ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

ငြိမ်း (ရွှေလီ) – ဧည့်သည်ကြီးသို့ အလွမ်းပြေ

ငြိမ်း (ရွှေလီ) – ဧည့်သည်ကြီးသို့ အလွမ်းပြေ
ဇန်န၀ါရီ ၁၊ ၂၀၁၅

သြော်… ဘာလိုလိုနဲ့ “၂၀၁၅ခု ဇန်နဝါရီလ ၂၂ရက်နေ့” ဆိုရင်ဖြင့် ကျွန်မတို့ချစ်သော ကဗျာဆရာကြီး “တင်မိုး” သူ မပျော်ပိုက်သော ရေခြားမြေခြားတွင် ကွယ်လွန်ခဲ့သည်မှာ ရှစ်နှစ်တင်းတင်း ပြည့်ပေတော့မည်။  ကျွန်မတို့မှာဖြင့် လွှမ်းလို့မဝနိုင်ကြသေး။

ယခုတလော facebook က အင်တာနက်သတင်းမှာ…..

“ကံမြဲရွာမှ ဆရာဦးတင်မိုး၏အိမ်ကလေး” ဆိုသောဓာတ်ပုံနှင့် (၁၂.ဧပြီ.၂၀၀၀) နေ့စွဲဖြင့် ဆရာရေးစပ်ခဲ့သည့် “ဗုဒ္ဓနှင့် တွေ့ဆုံခြင်း” ကဗျာ ကိုလည်း ဖတ်ရပါသည်။ ဥရောပ စူပါမားကက်တစ်ခုတွင် ရှေးဟောင်းပစ္စည်းအဖြစ် ဈေးကွက်တင်ခံထားရသော ဗုဒ္ဓရုပ်ပွားတော်က ဒီအရပ်မျိုးမှာ မင်းကဘာလာလုပ်သလဲလို့ မေးတော်မူပါသတဲ့။ အဲဒီအခါ ဆရာတော်ပြန်လျှောက်တာက- ဒီမှာတော်ပါသေး၊ မြန်မာပြည်မှာ ဆို မဟုတ်တာတွေ ဟောနေရမယ့်အပြင်….

“လက်နက်ကိုင် စစ်တပ်က
အရပ်ရပ်နေပြည်တာ် ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ်၊ မတော်တာတွေ လုပ်နေတော့
ဗုဒ္ဓကို ကြိုးတုပ်
အချုပ်ထဲသွင်းရင် ခက်ပါလားဘုရား
ဒီအကောင်တွေဟာ ဉာဏ်လည်းမရှိ
အမှန်လည်းမသိ၊ ကတိလည်းမတည်
အပလီ အမျိုးမျိုးနဲ့
ဝစီအိုးကလည်း ပုပ်စော်နံ
နိုင်ငံကိုလည်း မလေးစား
————————–
————————–

ကိုယ်တော့်အဖို့ကတော့
ဥရောပစူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
—————————–
—————————–

တိုင်းပြည်က ဒကာ ဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက်နေရင်းက
————————–”

ဆယ်စုနှစ်တွေ ကြာခဲ့သော်လည်း ဆရာပြချင်သည်ကို ကျွန်မတို့ မျက်ဝါးထင်ထင် မြင်နေရဆဲပါ။

“ကဗျာ့ဝိဒူကြီး တင်မိုး” ……..ဆရာသင်ပေးခဲ့သည့် အရည်အသွေးနဲ့ ကဗျာလေးများလည်း ကျွန်မရေး ဖြစ်ခဲ့ပါသည်။ ၂၀၁၄ နိုဝင်ဘာလ အတွင်း မန္တလေးကဗျာအင်အားစုမှထုက်ဝေသော “ငြိမ်းချမ်းရေးပဲ့တင်သံ” လက်ကမ်းကဗျာစာအုပ်ငယ်တွင် အောက်ပါကဗျာလေးကို ကျွန်မရေးခဲ့ပါသည်။

မိဘပြည်သူများ ရှင့် …
‘ဝေး…..’ လို့ အော်လိုက်တဲ့အခါ
‘ဝး…..’ လို့ ပဲ့တင်သံပြန်လာ။
‘ငြိမ်းချမ်းရေး…..’ လို့ အော်လိုက်တဲ့အခါ
‘ငြိမ်းချမ်းရေး…..’ လို့ ပဲ့တင်သံပြန်လာ။
ဟော….. နှုတ်ဖျားမှာ သပြေခက်စိမ်းစိမ်းနဲ့
ငြိမ်းချမ်းရေး ချိုးငှက်ကလေး
(ငါတို့) အဝေးကို လွှတ်တင်လိုက်ပြီ။
အား….. နှုတ်သီးမှာ အသားတစ်စိမ်းစိမ်းနဲ့
ငြိမ်းချမ်းရေး လင်းတကြီး
တောင်ပံဖြန့်ပြီး လာနေပါရော့လား
ဘုရား…..ဘုရား …..။    ။

ဆရာသာဖတ်မိလျှင်ဖြင့် ပင့်သက်ရှိုက်နေလေမလား၊ ခေါင်းယမ်းနေလေမလား။

မျက်လွှာကို အသာမှိတ်၍ အတိတ်ကို ပြန်လည်ဝင်စားလေသော် ဆရာ့ကို ပထမဆုံးတွေ့ဆုံခဲ့ရပုံကို မြင်ယောင်သည်။

၁၉၉၆ခု နိုဝင်ဘာလ ၂၉ရက်၊ အမေ လူထုဒေါ်အမာ (၈၁) နှစ်ပြည့်မွေးနေ့တွင် ဖြစ်ပါသည်။ ဗိုက်ဖောင်းဖောင်းအထက်တွင် ပုဆိုးကို ရင်ခေါင်းဆိုက်ဝတ်လျှက်၊ နဖူးပေါ်တွင် ဆံပင်က ကပိုကယို ဝဲကျလျှက်၊ အသံသြသြ၊ ပါးဖောင်းဖောင်း၊ အပြုံးနုနုနှင့် ဆရာ့ကို ‘တင်မိုး’ မှန်းသိသည်နှင့် (တွန်းလှည်းနှင့်) ကျွန်မသွားမိတ်ဆက်ပါသည်။ ဆရာက ကျွန်မကို သိသည်ဟုဆိုပါသည်။ (သနား၍ အားနာ၍ ဖြစ်နိုင်ပါ သည်)။ ကျွန်မက အော်တိုစာအုပ်ကလေးကို ထိုးပေးကာ…..
‘အမေ့မွေးနေ့ အမှတ်တရလေး ရေးပေးပါဆရာ’ ဟု ပြောလိုက်ရာ ဆရာက မဆိုင်းမတွပင် ရေးပေးပါသည်။

အမေ
အမေ
အမေ
အမေ- မသေ
အမေ- အမတ။

စာလုံးသေးသေးမှ တကြောင်းခြင်း ကြီးကြီးသွားသော လက်ရေးဝိုင်းဝိုင်းစက်စက်ကိုကြည့်ကာ ကျွန်မ ပျော်သွားပါသည်။

နောက်နှစ် ၁၉၉၇ စက်တင်ဘာလတွင်တော့ ‘ကံ’ ဇတ်ဆရာကြီး၏ညွှန်ကြားချက်အရ ကျွန်မ ရန်ကုန်သို့ရောက်သွားပြန်တော့သည်။ လှိုင်မြို့နယ်( ၁၆) ရက်ကွက်ရှိ အစ်မ၏နေအိမ်သို့လာရောက်ကာ ချစ်ခင်အားပေးကြသော ကျွန်မ၏စာပေမောင်နှမများအကြောင်း စကား စပ်မိခိုက် ပြန်ပြောရလျှင် ရင်နင့်အောင် လွမ်းရတော့သည်။

တလမ်းထဲနေ၊ ဆွေမျိုးဆွေရိပ်မကင်းသူ မမဦး (ခင်ဆွေဦး) က မကြာကြာလာလည်တတ်သည်။ အင်းစိန်မှ ကဗျာဆရာကြီး မောင်ခိုင်မာနှင့် ပန်းချီယဉ်မင်းပိုက်၊ လေးသူစံနှင့် ဟန်သီဇင်၊ ဖိုးကံ (အလှသစ်) တို့အဖွဲ့ ၊ ကြည်နိုင်နှင့်အဖွဲ့၊ ပဲခူးမှ တင်မောင်ဆွေ၊ မဟူရာ (ငှက်ဖျား) နှင့် ယုဝတီမြင့် သိင်္ဂီမော်တို့သားအမိ၊ မောင်တင်ဆင့်နှင့်အဖွဲ့ ……

မောင်ညိုပြာ၊ ဘငြိမ်းဝေ၊ မောင်ခေတ်ထွန်း၊ ဆွေရည်လင်းတို့က တစ်ဦးချင်းစီ…။

ခရစ်စ္စမတ်နေ့တွင် ကျွန်မတို့မိသားစု ရွှေတိဂုံဘုရားသို့သွားကြရာ အိမ်ပြန်အရောက်တွင် ဇူးကျော်၊ သန်းမြင့်အောင်၊ မြတ်၊ ခင်ဝင်းသစ်၊ မြသွေးရည်တို့အဖွဲ့ အလည်လာသွားကြကြောင်း သူတို့လက်မှတ်ကိုယ်ဆီ ရေးထိုးထားသော စာလေးအရသိရပါသည်။ စိတ်မကောင်းနိုင်ပါ။ သူတို့ကတော့ ခြံရှေ့ မကျည်းပင်ကြီးအောက်မှ မန်ကျည်းသီးတောင့်ကြွေများကို ကလေးများသဖွယ် ပျော်ပျော်ပါးပါး လုယက်ကောက်စား ကာ ပြန်သွားကြသည်ဟု အိမ်တွင်ကျန်ရစ်သော ဒေါ်ကြီးကပြောပြပါသည်။

ကျွန်မတို့ တောင်ဘက်ရပ်ကွက်တွင်နေသော ကဗျာဆရာမ မရီဝေကတော့ နေ့စဉ်လိုမြို့ထဲသို့အသွား မြောက်ဘက်ရှိကျွန်မထံသို့ ဝင် လည်ပါသည်။ စကားပြော၍ဝမှ ကျွန်မစာမှုပေးစရာရှိလျှင်ယူကာ တောင်ဘက်ရှိ မြို့ ထဲသို့ လိုင်းကားစီးသွားပါသည်။ ထိုစဉ်က ‘လုံမလေး’ မဂ္ဂဇင်းတွင် အတော်လေးရေးဖြစ်နေရာ မဝေးလှသော ဆရာမ မလေးလုံ၏ ခြံကြီးသို့လည်း ကားငှားကာ ကျွန်မ အလည်သွားတတ်ပါသည်။

တစ်ခါတွင် ဒေါ်ဒေါ်ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ကဖိတ်၍ သုဝဏ္ဏရှိတိုက်ကြီးသို့လည်း ရောက်ခဲ့ပါသေးသည်။ တောင်ကြီးမြို့မှ ဒေါက်တာအောင် ကျော် (သွား/ဆေး)  က…ပါရဂူ၊ လင်းယုန်မောင်မောင်၊ ခင်နှင်းယုနှင့် ခင်းဝင်း သစ်တို့ကို သူ့သားမှတဆင့် အလှူငွေပေးအပ်သည့်ပွဲဖြစ်ပါ သည်။ ခင်မြဇင်နှင့်သားငယ် သော်ဇင်အုန်း၊ ရာသက်ပန်(တောင်ငူဆောင်)၊ မြတ်၊ သန်းမြင့်အောင်နှင့် အခြားစာပေညီမငယ်လေးများနှင့်ပါ ဆုံဆည်းခဲ့ရပါသည်။

ကန်တော်ကြီး Top Star စာတော်ဆက်တွင်ကျင်းပသော ‘ မိုးမိုး (အင်းလျား)’ စတုထ္တအကြိမ် စာပေဆုပေးပွဲသို့ တက်ရောက်ရာ ခင်လှိုင် ကြူး၊ မအိ၊ ခက်မာ၊ သန်းဌေးမောင်တို့မောင်နှံအပါအဝင် မန္တလေးအမေမာ့ မွေးနေ့ပွဲလာ စာပေမောင်နှမများနှင့် ပြန်ဆုံတွေ့ရပါသည်။ ဆရာမြသန်းတင့်နှင့် ဝင်းဝင်းလက်တို့ စကားတပြောပြောနှင့် ထွက်သွားကြသဖြင့် နှုတ်ဆက်ခွင့်မရလိုက်ပါ။

၁၉၉၈ စက်တင်ဘာလတွင်တော့ ဆရာကြီး ‘ကံ’ က ကျွန်မကို မန္တလေးသို့ ပြန်ခိုင်းပြန်ပါသည်။

ကောင်းပြီ… ဒီလိုဆိုလျှင်ဖြင့် စာပေအဝန်းအဝိုင်းတစ်နေရာရာသို့ ကျွန်မသွားခဲ့ချင်ပါသေးသည်။ ဘယ်ဆီသွားရပါ့။

ဖုန်းဆက်စကားပြောလေ့ရှိသည့် (ကျွန်မဘက်က ဆက်တာပါ) ဆရာလူထုစိန်ဝင်းထံနှုတ်ဆက်ရင်း အကျိုးအကြောင်းပြောကာ…..

‘လေထန်ကုန်း….ကို သွားရရင်ကောင်းမလားဆရာ’ ဟုမေးလိုက်ရာ….
‘မသွားပါနဲ့ကွာ။ နီးနီးနားနား အင်းစိန်က စနေဝိုင်းကိုသွားပါ။ အဲဒီမှာ တင်မိုးတို့ထိုင်တယ်။ စကားကောင်း ကြားရလိမ့်မယ်’ ဟု ညွှန်ကြား ခဲ့ပါသည်။ မြို့ထဲသို့ သွားလမ်း လာလမ်း မသာသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ နောက်တပတ်မန္တလေးအပြန်တွင် ကမာရွက်ဘက်၌ ကျောင်းသားများဆန္ဒပြနေကြသောကြောင့် ရန်ကုန်ဘူတာကြီးသို့ ကြည့်မြင်တိုင်ကမ်းနားလမ်းဘက်မှပတ်ကာ ကားမောင်းသွားခဲ့ရပါ သည်။

စနေနေ့မနက်စောစောတွင်တော့ ကျွန်မ၊ တွန်းလှည်းနှင့် တူမတို့ပါဝင်သော အငှားကားသည် မရီဝေ၏ ဦးဆောင်မှုဖြင့် ‘သပြေရိပ်’ ကဖေး စာပေဝိုင်းသို့ ယွန်းခဲ့ကြပါသည်။ မှတ်မှတ်ရရ အင်းစိန်ကမ်းနားလမ်းကို တိုးချဲ့ဖောက်လုပ်နေချိန်ဖြစ်ရာ လမ်းနှင့်မလွတ်သော တိုက်တာအ ဆောက်အဦးများကို ဖြိုဖျက်ပစ်နေသည်ကိုလည်း လမ်းဘေးဝဲယာတွင် တွေ့မြင်သွားရပါသည်။

လက်ခုပ်တစ်ဖောင်သာသာအမြင့်ရှိသော အကွက်ချစိုက်ထားသည့် သပြေခြံ၏ တောင်ဘက်ခြမ်းစားပွဲ နှစ်လုံးဆက်ဝိုင်းတွင် ကျွန်မတို့ နေရာယူကြပါသည်။ အသီးနုများနှင့် အရိပ်ကောင်းလှသော စောင်းလျားပင်ကြီး၏ မြောက်ဘက်ခြမ်းတွင်ဖြစ်ပါသည်။ ရှေ့ဆင့်နောက် ဆင့်ဆိုသလို ဆရာဦးတင်မိုးတို့ ရောက်လာပါသည်။ အတူပါလာသော ကြည်နိုင်၊ မောင်တင်ဆင့်၊ ယဉ်မင်းပိုက်တို့က ကျွန်မကို ဝမ်းသာအားရနုတ်ဆက်ကြပါသည်။ ဆရာက စားပွဲတောင်ဘက်ထိပ်တွင်နေရာယူကာ အနားရှိ ကျွန်မကို ပြုံးရွင်စွာနူတ်ဆက်ပြီး …..

‘ဘာမှ မစားခဲ့ရသေးဘူး’ ဟုဆိုကာ ဆီချက်ခေါက်ဆွဲတစ်ပွဲ မှာစားပါသည်။ ထိုအတွင်း ကားလေးတစ်စီးဝင်လာကာ ကားပေါ်မှ ဒေါက်တာ ဇော်သန်း၊ မြတ်နှင့် မအိတို့ ဆင်းလာကြပါသည်။ ခေါက်ဆွဲတဝက်စားပြီးသွားသောဆရာက ကျန်သောခေါက်ဆွဲကို…စားမလား…ဟု ကျွန်မကို မေးပါသည်။

‘စားခဲ့ပြီ ဆရာ’ ဟု ကျွန်မအဖြေမဆုံးခင်ပင် ကျွန်မကျောဘက်မှ…ကျွန်မစားမယ်ဆရာ ကျွန်မစားမယ်။ ဆာလှပြီ။ ကျုပ်တို့က တော်တို့ အပျိုတွေလို ဖုတ်ဖက်ခါထလာလို့ရတာမဟုတ်ဘူး။ လင်ကိစ္စ၊ သားကိစ္စ၊ ရုံးသွား၊ ကျောင်းသွားအမှီ လုပ်ပေးပြီးမှ ပြေးလာရတာ။ ဘာမှ မစားခဲ့ရဘူး’ ဆိုသော မအိ၏အသံက ဘောက်ဆက်ဆက် ထွက်လာပါသည်။ တဆက်ထဲပင် ကျွန်မတို့ကို မျက်စောင်းထိုးကာ ခေါက်ဆွဲ ပန်းကန်ကို ဆတ်ကနဲ ဆွဲယူစားနေတော့သည်။ ထိုစဉ်က မရီဝေ၏ခင်ပွန်း ကဗျာဆရာ ‘ကြည်တင်ဦး’ မှာ အင်းစိန်ထောင်တွင် ရှိနေပါသည်။ ကျွန်မက မအိကို…

‘သနားတယ်’ ဟုပြောလိုက်ရာ အားလုံးဝိုင်းရယ်ကြပါသည်။

ဆရာ့တစ်သက်တာတွင် ကဗျာစာအုပ်များစွာ ထုက်ဝေခဲ့သည်။ စာပေဆုများလည်းရခဲ့သည်။ ‘အမေ့ကျောင်း’ ၊ ‘ထီးကလေးနဲ့ မနီ’ ၊ ‘ပျိုး ခင်းတေးသံ’ ၊ ‘ကကြီးခခွေး ကစားပေး’ ၊ ‘ကလေးကဗျာစာအုပ်များထုက် ဝေခဲ့သော ‘က- ကလေးငယ် ချစ်စဖွယ်…ခ- ခရေကုံး မလေးပြုံး’ သင်ပုန်းကြီးလင်္ကာကို ရေးဖွဲ့ခဲ့သော ဆရာ့ကို ကျွန်မက ကလေးကဗျာကြောင်း ဆွေးနွေးမေးမြန်းပါသည်။ ဆရာက….

