သတင်းဆောင်းပါး

ဝတ်မှုန် (စင်္ကာပူ) – လက်ဆောင် (Gift ) “ကန္တာရ၏ သီချင်းသံနှင့် ၂၀၁၅ နှစ်သစ်မင်္ဂလာ”

ဝတ်မှုန် (စင်ကာပူ) – လက်ဆောင် (Gift ) “ကန္တာရ၏ သီချင်းသံနှင့် ၂၀၁၅ နှစ်သစ်မင်္ဂလာ”
ဇန်န၀ါရီ ၅၊ ၂၀၁၅

လူတိုင်း လက်ဆောင်ပေးချင်ကြသလို လက်ဆောင်ရလိုကြသည်။ ကျနော် စင်ကာပူတွင် ဆီးမီးကွန်ဒတ်တာ-အင်ဂျင်နီယာဖြစ်စဉ် နိုင်ငံ ခြား သားများစွာ ရောက်လာပြီး၊ သူတို့စက်ပစ္စည်း၊ ကုန်ကြမ်းများကို ရောင်းချရန်အတွက် မိတ်ဖွဲ့တွေ့ဆုံပွဲများစွာ တွေ့ကြုံရသည်။ တောင် ကိုးရီးယားနှင့်ဂျပန် မိတ်ဆွေများက လေဆိပ်မှဝယ်လာသော ဂျပန်စားသောက်စရာ ဒေါ်လာတစ်ဆယ်မျှတန်ဖိုးရှိသော ပစ္စည်းများ တကူး တက သယ်လာပေးပါသည်။ သူတို့ကုမ္ပဏီ တဆိပ်ပါသော လူသုံးကုန်ပစ္စည်း၊ ပြက္ခဒိန်၊ ဘောပင်၊ ဒိုင်ယာယီ၊ မှတ်စုစာအုပ်၊ မီမိုရီလက်မ (thumb drive) စသည်ဈေးချိုသော ပစ္စည်းကလေးများ လက်ဆောင်အဖြစ်ပေးပါသည်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမဏီနိုင်ငံများမှရောက် လာသော မိတ်ဆွေများကတော့ ချိုသာ၊ ရင်းနှီးသော စကားလက်ဆောင်ဖြင့်၊ ပွေ့ဖက်လုမတတ် မိတ်ဆွေဟောင်းကြီးများလို နှုတ်ဆက်ပါ သည်။ အာရပ်မိတ်ဆွေများကိုတော့ မကြုံဖူးပါ။ ဖက်ရမ်းနှုတ်ဆက်ကြသည်၊ ကျောကိုပုတ်ပြီးနှုတ်ဆက်သည်ဟု ဆိုပါသည်။ လက်ကိုနမ်းပြီး အသက်ကြီးသူများကို နှုတ်ဆက်သော မလေးရှားလူမျိုးတို့၏ လက်ဆောင်၊ ပါးကိုနမ်းပြီး နှုတ်ဆက်သော ဆွေမျိုးရင်းချာများ၏ မွှေးမွှေး လက် ဆောင်၊ စသဖြင့် လက်ဆောင်အမျိုးပေါင်း များစွာရှိပါသည်။
.
မြန်မာနိုင်ငံ ၂၀၁၄ ရောက်ရှိစဉ်က ပြင်သစ်ကုမ္ပဏီကြီးတစ်ခု လစာငွေ ဒေါ်လာသောင်းချီရပြီး၊ အိမ်ကားကြီးများဖြင့် နေထိုင်ရသော မြန်မာ နိုင်ငံကိုယ်စားလှယ် ပြင်သစ်လူမျိုး၊ အဖြူကောင်တစ်ဦး၊ သူတို့ထုတ်ကုန်ကို မြန်မာပြည်ရှိ နိုင်ငံခြားကုမ္ပဏီများ၊ မြန်မာအစိုးရနှင့်ပြည်တွင်းကုမ္ပဏီများကို ရောင်းချဖို့ အရေးပါသော ပုဂ္ဂိုလ်များကို သွားရောက်တွေ့ဆုံရသည်။ အတူလိုက်ပါလာသော မြန်မာလူမျိုး အင်ဂျင်နီယာဝန် ထမ်းနှင့် နှစ်ယောက်တည်းသွားစဉ် .. မြန်မာပြည်ရှိ ပြည်တွင်းပြည်ပကုမ္ပဏီ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံရာတွင် ပြသနာဘာမှမရှိ။ အဲ.. မြန်မာ အစိုးရပုဂ္ဂိုလ်များနှင့် သွားရောက်တွေ့ဆုံရာတွင် ဥပမာ.. စက်ရုံကြီးတစ်ခု စက်ရုံအကြီးကဲနှင့်ချိန်းချက် တွေ့ဆုံထားရာ၊ စက်ရုံဂိတ် အပေါက်တွင် ပထမဦးစွာ လုံခြုံရေးမှ စစ်ဆေးခြင်းခံရသည်။ အများအားဖြင့် ဝင်ခွင့်ရသည်။ တချို့ မြန်မာအစိုးရစက်ရုံများတွင် အပေါက်ဝမှ လုံခြုံရေးက စောင့်ခိုင်းထားပြီး သူတို့အကြီးကဲထံ အစီရင်ခံစာ ဖုန်းနှင့်ပြောရသည်။ လုံခြုံရေးများက ကုမ္ပဏီအကြီးကဲအဖြူကောင်နှင့် မြန်မာအင်ဂျင်နီယာနှစ်ဦးကို အကဲခတ်သည်။ သူတို့နှစ်ဦးမှာ လက်ဆောင် ဘာမှမပါ၊ လက်ဆွဲအိတ်တစ်လုံးသာ ပါသည်။  ချိန်းထားသော အရာရှိကြီးမရှိပါသဖြင့် ..ဟု ယဉ်ကျေးစွာ အထဲပင်ဝင်ခွင့်မရသော မြန်မာနိုင်ငံမှ စက်ရုံ၊ ဌာနများစွာ ရှိသည်ဟု ဆိုသည်။ ထိုအဖြူကောင် အကြီးအကဲမှာ ခပ်တည်တည်ပင်၊ ဒါမျိုးအရှက်ကွဲဒဏ်ခံနိုင်ဖို့ လစာအများကြီးရထားပါသည်။ သူလုပ်ရမည့်အလုပ်က သွားတွေ့မည်၊ မိတ်ဆက်မည်၊ သူတို့ ကုမ္ပဏီက ကမ္ဘာ့ထိတ်တန်း၊ ထုတ်ကုန်ကလဲ ကမ္ဘာ့အဆင့်ရှိသည်။ ဖေါ်ရွေသောမျက်နှာထားဖြင့် ပစ္စည်းကောင်းများကို မြန်မာနိုင်ငံစက်ရုံများအတွက် မြန်ကောင်းသက်သာ ပံ့ပိုးရောင်းချပေးမည့် စကားလက်ဆောင်ဖြင့် လာပါသည်။ လက်မခံသော်လည်း ရည်မွန်သောအဖြူကောင်ဖြစ်နေသောကြောင့် မောင်းထုတ်ခြင်းမခံရပါ။ မြန်မာအင်ဂျင်နီယာဝန်ထမ်းက ငယ်ရွယ်သူဖြစ်သောကြောင့် မခံမရပ် နိုင်ဖြစ်သည်။ တလ ဒေါ်လာတစ်ရာပင် လစာမရသူ အပေါက်စောင့် ငြင်းပယ်ခံရသည်ကို စိတ်ပျက်သည်။ သူ့ဘော့စ် အဖြူကောင်ကိုလဲ ပြောပစ်လိုက်ချင်သည်။ ဟေး..ဘော့စ်.. မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ လာတွေ့ရင် လက်ဆောင်လေးတော့ပါမှ တင့်တယ်မှာ..ဟုပြော လိုသော်လည်း၊ ဘော့စ်ကိုကြောက်သောကြောင့် မပြောရဲပါ။

တရုတ်ပြည်တွင် အစိုးရခေါင်းဆောင်များက နှစ်ပေါင်း ၄၀၀၀ ကျော် ကမ္ဘာ့ထိပ်တန်း တရုတ်နိုင်ငံကြီး၊ ပြားပြားဝပ်သွားရခြင်း၊ မွဲတေရခြင်း များကို ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်လက်ထက်တွင် မှန်ကန်စွာ ပြန်လည်သုံးသပ်ခဲ့သည်။ တရုတ်ခေါင်းဆောင်များက ဗြိတိလျှခေတ် အင်္ဂလိပ်အစိုးရက ဘိန်းစားများဖြစ်သွားအောင်လုပ်ခဲ့သော ဘိန်းကုန်သည်များကို ဥပက္ခာပြုခြင်းနည်းလမ်း ကောင်းကောင်း သခန်းစာ ယူနိုင်ခဲ့သည်။ တိုင်းပြည်ကို ကိုလိုနီအဖြစ်အုပ်ချုပ်ဖို့ နိုင်ငံသားများကို ပညာမတတ်အောင်၊ တနည်းအားဖြင့် ဘိန်းစား၊ မူးရစ်သောက်စား အောင် လုပ်ပေးလျှင် တသက်လုံးအုပ်ချုပ်နိုင်သည်ဟု အဆိုရှိသည်။ တရုတ်ခေါင်းဆောင် ဆွန်ယက်ဆင် ပထမဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် စတင်ခဲ့သော်လည်း၊ အင်အားကြီးမားလှသော မော်စီတုန်းနှင့်ကွန်မြူနစ်များလက်အောက် ရောက်ခဲ့ရသည်။ ကွန်မြူနစ်ပြုပြင်ပြောင်းလဲရေးသမားကြီး တိန်ရှောင်ဖိန့်လက်ထက် ပြုပြင်ပြောင်းလဲရေးကို မှန်ကန်စွာလုပ်ဆောင်နိုင်ခဲ့သည်။ ယခု အနှစ်၂၀ကျော်ချိန် တရုတ်ပြည်သည် ကမ္ဘာ့ထိပ်တန်း ရောက်နေလေပြီ။ မြန်မာစစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ အာဏာစွန့်ကာ တိန့်ရှောင်ဖိန်ကဲ့သို့ အောင်မြင်စွာ နောက်ကွယ် က ထိန်းကျောင်းနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံအဖို့ မဆိုးလှ။ သို့သော် လက်ရှိတရုတ်ကုမ္ပဏီများ၏ တန်စိုးလက်ဆောင်ဟူသော စနစ်သစ် လာဘ်ပေးမှုများ မြန်မာပြည်သို့ အောင်မြင်စွာကူးစက်လာသည်ကို ကြောက်ခမန်းလိလိ တွေ့ရသည်။ တရုတ်နိုင်ငံခေါင်းဆောင်များက တိုင်းပြည်လူမျိုး ဆင်းရဲမွဲတေ၊ နုံချာမှုမှ ကယ်တင်ဖို့…
.

  • နိုင်ငံခေါင်းဆောင်များကို၊ လာဘ်မလိုသော မျိုးချစ်ပညာတတ်၊ လူတော်လူကောင်းများရွေးခြင်း။
  • ထိုခေါင်းဆောင်များ အာဏာရစ်မူး၊ ပျက်စီးသွားလျှင် သေဒဏ်နှင့် ပိုင်ဆိုင်မှုအားလုံး နိုင်ငံပိုင်သိမ်းသည် အထိ ပြင်းထန်သောဥပဒေ။
  • မူးရစ်ဆေးဝါးရောင်းချ၊ ကုန်ကူးသူများ သေဒဏ် (နှစ်စဉ် လူ ၁၇၀၀ မှ တစ်သောင်ကျော် အထိ သေဒဏ်ပေးခဲ့ခြင်း)။
  • လူတစ်ယောက်လျှင် ကလေးတစ်ဦး စနစ် (တစ်အိမ်ထောင်၊ကလေးတစ်ဦး ဟုလဲပြောနိုင်သည်)။
  • ပြည်တွင်းစီးပွားရေးတွင် အခွန်ကောက်ခြင်းနှင့်ဘတ်ဂျတ်သုံးစွဲခြင်း (သူဌေး-အခွန်မရှောင်နိုင်)။
  • နိုင်ငံတကာစီးပွားရေး ဖွင့်ပေးခြင်း၊ လွတ်လပ်သော စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးများ…

စသဖြင့် များစွာသော ပြုပြင်ပြောင်းလဲမှုများကို တရုတ်လူမျိုး၊ ကမ္ဘာ့ကိုလွှမ်းမိုးဖို့ လုပ်ခဲ့သည်။ မြန်မာလူမျိုးတို့ တရုတ်နိုင်ငံလောက် ကမ္ဘာမလွှမ်းချင်သော်လဲ၊ ထိုင်းနိုင်ငံလောက်တော့ ရသင့်သည်ဟု ရိုးသားစွာ သြဇာရှိလိုပါသည်။

စီးပွားရေး ဖွင့်ပေးသည်နှင့် လာဘ်ပေးခြင်းကို လက်ဆောင်တခုအနေဖြင့် မြန်မာ၊ ဗီယက်နမ်၊ အာဖရိကနိုင်ငံများသို့ အထူးသဖြင့် ရေနံ နှင့်ဓါတ်ငွေ့၊ လျှပ်စစ်၊ စွမ်းအင်လုပ်ငန်းများကို အလုံးအရင်းနှင့် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရွှေဓါတ်ငွေ့ပိုက်လိုင်း၊ မြစ်ဆုံရေအား လျှပ်စစ်နှင့် သံလွင်မြစ်ရေအားလျှပ်စစ်..စသည်တို့သည် အထင်ရှားဆုံး အဂတိလာဘ်၊ လက်ဆောင်များဖြစ်သည်။ ထုံးစံအတိုင်း ဘယ် သူတွေ လာဘ်၊ လက်ဆောင်ရကြသည်ကို လုံးဝမသိနိုင်ပါ။ ဖေါ်ထုတ်ဖို့လည်း မဖြစ်နိုင်ပါ။ ပြီးတာ ပြီးပါစေတော့၊ ရှေ့ဆက်သွားရမည့် အရေးတွင် ထိုကြောက်စရာကောင်းသော လာဘ်လက်ဆောင်ကို တားဆီးဖို့ ဘယ်လိုလုပ်ကြမည်နည်း။ အစိုးရခေါင်းဆောင်များ အလုပ် ဖြစ်ပါသည်။

ကမ္ဘာကြီးသည် အလွန်လျှင်မြန်စွာတိုးတက်ပြီး၊ အနုမြူ၊ မျိုးဗီဇပညာ၊ အာကာသခေတ်၊ မိုဘိုင်း၊ အင်တာနက်ခေတ်ဖြစ်သလို၊ လူများ စားသောက်စရာလဲ မပူပင်ရအောင် အထွက်နှုန်းတိုးတက်၊ သားငါးသီးနှံများစွာ ကြွယ်ဝနေဆဲဖြစ်သည်။ လက်ရှိ လူသားအားလုံးအတွက် စားသောက်ဖို့ လယ်ယာ၊ စားကုန်လုပ်ငန်းရှိသည်။ လူတစ်ယောက် လုပ်အားခသည် လူငါးယောက် စားသောက်ဖို့ လောက်ငှပါသည်။ နေစ ရာ၊ ဝတ်စရာလည်း လုံလောက်ပါသည်။ သို့သော် ယခုခေတ်ကြီးသည် လူများ၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် စားဝတ်နေရေး အဆင်ပြေရုံနှင့် မကြေနပ်သောကြောင့် ပိုပြီးလှပ၊ ကောင်းမွန်သော စားဝတ်နေရေးကို ဖန်တီးလာသည်။ ပြီးတော့ ဇိမ်ခံပစ္စည်းများ မြောက် များစွာ တီထွင်လုပ်ကိုင်ရင်း၊ ဝိသမစီးပွားလုပ်ငန်းများစွာ ပေါ်ပေါက်လာသည်။ လူအချင်းချင်း ခေါင်းပုံဖြတ်သော သာမန်ငွေတိုးချေး လုပ် ငန်းမှ၊ လူများ၏ချွေးနှဲစာများကို စတော့၊ရှယ်ယာ၊ ဘွန်း စသည်တို့ဖြင့် ဖျားယောင်းပြီး၊ လူထုပိုက်ဆံကို ဥပဒေဘောင်တွင်းမှ လိမ်ယူမှုများစွာ ဖြစ်ပေါ်နေသည်။ မြန်မာနိုင်ငံတွင် ဆောင်လုပ်ရေး ကန်ထရိုက်ခေတ်စားနေချိန် မြေဂရန်ပိုင်သူ မြေကွက်တွင် ခြောက်ထပ်တိုက်ဆောင်ပြီး၊ ကန်ထရိုက်တိုက်လုပ်ငန်း အပြင်းထန်လုပ်ကိုင်ရင်း၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွင် အိမ်ခြံမြေဈေးကွက် ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်သွားရှာလေသတည်း..။ ဘယ်သူတွေ လုပ်ကြသနည်း.. သြော် ကမ္ဘာ့ချံပီယံ ဝိသမစီးပွားရေးသမားများ မြန်မာအာဏာပိုင်များကို လှည့်ဖျားပြီး လုပ်သွား ကြပါသည်။ ဘယ်သူ့ကိုမျှ အပြစ်တင်စရာမလိုပါ။ ကံ ကံအကျိုးကိုယုံသော မြန်မာများ ကံကိုယုံပြီး ဆက်မနင်းဖို့ပဲ လိုပါသည်။
.
မည်သို့ပင်ဖြစ်စေ.. ကျနော် မြန်မာပြည်ခရီးစဉ် ၂၀၁၄ သွားလာခဲ့သည်။ မြို့ကြီးများစွာမှ မြန်မာလူမျိုးတို့၏ ကောင်းမြတ်သောစိတ်ထား၊ ရောင့်ရဲသော၊ ကုသိုလ်ဒါနပြုလိုသော စိတ်နေစိတ်ထားကောင်းများစွာ လူငယ်၊ လူကြီးများတွင် တွေ့ရသည်။ ငွေကို တက်မက်သော တနပ်စားအလုပ်များမှာ လစ်ရင်၊ လစ်သလိုလုပ်ခြင်းမှာ လူ့သဘောပင်ဖြစ်သည်။ သူများ ဘယ်လိုဖြစ်နေပါစေ.. မိုးခါးရေသောက်တိုင်း လိုက်မသောက်သော စိတ်ထားမြင့်မြတ်သူ အမြောက်အများ ရှိနေသည်ကိုလည်း ဝမ်းမြောက်ဖွယ် တွေ့ရပါသည်။ အထူးသဖြင့် ဖြောင့် မတ်၊ မှန်ကန်သော သမ္မာတရား၊ ဘဝသစ္စာ စောင့်ထိန်းလိုသည့် ဘာသာရေး အသိုင်းအဝိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို များစွာတွေ့ မြင်လာရသည်။ ဘာသာတရား အားလုံးနှင့် ကွန်မြူနစ်စနစ်။ အရင်းရှင်စနစ်အားလုံးတို့သည် သာယာဝပြောသောလူဘောင် ဖြစ်လိုကြ သည်။ မှန်ကန်သော စိတ်ထားနှင့် ဘုရင့်အခွန်ဘဏ္ဍာကို မှန်ကန်စွာပေးခြင်း၊ ဘုရားအလှုဒါနကို မှန်စွာပေးခြင်း  .. တို့သည် ဘာသာတိုင်း၊ ဝါဒတိုင်း သွန်သင်ချက်ဖြစ်သည်။

၂၀၁၅ အတွက် မိတ်ဆွေများအတွက် လက်ဆောင်ပေးလိုပါသည်။ ရွှေငွေ၊ ပစ္စည်းများ မပေးနိုင်ပါ။ စာအုပ်ငယ်တစ်ခုကို ပေးဖို့ပြင်ဆင် ထားပါသည်။ လောလောဆယ်တော့ ကန္တာရ၏သီချင်းသံ စကားလက်ဆောင်ပေးလိုက်ပါသည်။

● ဘဝသစ္စာနေအိမ် (ကမ္ဘာသစ်ဆီသို့ )
သေမင်းနဲ့ပခုံးချင်း တိုက်မိသောအချိန်များ လူတိုင်းမှာ တွေ့ကြုံပါသည်။ ဝေဒနာကို လုံးဝမခံနိုင်တော့ရင်လဲ သေမင်းကို တမ်းတပါသည်။ မရင်ဆိုင်ချင်ကြပေမဲ့ နေရာတကာမှာ သေမင်းနဲ့ ပခုံးချင်းတိုက်နေရပါသည်။ စစ်ပွဲများ၊ အာကာသစွန့်စားမှုများ၊ ပိတ်မိနေသူများ၊ ဒီ သေမင်းဆိုတဲ့ မြစ်ကိုဖြတ်ကူးရမှာ ကြောက်ကြပါသည်။ သည်မြစ်ကြီးကို သေမင်းရဲ့အရိပ်လွမ်းမိုးသောချိုင့်လို့ ခေါ်ပါသည်။ သေပြီးမှပြန်ရှင် လာသူများစွာ တွေ့ဖူး၊ ကြားဖူးကြမှာဖြစ်ပါသည်။ သေမင်းရဲ့မြစ်ကို ကျော်ဖြတ်ချိန် ငြိမ်သက်ခြင်းကို သစ္စာတရားရှိသူတိုင်း ရရှိပါသည်။ ဘာမှ စိုးရိမ်၊ နာကျင်စရာ မလိုတော့ပါ။ ကျနော်တို့ရဲ့အတိတ်မှာ ကိုယ်တိုင် သစ္စာတရားနဲ့ ရဲဝံ့စွာ သေမင်းကိုရင်ဆိုင်သွားသူများစွာ လက် တွေ့ပြသခဲ့ပြီး ဖြစ်ပါသည်။
.
ဘဝသစ္စာနေအိမ် ဆိုတဲ့ကမ္ဘာသစ်မှာ ဘာတွေရှိပါသလဲ ..မေးခွန်းကို ဖြေရရင်၊ သိထာထက် မသိတာက ပိုများပါသည်။  နိဗ္ပာန် (ပါရာဒိုက်စ်) လို့လည်း ခေါ်နိုင်ပါသည်။ ဘယ်ဘာသာမဆို နိဗ္ပာန်ရှိပါသည်။ သံသရာဝဋ်၊ ဆင်းရဲဒုက္ခမှလွတ်မြောက်ပြီး ကိလေသာ အားလုံးချုပ်ငြိမ်း သွားခြင်းကို နိဗ္ပာန်လို့ခေါ်ပါသည်။ ဒီကိလေသာ (ဇိမ်ခံခြင်းများ) တွေမရှိရင် ပျင်းစရာကြီးပဲ ပြောသူများအတွက် နိဗ္ပာန်နဲ့ ဆန့်ကျင် ဘက်နေရာကို သွားရမှာဖြစ်ပါသည်။ ဒါမှမဟုတ် သံသရာလည်ပြီး ဒီလောကကြီးထဲမှာ တဝဲဝဲတလည်လည် ဖြစ်နေပါမည်။ ကျနော်ကတော့ ကောင်းကင်ဘုံလို့ခေါ်တဲ့ နိဗ္ပာန်ကို မျှော်လင့်ပါသည်။ လူတွေက နိဗ္ပာန်ဆိုတာ..လူ့ဉာဏ်နဲ့ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြပါသည်။ ဘယ်တော့မှ ပြည့်စုံမှာမဟုတ်ပါ။ ဒီလောကမှာ အပျော်ဆုံးအချိန်အခါကို စဉ်းစားကြည့်ပါ။ ဘဝသစ္စာနေအိမ်၊ နိဗ္ပာန်၊ ကောင်းကင်ဘုံဆိုသည်မှာ အဆပေါင်းများစွာ နှစ်သိမ့်ပျော်ရွှင်ဝမ်းမြောက်မှာတော့ သေချာပါသည်။ ဒီဘဝမှာလည်း အစွန်းအစ ခံစားရနိုင်ပါသည်။ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ၊ ခံစားနေသူများစွာ ရှိပါသည်။ ထိုသူများမျက်နှာကိုကြည့်လျှင်ပင် မိမိထံသို့ ဝတ်မှုန်ကူးသလို ခံစားကျေနပ်ရပါသည်။ ကန္တာရ၏သီချင်းသံ စာသားလေးများကကောင်းကင်ဘုံနဲ့ငရဲ မယုံသူများအတွက် အဓိပ္ပါယ်မရှိပေမဲ့ ကျနော်အတွက်တော့ အထူး အဓိပ္ပါယ် ရှိလှပါသည်။ ကျိန်ခြင်းမှ လွတ်ကင်းစေခဲ့ပါပြီ။ လက်ရှိကောင်းကင်နဲ့မြေကြီးသည် ရွေ့သွားမည်၊ ပျောက်ကွယ်သွားမည်၊ ပျက်စီးသွားမည်ဟု လည်း ဘာသာရေးကျမ်းတိုင်းမှာ ရေးသားထားပါသည်။ ကမ္ဘာသစ်ဖြစ်သည်။  နိဗ္ပာန်ဘုံသည် ကျနော်၏ ထာဝရနေအိမ်ဖြစ်သည်။  နိဗ္ပာန်ဘုံ တွင် ကောင်းမြတ်သောလုပ်စရာများစွာရှိပြီး၊ ပျင်းရိဖွယ်မဟုတ်ပါ။ လောကတွင် ကြဲခဲ့သောမျိုးစေများ၏ ထာဝရအသီးအပွင်ကို  နိဗ္ပာန်ဘုံ တွင် ဆွတ်ခူးကြပါမည်။   နိဗ္ပာန်ဘုံသည် ဒီလောကကြီးကို အထင်ကြီးသူများအတွက်မဟုတ်ပါ။  နိဗ္ပာန်ဘုံသည် ကျနော်တို့၏ ကောင်းမြတ် သော၊ ဘဝသစ္စာနှင့်ကိုက်ညီသော စိတ်ကူးယဉ်အိမ်မက်အားလုံး ပြည့်စုံခြင်းသို့ ရောက်မည့်နေရာဖြစ်သည်။ ထို့ကြောင့် ကြိုက်သလောက် စိတ်ကူးယဉ်နိုင်ပါသည်။ နှစ်သစ်၊ လူသစ်၊ စိတ်သစ်ဖြင့်  နိဗ္ပာန်ဘုံ၊ ကမ္ဘာသစ်ကို ကြိုဆိုကြပါမည်။  သီချင်းသီဆိုသံများဖြင့်၊ ဝတ်မှုန်ကူးတဲ့ လက်များစွာ ရှိပါသည်။

ကိုးကားချက်။ မြန်မာ၊ကမ္ဘာသတင်းများနှင့် ဆရာဒေါက်တာဖေမြတ်ဝင်း “ကန္တာရ၏သီချင်းသံ” စာအုပ်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “၀တ်မှုန် (စင်္ကာပူ) – လက်ဆောင် (Gift ) “ကန္တာရ၏ သီချင်းသံနှင့် ၂၀၁၅ နှစ်သစ်မင်္ဂလာ”
  1. Why do you call him a phyu kaung . It s 2015 and it s rude. We don’t use this kind of language . Show some class

  2. နိဗ္ဗာန်နဲ့ Paradise မတူပါဘူး။ Paradise ဟာ “သုခဘုံ” သဘောမျိုးဖြစ်ပါတယ်။ Hell ဟာ “ဒုက္ခဘုံ” သဘောမျိုးဖြစ်ပါတယ်။ နိဗ္ဗာန်ကတော့ ဘာမှမရှိ၊ အားလုံးချုပ်ငြိမ်းရာသာဖြစ်ပါတယ်။ So, Paradise and Nibanna are incomparable!

  3. Yes in order to get to nibbana , you have to know the four noble truths ans also practice vipassana. Nibbana is not a place you can go

Comments are closed.