ကဗျာ

မင်းကိုနိုင် – “ ပန်းနုရောင် ဖဲကြိုး ”



မင်းကိုနိုင် – “ ပန်းနုရောင် ဖဲကြိုး ”

(သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၆၊ ၂၀၁၅

 

ဒီခေတ်ဆောင်းကပါ

ဈေးကွက်ဆံချင်လာတယ်

ဟိုအရင်လို နှင်းကို

မေတ္တာနဲ့ပွဲတောင်းလို့ မရတော့ဘူး

.

အရာရာကို

အသပြာနဲ့ အရောင်းမြှင့်တင်ကြချိန်မှာ

ကိုယ့်ကဗျာကို

“ ဂျင်ဆင်းပါတယ်”

“ လော်ပန်ကြီးသုံးတယ်”လို့လည်း

မဖျားယောင်းသာ

.

ရုပ်ရှင်ထဲက

ဖြတ်လျှောက် တပ်သားတွေလို

ဒီတကွက်မှာ ကျည်သင့်ကျ

နောက်တကွက်မှာ…

ကင်မရာကို ကျောခိုင်း ပြေးတတ်ကြ

ဒီလိုပဲ

နဲနဲနဲ့ကျဲကျဲ ၀ိုင်းနေရတုန်းပဲ

.

ဇာတ်ညွှန်းမကြေတော့

ဓါးသွေးထားတယ်ဆိုတာလည်း

လိုရမည်ရပဲ

စာသင်သက် အရိုးရင့်သမျှ

သင်ရိုး ၀လုံးကမတက်သေး

.

လျှာကခါးသလား

အသီးက ခါးသလား

ဝါးပြီးသမျှ ခါးသည်းရတဲ့

ဘ၀မှာ

ကဗျာဆိုတာ

အရိုးကျိုးအနာကိုမေ့အောင်

ပါတ်တီးလှလှ

ကျပ်စည်းပြကြတာလားကွယ်။…..။

– မင်းကိုနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts