Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – မင်းအုပ်စိုးအမှု ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်


ရန်နောင် (ဗိုလ်တထောင်) – မင်းအုပ်စိုးအမှု ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၅

ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး သည် သူ၏ဝန်ထမ်းဖြစ်သူ သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင် (တေးနုရင်) အား သတ်ခဲ့မှုဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင်  ဇန်နဝါရီ (၈) ရက် နံနက် (၁၀) နာရီတွင် ဒုတိယအကြိမ် ရမန်ယူရန် ရုံးထုတ်ခဲ့သည်။

သရုပ်ဆောင် မင်းအုပ်စိုးနှင့် ခေတ္တ တွေ့ဆုံခိုက်  မေးမြန်းဖြစ်ခဲ့ရာ  “အကိုရဲ့ တဒင်္ဂအမှားကြောင့်ပေါ့ ညီရာ။ အစ်ကို အဲဒီ အချိန်တုန်းက ဘာမူးယစ်ဆေးဝါးမှ မသုံးထားပါဘူး။ အစ်ကိုနဲ့က ခြောက်နှစ်ကျော်လောက်တော့ လုပ်ကိုင်ခဲ့တာဆိုတော့ ညီမလိုပါပဲ။ အပြင်မှာ ဘာတွေပြောနေကြလဲဆိုတာတော့ အစ်ကိုက အထဲမှာ ဘာမှမသိဘူးလေ။ ဒါပေမယ့် ရဲစခန်းထွက် ချက်က အမှန်တွေပါ။ အစ်ကိုနဲ့ သူ့အမေက တခါမှမတွေ့ဘူးပါဘူး။ သူကနေတဆင့်  သူ့ (တေးနုရင်) မိခင်ထံသို့ စာချင်း အဆက်အသွယ်သာ ရှိခဲ့တာပါ။ အစ်ကိုလေ သူ့အမေကိုတွေ့ရင် ထိုင်ကန်တော့ပြီးတော့ တောင်းပန်ချင်တာပါ” ဟု ပြော ကြားခဲ့သည်။

လူသတ်မှုဖြစ်ပွားရာ ညပိုင်းတွင် မင်းအုပ်စိုး မူးယစ်ဆေးသုံးစွဲထားခြင်း ရှိ/မရှိ ဆေးစစ်ဆေးချက်မှာ ဇန်နဝါရီလ (၅) ရက် နေ့ကတည်းက ရရှိထားကြောင်း၊ ထိုလူသတ်မှုနှင့်စပ်လျဉ်း၍ ဇန်နဝါရီ (၂၂) ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ မှုခင်းဆရာဝန်ကိုယ်တိုင်  ဆေးစာနှင့်အတူ သက်သေထွက်ဆိုမည်ဖြစ်ကြောင်း ဗဟန်းမြို့မရဲစခန်း ဒုရဲမှူး သိန်း ဝင်းက ပြောကြားခဲ့သည်။

သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးသည်  ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တာမွေမြို့နယ် ဖိုးစိန်လမ်းတွင် သစ်ပင်မီးရှို့ပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ကို လက်သီးဖြင့်ထိုးခဲ့မှုကြောင့် ဗဟန်းမြို့နယ် တရားရုံးက မူးယစ်မှု၊ ဝတ္တရားနှောင့်ယှက်မှု ၊နိုင် ငံပိုင်ပစ္စည်း ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလနှင့် ငွေဒဏ်များ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည့်အပြင် တရား မဝင်ကားတင်သွင်းမှုလုပ်ကိုင်ခြင်းတို့ကြောင့်လည်း အရေးယူခံခဲ့ရသည်။

မင်းအုပ်စိုးကြောင့်သေဆုံးသွားသော မနုနုရင်တို့မိသားစုဝင်များကလည်း ဒီဇင်ဘာလ (၂၈) ရက်တွင် ပြောကြားရှင်းလင်း သော သတင်းစာရှင်းလင်းပွဲတွင်လည်း   သေဆုံးသူ၏ ဒဏ်ရာများမှာ နံရိုးများကျိုးကြေကာ  ကိုယ်အနှံ့ ဖူးရောင်ညိုမည်းစွဲ နေကြောင်းပြောကြားခဲ့သည်။ မတေးနုရင်အား ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts