တို့ပစ္စည်း ကို ဒီယူခဲ့ပါ ဟု ခေါ်တတ်သည်။ သူတို့ရှေ့မှာ လည်း Modem မီးက စိမ်းနေတော့ သူတို့ဘာမှ အကြံမပေးနိုင်။

တိုင်းမြို့ကြီးများတွင် အင်တာနက်ကျွမ်းကျင်သူတွေရှိဖို့ လိုသလို ခရိုင်မြို့၊ နယ်မြို့ တိုင်းမှာ အင်တာနက် ပြဿနာတွေကို ဖြေရှင်းပေးနိုင်သည့်နားလည်သည့်လူတွေလိုနေပါသည်။ အင်တာနက်လိုင်း တွေက တကယ်ကောင်းနေဖို့ လိုပါသည်။ ဟိုတယ် ဧည့်သည် တွေက အ၀ိုင်းလေးလည်နေတာကို မြင်လျှင် ဟော်တယ်ကို ပိုက်ဆံလိမ်ယူသည်ဟု အပြစ်တင်ကြမည်မဟုတ်ပါ။ တိုင်းပြည်ကြီးတခုလုံး၏ ရုပ်ပုံလွှာ (Image) ကို သာထိခိုက်လိမ့်မည်ထင်ပါသည်။

ကျွန်တော်တို့သည် စားသောက်ဆိုင် ၃ ဆိုင်ပြောင်း၊ အော်ဒါလုပ်မှ Password ပေး မည်ဆိုသဖြင့် စားစရာတွေကို အော်ဒါမှာရသော်လည်း ကျွန်တော်သား သွားချင်သော Website ကိုတော့ သွား၍မရခဲ့ပါ။ သားဖြစ်သူက သူ့အကြောင်းသူသိ၍ စိတ်ပူဟန်မရှိသော်လည်း အဖေလုပ်သူကျွန်တော်က သားဖြစ်သူ၏ ဆန္ဒကိုဖြည့်ဆည်းမပေးနိုင်ခြင်းအတွက် စိတ်ကမကောင်း၊

နောက်ဆုံးကျွန်တော်တို့ပြန်ရမည့်နေ့ မင်္ဂလာဒုံလေဆိပ်ကိုရောက်မှ လေဆိပ်ကစားသောက်ဆိုင် ကဖေးတွင် အင်တာနက်ဆက်ပြီးမှ ကိစ္စပြီးသွားပါတော့သည်၊ Starbuck လို McDonald လို တခြားနေရာ တွေမှာ အစားအသောက်မှာပါလျှင်အင်တာနက်ကို အလကားချိတ်နိုင်သော်လည်း ရန်ကုန် လေဆိပ်က ကော်ဖီ ဆိုင်မှာ ၂ဒေါ်လာပေးလိုက်ရပါသည်။

(၃)

ကျွန်တော်တို့သည် ချောင်းသာကမ်းခြေ၏ အလှကို ငေးမောခံစားလိုက်ချိန်မရှိဘဲ စိတ်မောစွာနှင့် ကျွန်ုပ်တို့ အပန်းဖြေခရီးကို အဆုံးသတ်လိုက်ရပါသည်။  ချောင်းသာသည်မြို့ကြီးတမြို့ဖြစ်နေပါပြီ၊ ပင်လယ်ဆိပ်ပမ်း အပမ်းဖြေစရာ နေရာတခု၏ လိုအပ်ချက်များဖြစ်သော ကြည်လင်သော ပင်လယ်ရေနှင့် နှစ်လိုဘွယ် ရှုမျှော်ခင်းတွေရှိပါသည်၊ ဟော်တယ်ပြူတင်းမှမြင်နေရသော အဝေးဆီမှတောင်ကုန်းငယ်နှင့် ရွှေရောင်ဝင်းနေသောဘုရားစေတီမှာ ကြည်ညိုစရာသပ်ပယ်လှပါသည်၊ ဟော်တယ်တွေ တည်းခိုခန်း တွေမှာ လည်း အဆင့်အတန်းမြင့်မားနေပါပြီ။

ယိုးဒယားက ပတ္တားရား (pattaya) လို ဖူးခတ်လို (Phuket) လိုနေရာများမှာကဲ့သို့ ကမ္ဘာလှည့် ခရီးသည် ဧည့်သည်တွေ စီတန်းဝင်လာဖို့ ဆိုလျင် ချောင်းသာ၏ Infra-structure ကိုပြည့်စုံအောင် လုပ်ပေးဖို့လိုပါသည်။ မြန်မာနိုင်ငံ Tourism ဌာနကြီးကလုပ်မှာလား။ ကိုယ်တူကိုယ်ထ လုပ်ကြရမှာလား။ ကျွန်တော်အဖြေကို မပြောတတ်ပါ။

Xxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “ကိုသန်းလွင် – ချောင်းသာ နှင့် အင်တာနက်
  1. Holiday Story in Myanmar. Good..
    Some family visited in Dec-2014 to Myanmar cities, Yangon,Mandalay, Pathein, Sit-gaing, Monywa, Pegu ..etc. They said, ” Ooredoo SIM card with phone Wifi – link with Laptop. Internet speed is very fast and cost also kyat 2000 topup can do a lot “. But, time is early morning 5 to 7am.

Comments are closed.