ကလေးကဗျာဆိုသည်မှာ ကလေးတို့ဘဝ၊ ကလေးတို့ဝန်းကျင်၊ ကလေးတို့ခံစားချက်များကို ကူးယူခံစားရေးဖွဲ့ထားခြင်းဖြစ်ကြောင်းနှင့် ရွတ်ဆိုရန်လွယ်ကူပြီး အသံသာရမည်ဖြစ်ကြောင်း ရှင်းပြပါသည်။ ကလေးကဗျာများရေးသားကြပါဟုလည်း တိုက်တွန်းသွားပါသည်။ ဆရာ့စကားကို အလေးထားမှတ်သားခဲ့သော်လည်း တိမ်မယောင်နှင့်နက်၊ လွယ်မယောင်နှင့်ခတ်သော ကလေးကဗျာကို ယခုအချိန်အထိ ကျွန်မတပုဒ်မျှ မစပ်တတ်၊ မစပ်နိုင်သေးပါ။

(ထိုအတွင်း တူမက စကားတစ်ခွန်း တိုးတိုးလာပြောပါသည်။)

ထို့နောက် တိုင်းရင်းဆေးဆရာကြီး ဆရာမြိုင်က အဖြစ်များသောရောဂါအချို့နှင့် အလွယ်တကူရရှိနိုင်သော ဆေးဘက်ဝင်အပင်များနှင့် ကုထုံးကို ပြောပြပါသည်။ ကြည်နိုင်၊ မောင်တင်ဆင့်နှင့် ယဉ်မင်းပိုက်တို့ စကားအနည်းငယ်စီပြောအပြီး အာဖရိကတိုက်တွင် အလုပ်သွား လုပ်ရာမှပြန်လာကာ အတွေ့အကြုံများကို လစဉ်ဆောင်းပါးရေးနေသူ ဒေါက်တာဇော်သန်းက ရယ်ရွှင်ဖွယ်အတွေ့အကြုံများကို အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောပြလေရာ အားလုံးက ရယ်မောကြရပါသည်။

ထိုအချန်အတွင်း သတိမထားမိဘဲ မနေနိုင်ဖြစ်ရသည့်ကိစ္စတစ်ခုမှာ ကျွန်မတို့၏ကျောဘက် ထောင့်ချိုးရှိစားပွဲမှ အသက်သုံးဆယ်ဝန်း ကျင်ခန့်အရွယ် လူလေးငါးယောက်သည် စိတ်အနှေက်အယှက်ဖြစ်လောက်အောင် အလွန်ဆူညံစွာ စကားအောဟစ် ပြောဆိုနေကြခြင်း ဖြစ်ပါသည်။

တစ်နာရီခန့်ကြာအပြီး ကျွန်မတို့စကားဝိုင်းသိမ်းကာ ပြန်ခဲ့ကြပါသည်။ အားလုံးကိုလည်း ကျွန်မ မန္တလေးပြန်တော့မည့်အကြောင်း နှုတ် ဆက်ခဲ့ပါသည်။

နောက်နှစ်ပိုင်းများမှာတော့ ဆရာ့နောက်ကို အန္တရာယ်များလိုက်နေကြကြောင်း အတွင်းစကားများကြားနေရပြီး မကြာခင်မှာပင် ဆရာ ပြည်ပသို့ထွက်ခွာသွားပြီဟု ကြားရပါတော့သည်။ စိတ်မကောင်းသည့်ကြားမှ ဂုဏ်ယူပြီးပြောကြသည်ကတော့ ….ဆရာသည် မင်္ဂလာဒုံလေ ဆိပ်တွင် ‘ဦးဘဂျမ်း၊ ကျောင်းဆရာ’ …ဆိုသည့်အမည်နှင့် စာရင်းပေးပြီး ခပ်တည်တည် လေယာဉ်စီးသွားကြောင်း ဆိုတာပါပဲ။

ထန်းပင်ရိပ်၊ ထနောင်းပင်ရိပ်၊ မန်ကျည်းပင်ရိပ်၊ သဲချောင်းနှင့် ရေအိုးစင်၊ ကြမ်းကြားလေ ဗူးခါးရေနှင့် ထာဝစဉ်ပျော်မွေ့ချင်သည့် ဆရာ တစ်ယောက် ရေခြားမြေခြားမှာ မပျော်မွေ့ရှာပါ။ အမေရိကန်ပြည်၊ လော့စ်အင်ဂျလိမြို့ နေအိမ်အနောက်ဘက် ခြံစည်းရိုးလေးကနေ အဝေးဆီမျှော်ငေးရင်း မွေးရပ်မြေကိုလွမ်းတနေလေ့ရှိသည်ဆိုသည့် ဆရာ့မျက်ဝန်းများမှာ လွမ်းမျက်ရည်သီသီ ဝေ့နေရှာပေလိမ့်မည်။

ဆေးလိပ်လည်းတို၊ နေလည်းညိုလို့ ပြန်သွားရှာတဲ့ ‘ဧည့်သည်ကြီး’ ခမြာ ဒုက္ခနွံတွင်းက အမိတိုင်းပြည် ကို စိတ်ချသွားရှာမှာမဟုတ်တာက တော့ သေချာပါသည်။

ဆရာပြောဘူးတာလေးတစ်ခုက…..

မြင်းခြံခရိုင်၊ ကန်မြဲရွာကလေးတွင် ကွမ်းယာသည်၊ တိုင်းရင်းဆေးဆရာ၊ လယ်သမား၊ ကျောင်းဆရာတို့သည် စာသင်၊ ဈေးရောင်း၊ မြက် ရိတ်၊ နွားကျောင်း၊ တောသွား၊ ကြိုးကျစ် အလုပ်ခွင်များနားသည့်အချိန်မှာမှ ‘ညချမ်း တူရိယာဝိုင်းကလေး’ ရှိသည်တဲ့။ ထိုတီးဝိုင်းမှ ဂီတစာဆို ‘ကန်မြဲ အေးကျော်’ ၏ ‘ပန်းရည်ဘဏ်တိုက်’ ၊ ‘တောင်တော်ပုပ္ပါး’ ၊ ‘ရုပ်သေးပွဲသွားရအောင်’ ၊ ‘နိဗ္ဗာန်ဆော်’ ….စသည့် ဂန္တဝင် သီချင်းများ ပေါ်ထွက်ခဲ့ပါသည်။ အဲဒီ တူရိယာဝိုင်း၏ခေါင်းဆောင်ကတော့… ဆရာ့အဖေပါတဲ့။

ဝမ်းပန်းတသာ၊ ဂုဏ်ယူစရာ မဟုတ်ပါလား။

ကျွန်မဆောင်းပါးကို နိဂုံးချုပ်ပါတော့မည်။ မေ့သွား၍လည်းမဟုတ်၊ အသေးအဖွဲမို့လည်းမဟုတ်။ အရေးတကြီး အဓိကအချက်ဖြစ်၍ နိဂုံး ချုပ်မှ အထူးဂုဏ်ယူတင်ပြလိုသောအကြောင်းမှာ…..

သပြေရိပ်၊ စနေဝိုင်းတွင် ကျွန်မတို့စကားပြောနေကြစဉ်က စောင်းလျားပင်ကြီးတောင်ဘက်ခြမ်းအောက် ဆရာဦးတင်မိုး၏ကုလားထိုင် နောက်ကျောဘက် လေးပေခန့်အကွာရှိ ထရံကာ မြေစိုက်တဲကလေးအတွင်းမှ ‘စစ်ထောက်လှမ်းရေး’ များ (ထရံပေါက်) မှ ဓာက်ပုံရိုက်၊ မှတ်တမ်းယူနေကြသည်ကို ကျွန်မတို့အားလုံးသိပါလျှက်… လုံးဝ…လုံးဝ…ဂရုမစိုက်ခဲ့ကြပါကြောင်း …။    ။

အပြစ်ကင်း ၊ အဆင်းလှပါစေ။

ငြိမ်း (ရွှေလီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts