ကဗျာ

မောင်စိုးချိန် – အင်အားကြီးမား ကျိန်စာ ပလူကောင်များ

မောင်စိုးချိန် – အင်အားကြီးမား ကျိန်စာ ပလူကောင်များ
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅

(လက်ပံတောင်တောင် မြေယာတိုက်ပွဲထဲမှာ ကျဆုံးသွားသူ လယ်သူမကြီး ဒေါ်ခင်ဝင်းနှင့် ဆက်လက်ချီတက်ဆဲ လူထု အတွက် ဦးညွှတ်ခြင်းကဗျာ)

မြေယာ
အဟာရအစာ
စားစရာထဲမှာ အကောင်းဆုံး
အဟောင်းဆုံးအစာ

ဦးပိုင်ကျား
ခရိုနီကျား
ဝမ်ပေါ်နဂါး
ပူးပေါင်းစား
မြေသားမြေကွက်
စားခွက်ထဲက

လယ်သမားအရိုး
ထိုးထောင်ဝင်စူး
ပြူးတူးပြဲထဲ
နင်နေဆဲမှာ
တိုက်ပွဲအသစ်
သမိုင်းခေတ်
ထွန်းသစ်လာခဲ့ပါရောလား။

လယ်မြေယာမြေ
မြေကွက် သွေးစီး
မြေကြီးလှိုင်းထ
မြေစားဓါးမြတွေ
ပြန်ကြ ထွက်သွား
ကြိမ်းဝါးမောင်းထုတ် တိုက်ပွဲစ။

လူထုတိုက်ပွဲ
ကျိန်ဆဲ
လယ်သမားများစွာ
ကျိန်စာ တိုက်ကြ
ဦးပိုင်စနစ် ဖျက်သိမ်းပစ်
ဦးပိုင်ကျား မကြားလိုတော့ ထွက်သွားတော့။

ကိုယ်ကျိုးစီးပွား
သွေးစိမ်းသွေးပွက်
အံထွက်ကြစေ
လယ်သမားကိုသတ်
လူသတ်ဝါဒ ကျဆုံးရမယ်
လူသတ်ဝါဒ ဆန့်ကျင်ကြ။

ခရိုနီနဂါး
ကျားများတောကြောင်
ဓါးမြကောင်များ
ထွက်သွားကြဟေ့
ထွက်သွား ထွက်သွား
ဗမာပြည်ဆိုတာ
ရောင်းချစရာ ပစ္စည်းမဟုတ်
လက်ပံတောင်းတောင်
သယံဇာတတောတောင်
မောင်ပိုင်မစီးရ
တိုင်းပြည်နဲ့ဆိုင်
လူထုပိုင်တယ်
ဦးပိုင်မပါဘူး
ဦးပိုင်စနစ် ဖျက်သိမ်းပစ်။

ကျိန်စာ ပလူကောင်
လက်ပံတောင်းတောင်
တောင်တန်းကိုပတ်
ဖြတ်ကျော် ပျံဝဲ
ပြည်ရန်ကုန်အရောက်
မန္တလေး ဖေါက်
ဆန်ဖရန်စစ္စကို
ဝါရှင်တန် နယူးယောက်
ဖေါ့ဝိန်းရောက်
တကမ္ဘာလုံး
မိုးစက်ခုံးထဲ ပျံဝဲ ပျံဆဲ
ငရဲမီးတောက်
ကျိန်စာ ပလူကောင် ခရီးဖေါက်။      ။

မောင်စိုးချိန်
ဇန်နဝါရီ ၆ရက် ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts