ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း

ဝင်းအောင်ကြီး – ဖဆပလ အက်ကြောင်းထဲ စစ်အာဏာရှင်မျိုးစေ့ ထည့်လိုက်ခြင်း

 
ဝင်းအောင်ကြီး – ဖဆပလ အက်ကြောင်းထဲ စစ်အာဏာရှင်မျိုးစေ့ ထည့်လိုက်ခြင်း
ဇန်န၀ါရီ ၁၊ ၂၀၁၅

၁၉၅၈ ခု၊ အာဏာရ ဖဆပလကွဲမည့် သတင်းများကြားရသောအခါ ကျနော်သဘောကျသည့် ပမညတ ဟန်ကျပြီဟု တွက်ဆမိ၏။ ဦးနုက ဖွတ်မရ ဓားမဆုံးတော့ အဖြစ်မခံနိုင်၊ ညောင်ညိုပင်စခန်းက လမ်းခွဲကြမည်ဟု အသံလွှင့်ကြေညာရာ၊ ပိုပြီးဝမ်းသာ၏။ အသက် ၂၀ ကျော်လူငယ်တွေးတွေးမိလို့ပါ။ ၀ါဒလမ်းစဉ်ထက် ပုဂ္ဂိုလ်ရေးကို ပိုမိုအသားပေးသောကြောင့် တည်မြဲကို ဆွေငြိမ်း၊ သန့်ရှင်းကို နုတင်လို့ခေါ်ကာ သတင်းစာတွေကလည်း စည်းကျော်ဘောင်ကျော်ကာ ရေးသားနေကြသည်ကို သတိမထားမိ၊ ဖတ်လို့တော့အင်မတန်အရသာရှိ။

ဖဆပလ နာမည်ကို အများစုထောက်ခံမှု ရထားသော တည်မြဲတို့ယူချင်ယူ၊ အဆောက်အဦကို တ၀က် စီခွဲယူကြမည်ဆိုသောအခါ ရွေးကောက်ပွဲမဲဆွယ်တိုင်း သုံးနေကျ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုကော ဘယ်လိုခွဲကြမလဲဟု သတင်းစာတွေက မေးခွန်းထုတ်၏။ ဖဆပလ အကွဲအပြဲသည် တိုင်းရင်းသား ပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ ရုတ်စွအဆုံး လင်မယားကြားအထိ ရောက်ကုန်ကြပြီ။

အစိုးရအာဏာကို လွှတ်တော်ကနေ ရယူမည်ဟု ဦးနုကဆိုလိုက်၍ အမတ်များအား ၂ ဘက်အပြိုင်လု၊ မက်လုံးတွေပေးကြရာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ပေးမည်ဟူသော ကတိဖြင့် ပမညတ မဲများ ဦးနုတို့ရ၏။

၁၉၅၈ ခု၊ ဇွန်လ ပါလီမန်လွှတ်တော်ထဲ ၀န်ကြီးချုပ်ဦးနု အစိုးရပေါ် အယုံအကြည်မရှိ အဆိုကို တည်မြဲခေါင်းဆောင် ဦးဗဆွေကတင်သွင်းပုံ အစအဆုံး မြန်မာ့အသံက တိုက်ရိုက်အသံလွှင့်သောကြောင့် ထောက်ခံပုံတွေ ကန့်ကွက်ပုံတွေ အပြည့်အစုံ တပြည်လုံးကြားကြရသည်။

မဲခွဲကြသောအခါ အဆိုကိုအမတ် ၁၁၉ ယောက်ကထောက်ခံ၊ ၁၂၇ ယောက်ကကန့်ကွက်၍ ဦးနု၏ သန့်ရှင်းအစိုးရ ဆက်လက်အာဏာရ၏။ သို့သော် ကတိပေးထားသည့်အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်မပေးနိုင်သောအခါ ပမညတ တို့၏ထောက်ခံမဲ မရတော့၍ ပါလီမန်အစဉ်အလာနှင့်ဆန့်ကျင်ကာ ၀န်ကြီးချုပ်ဦးနုက ဘတ်ဂျက်ကို သမတအမိန့်ဖြင့် အတည်ပြုသည်။

လွှတ်တော်ကိုလည်း မဖျက်သိမ်း၊ ကိုယ်တိုင်လည်း အိမ်စောင့်အစိုးရမလုပ်ဘဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းအား ၆ လအတွင်း သန့်ရှင်းမျှတသည့် ရွေးကောက်ပွဲလုပ်ပေးပါဆိုကာ ၀န်ကြီးချုပ်ဦးနုက ပါလီမန်လွှတ်တော်ထဲ အဆိုတင်သွင်းကာ အာဏာအပ်နှင်းသည်။

၂၀၁၄ ခု၊ ဤဆောင်းပါးရေးချိန်၌ ဖဆပလ အကွဲအပြဲလည်း ၅၆ နှစ်ကျော်ခဲ့ပြီ။

ထိုကာလအတွင်း စာအုပ်များစွာ ဖတ်ခွင့်ရ၊ သိစရာတွေ ထပ်ရ သည်သာမက နိုင်ငံတကာ အတွေ့အကြုံရှိ သတင်းသမားလို ကြည့်တတ်လာပြီ။ အဓိကဇာတ်ကောင် ဗိုလ်နေ၀င်း အာဏာရပုံ၊ အာဏာယူပုံ၊ အာဏာခိုင်အောင်လုပ်ပုံတို့ကိုလည်း ဆက်စပ်မြင်လိုက်ရ၏။

ထို့ကြောင့် ဖဆပလ အက်ကြောင်းထဲက စစ်အာဏာရှင် မျိုးစေ့ထည့်လိုက်ခြင်းဟု ဆိုလိုက်ပါ၏။

ဆက်လက်ရှာဖွေ စဉ်းစားကြပါ။

 

၂၀၁၄ ခု၊ ဒီဇင်ဘာလ ၁၆ ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၀င်းအောင်ကြီး – ဖဆပလ အက်ကြောင်းထဲ စစ်အာဏာရှင်မျိုးစေ့ ထည့်လိုက်ခြင်း
  1. ကမ္ဘာ့ ဂီးနပ်စ်မှတ်တမ်း
    * လူတွေကိုပြားနေအောင် အနှစ်၂၀ကျော်အုပ်ချုပ်နိုင်တဲ့ခေါင်းဆောင် ရွေးရမယ်ဆိုရင်တော့ ဦးနေဝင်း၊ ဦးသန်းရွှေ တို့ကိုရွေးချယ်ရပါမယ်။
    * တိုင်းပြည်တိုးတက်အောင်အုပ်ချုပ်ရင်း၊ ဖွတ်မွဲနိုင်ငံဖြစ်အောင်ပ်နိုင်တဲ့ ခေါင်းဆောင်အဖြစ် သူတို့၂ဦးကိုပဲ ဖွတ်ကြားခေါင်းဆောင်အဖြစ် ရွေးချယ်ရပါမယ်။
    * ဒါတွေအားလုံး၊ အတိတ်ကို သင်ခဏ်းစာယူရတတ်လျှင်၊ ထိုင်းနိုင်ငံသည် နမူနာဖြစ်လာပါမည်။
    * စင်ကာပူနှင့်တရုပ်၊တောင်ကိုးရီးယားကဲ့သို့ အခွန်မကောက်ခြင်း၊ ဘတ်ဂျတ်အသုံးချခြင်းများ လုပ်ဆောင်နိုင်မှ ထိုင်းနိုင်ငံနှင့် ပူးပေါင်းလုပ်နိုင်ပါမည်။ သို့မှသာ မြန်မာသည် ကမ္ဘာတွင်မြန်မာအဖြစ် ဂုဏ်ယူစရာဖြစ်လာပါမည်။
    မှတ်ချက်။ ထိုင်းနိုင်ငံသားများ အလုပ်ကိုင်ပေါများပြီး၊ စားဝတ်နေရေးအဆင်ပြေလှပါသည်။ မက္ကဆီကို-အမေရိကား (သို့မဟုတ်) မြန်မာ-ထိုင်း ခပ်ဆင်ဆင်ဖြစ်နေပါသည်။

Comments are closed.