နိုင်ငံတကာရေးရာ

ပြင်သစ်ပြည်၊ ပါရီက ကာတွန်းမဂ္ဂဇင်းတိုက် အကြမ်းဖက်ပစ်သတ်ခံရ၊ လူ ၁၂ ဦး သေဆုံး

ပြင်သစ်ပြည်၊ ပါရီက ကာတွန်းမဂ္ဂဇင်းတိုက် အကြမ်းဖက်ပစ်သတ်ခံရ၊ လူ ၁၂ ဦး သေဆုံး
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅

ဇန်န၀ါရီ ၇၊ ဒေသစံတော်ချိန် ၁၁း၃၀ နာရီမှာ ပြင်သစ်ပြည်၊ ပါရီမြို့တော်က Charlie Hebdo မဂ္ဂဇင်းတိုက်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမား ၂ ဦး သို့မဟုတ် ၃ ဦး ၀င်ရောက်ပြီး ပစ်ခတ်ကြတဲ့အတွက် သတင်းစာသမားများအပါအ၀င် လူ ၁၂ ဦး သေဆုံးပြီး လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပါတယ်။ မဂ္ဂဇင်းတိုက်ရဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲသားများပါ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံရပါတယ်။ နောက်ဆုံး ရဲသားတဦးကို တိုက်ကနေ ပြန်ထွက်လာစဉ် လမ်းမပေါ်မှာ ပစ်ခတ်ခဲ့ပြီးနောက် ‘အလာ့ဟ်အရှင်မြတ်အတွက် ငါတို့ လက်စားခြေလိုက်ပြီ …’  လို့ ကြွေးကြော်ခဲ့ကြပါတယ်။ နံမယ်ကျော် လက်သံပြောင်တဲ့ ကာတွန်းသရော်စာမဂ္ဂဇင်းတိုက်ဖြစ်တဲ့ Charlie Hebdo ဟာ မူဆလင်တွေရဲ့ တမန်တော် မိုဟာမက်ကို ဟာသလုပ်တဲ့ ကာတွန်းလက်ရာတွေ ထုတ်ဝေလို့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု အကြမ်းဖက်မှုတွေကို အကြိမ်ကြိမ် ရင်ဆိုင်နေခဲ့ရာက အခုတော့ တိုက်ပေါ်တက်ပြီး လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့အတွက် တိုက်ရဲ့ အယ်ဒီတာချုပ် အပါအ၀င် ပင်တိုင်ကာတွန်းဆရာ ကလောင်ရှင် ၄ ဦး သေဆုံးခဲ့ရပါတယ်။ တိုက်ထူထောင်သူတဦးကတော့ ပြည်ပရောက်နေလို့ ချမ်းသာရာ ရသွားပါတယ်။ ပြင်သစ်ဝန်ကြီးချုပ်ကိုယ်တိုင်က ဒီအကြမ်းဖက်မှုကို အပြင်းအထန် ရှုံ့ချလိုက်ပြီး တရားခံတွေကို ဖော်ထုတ်နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတကလည်း အစွန်းရောက်အကြမ်းဖက်သမားတွေကို နှိမ်နင်း ဖမ်းဆီးနိုင်ဖို့ အစွမ်းကုန်ကူညီပေးမယ်လို့ ကြေညာလိုက်ပါတယ်။ အကြမ်းဖက်သမားတွေက အခုလို လုပ်ကြံမယ့်အကြောင်း ကြိုတင်ခြိမ်းခြောက်စာ မပို့ခဲ့သော်လည်း ၀င်ရောက်စီးနင်းချိန်ဟာ တိုက်ဝန်ထမ်းအစည်းအဝေးချိန်နဲ့ ကိုက်နေတဲ့အပြင် သတ်ဖြတ်ရမယ့်လူတွေကိုလည်း သေချာသတ်မှတ်သိရှိထားပြီး ဖြစ်တယ်လို့ သက်သေတွေက ဆိုပါတယ်။

အကြမ်းဖက်သမားများ၏ ပုံ

နာရီအနည်းငယ်အတွင်းမှာပဲ လူသတ်အကြမ်းဖက်သမားတွေ ပုန်းအောင်းနေရာကို ပြင်သစ်လုံခြုံရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်၊ စီးနင်းနိုင်ခဲ့တဲ့အတွက် တရားခံ ၁ဦး သေဆုံးပြီး အခြား သံသယရှိသူ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီလို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့တွေဟာ ယီမင်နိုင်ငံအခြေစိုက် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်တယ်လို့လည်း သတင်းများက ရေးသားပါတယ်။

Charlie Hebdo မဂ္ဂဇင်းတိုက်ဟာ နိုင်ငံရေး၊ ဘာသာရေး၊ နယ်ပယ်ပေါင်းစုံ အားလုံးကို ချမ်းသာမပေးဘဲ သရော်ဟာသလုပ် ဝေဖန်တဲ့ ကာတွန်းတွေကြောင့် နံမယ်ကြီးပါတယ်။ အချို့သော နိုင်ငံရေး ဘာသာရေး လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ မုန်းတီး ပြစ်တင်ခြင်းကိုလည်း ခံရပါတယ်။ မူဆလင်တွေသာမက ဂျူးတွေ၊ ခရစ်ယာန်တွေကိုပါ သရော်လှောင်ပြောင်လို့ မျက်မုန်းကျိုးခံရတဲ့ မဂ္ဂဇင်းတိုက်ဖြစ်သော်လည်း လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို ကိုင်စွဲထားတာကြောင့် အငြင်းပွားဖွယ်များ ရှိသော်လည်း စာနယ်ဇင်းနယ်ပယ်က လက်ခံထားတဲ့ မဂ္ဂဇင်းတိုက်လည်း ဖြစ်ပါတယ်။ အခုလို မူဆလင်ဘာသာဝင် ဘာသာရေးအစွန်းရောက်တဲ့ အကြမ်းဖက်သမားတွေက တိုက်ခိုက် လုပ်ကြံသတ်ဖြတ်လိုက်တာ ခံလိုက်ရတာကြောင့် စာနယ်ဇင်းနယ်ပယ်အပေါ် အများကြီး ဂယက်ရိုက်သွားပြီလို့ သုံးသပ်နေကြရပါတော့တယ်။

၂၀၁၁ တုန်းက သူတို့အဖုံး၊ မိုဟာမက်က ဒီစာအုပ်ဖတ်ပြီး ရီရလွန်းလို့ အူတက်မသေရင် ကြိမ်ဒဏ် ၁၀၀ လို့ ပြောနေသည့်ပုံ

Charlie Hebdo ရဲ့ သတင်းကို ထုတ်ပြန်တဲ့ နိုင်ငံတကာသတင်းအေဂျင်စီအချို့က Charlie Hebdo ရဲ့ သရော်လှောင်ပြောင်တဲ့ ကာတွန်းတွေကို ပြန်လည်ကိုးကားပြီး ကူးယူဖော်ပြ၊ သတင်းရေးသားနေကြရာက အခုလို ညနေခင်းအချိန်ကူးလာချိန်မှာတော့ သူတို့သတင်းစာတိုက်တွေရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့သူတွေ ပေါ်လာကြလို့ ကာတွန်းတွေကို ၀က်ဆိုက်နေ ဖြုတ်ချထားကြပြန်တယ်လို့ သိရပါတယ်။ စာနယ်ဇင်း သတင်းလွတ်လပ်ခွင့်နဲ့ အနုပညာလွတ်လပ်ခွင့်ကို ရပ်တည်ကိုင်စွဲ ခိုင်မြဲသူတွေကတော့ Charlie Hebdo ရဲ့ ကာတွန်းတွေကို ကိုးကား ဖော်ထုတ် ကူးယူ ဖော်ပြမြဲ ဖော်ပြထားကြပြီး အကြမ်းဖက်စော်ကားမှုတွေကို ဒီလိုမျိုး အညံ့မခံဘူး၊ ဒူးမထောက်နိုင်ဘူးလို့ တုန့်ပြန်ကြပါတယ်။

အစွန်းရောက်အကြမ်းဖက်သမားတွေဟာ သူတို့ခေါင်းဆောင်တွေ တမန်တော်တွေ ဘာသာရေးအစွဲအလန်းတွေကို စော်ကားတာ၊ သဘောချင်း မတူညီကြတာတွေကို သီးမခံနိုင်ဘဲ အကြမ်းဖက် သတ်ဖြတ်မှုတွေ လက်တုန့်ပြန်မှုတွေနဲ့ အရေးယူကြလေ့ရှိပါတယ်။ အနီးစပ်ဆုံး မြောက်ကိုရီးယားအာဏာရှင်ကို သရော်တဲ့ ရုပ်ရှင်ကားထုတ်လုပ်မိလို့ ဆိုနီကို မြောက်ကိုရီးယားဘက်သား အင်တာနက်အကြမ်းဖက်သမားတွေက အင်တာနက်ကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ ဂျာမဏီအစိုးရ၀က်ဆိုက်ကိုလည်း ရုရှားထောက်ခံတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေက အင်တာနက်ဖောက်ထွင်းမှု လုပ်ခဲ့ကြပါသေးတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts