ဓာတ်ပုံသတင်း

“လူသတ်သမားရဲ့ညစာ”အတွက် မုံရွာဒေသ ကဗျာဆု

 

“လူသတ်သမားရဲ့ညစာ”အတွက် မုံရွာဒေသ ကဗျာဆု
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅

မုံရွာဒေသ  စာချစ်သူများရဲ့ ဒီနှစ်အတွက် အနောက်မြောက်လွင်ပြင် ကဗျာဆု ပေးအပ်ပွဲကို ဗုဒ္ဓဟူးနေ့က မုံရွာမြို့မှာ ကျင်းပရာမှာ ဆုရသူ ကဗျာဆရာ နှင်းခါးမိုး တက်ရောက် ရယူခဲ့ပါတယ်။

(ဓာတ်ပုံ – အင်္ကျီအဖြူ ဝတ်ဆင်ထားတဲ့ နှင်းခါးမိုး နဲ့ ဒေသခံ ကဗျာသမား ကြည်ဇော်အေး)

၂၀၁၄ စက်တင်ဘာ  သရဖူ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “လူသတ်သမားရဲ့ညစာ” ကဗျာအတွက် ဒီဆု ရရှိခဲ့ခြင်းပါ။

`အနောက်မြောက်လွင်ပြင်´ ဟာ မုံရွာ ကိုယ်စားပြု ကဗျာဆု ဖြစ်ပါတယ်။ ဒီဆုကို မုံရွာမြို့ သလ္လာ ရပ်ကွက် အရုဏ်ဦးစာကြည့်တိုက်က ဦးဆောင်စီစဉ်ခြင်းပါ။

ဆုအမည်  ရွေးချယ်တာ နိုဝင်ဘာ၊ ဆုပေးဖို့ ကဗျာ ရွေးကြတာ ဒီဇင်ဘာမှာဖြစ်ပြီး အခု ဇန်န၀ါရီမှာတော့   ဆုပေးပွဲ ဆိုတာ ဖြစ်လာပါပြီ။

၂၀၁၄ လို့ ဆိုထားတဲ့အတွက် နှစ်စဉ် ရွေးချယ် ပေးအပ်သွားဖို့ စိတ်ကူးထားကြပုံရပါတယ်။

ဆုရ ကဗျာ


“လူသတ်သမားရဲ့ညစာ”

လူသတ်သမားက

သွေးအေးတယ်။

သွေး မခြောက်သေးတဲ့လက်နဲ့

စီးကရက်ကို မီးညှိပုံ၊

သူသတ်ထားတဲ့ အလောင်းရဲ့

အင်္ကျီရင်ဘတ် ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ၊

ကော်ဖီဆိုင်ထဲက ထလာသလို

လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။

ဥဩသံတွေ ဆူညံ

ရဲတွေ ရောက်လာ

သတင်းစာ မျက်နှာဖုံးမှာ

ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ

အသတ်ခံရသူရဲ့

အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို

တီဗွီက မကြာမကြာ ထုတ်လွှင့်နေ

တစ်မြို့လုံး ကလည်း

ဒီအမှုအကြောင်းပဲ ပြောနေကြ။

ရွှေကို လိုလို့ သတ်သလား

လူကို လိုလို့ သတ်သလား

တခါက ရန်ငြိုးလား

စိတ္တဇ လူသတ်သမားလား။

အသေဆိုးလေခြင်းလို့

စုပ်သပ်သူက သပ်

အတင့်ရဲလေခြင်းလို့

ဒေါကန်သူက ကန်

ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ

လူသတ်သမား စောင့်နေမလားလို့

ကြောက်လန့်သူတွေလည်း ရှိရဲ့၊

( ဒီလိုနဲ့ ) မြို့ကလေးထဲ

ညအမှောင်ထုက တွားသွားဝင်လာ

တံခါးတွေ စောစောပိတ်

မီးတွေ စောစော မှိတ်ကြ

စောစောတော့ အိပ်မပျော်နိုင်ကြ။

လူသတ်သမားကော

ဒီအချိန်ဆို ညစာ စားနေလောက်ပြီ

ဝိုင်ကလေး သောက်လိုက်

စပျစ်သီးလေး မြုံ့လိုက်နဲ့လေ

ပြီးတော့

မနက်က သွေးစွန်းခဲ့တဲ့ သူ့လက်ကို

ဆုပ်လိုက် ဖြန့်လိုက်နဲ့ စိုက်ကြည့်ရင်း

ငွေ့ငွေ့လေး ပြုံးမယ်၊

သူ တွေးမိမှာက

တစ်ယောက်ကို သတ်လိုက်ရုံနဲ့

တစ်မြို့လုံး သေဆုံးသွားခဲ့တဲ့အကြောင်း။

နှင်းခါးမိုး

သရဖူ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၄

ဆုရွေးချယ်ပေးတာကတော့ ” ကိုသန်းထွန်း၊ မောင်ဆေးရိုး၊ မင်းဆွေနှစ် (မုံရွာ)၊ မောင်ဗိုလ်လူ(မုံရွာ)၊

ကြည်ဇော်အေး၊ ခက်သီ၊ လင်းမိုးစွေ၊

ထွန်းကို၊ ခက်အောင်၊ မင်းရဲအိမ်၊ ဒီဝသုန်ခက်၊ မင်းဇင်၊ သက်နောင်စိုး

စတဲ့ ကဗျာဆရာတွေ ဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေက စာကြည့်တိုက်မှူးများ၊ ကဗျာဝါသနာရှင်များ၊စာဖတ်ပရိတ်သတ်များ” ဖြစ်ပါတယ် လို့  အနောက်မြောက်လွင်ပြင်  Facebook မှာ ရေးသား ဖော်ပြခဲ့ပါတယ်။     ။

အရုဏ်ဦးစာကြည့်တိုက်

မုံရွာ ကိုယ်စားပြု `အနောက်မြောက်လွင်ပြင်´ ကဗျာဆု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts