ရသဆောင်းပါးစုံ

ဂျူလိုင် – အမျိုးသားကာကွယ်ရေး တက္ကသိုလ်သို့ အလည်တခေါက်

ဂျူလိုင် – အမျိုးသားကာကွယ်ရေး တက္ကသိုလ်သို့ အလည်တခေါက်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၄

ဒီနေ့ မနက် Nathan Associates Fellowship အစီအစဉ်နဲ့ ဝါရှင်တန်ဒီစီမြို့ တော်မှာရှိတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ် (National Defense University) စစ်သင်တန်းကျောင်းကို သွားကြရမယ်ဆိုတော့ ကိုယ့်အတွေး စိတ်ကူးထဲမှာ တွေးထင်မျှော်လင့်နေခဲ့မိတာက ရေတပ် (Navy), ကြည်းတပ် (Army), လေတပ် (Air Force) က စစ်ဗိုလ်လောင်း၊ အရာရှိလောင်း ချောချောလေးတွေနဲ့ အရှင်လတ်လတ် ကြုံတွေ့ရတော့မယ်ဆိုတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။

စစ်တက္ကသိုလ်ကျောင်းဝန်း Campus ထဲဝင်လိုက်တာနဲ့ တွေးထင်မျှော်လင့်ထားတဲ့အတိုင်း ဖော်ဖော်ရွေရွေ  ရွှင်ပြအပြုံးနဲ့ လက်ကမ်းကြို ဆိုနေတဲ့ပုဂ္ဂိုလ်က အသားဖြူဖြူ အရပ်မြင့်မြင့်။ တခုပဲရှိတာ သူက ကိုယ့်အဘိုးနဲ့ ရွယ်တူလောက်ရှိမယ့် ပုဂ္ဂိုလ်ကြီး (ပါမောက္ခ) တစ်ယောက်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဆိုတာ ဒါပေါ့။ အဲ ပြီးတော့ ကိုယ်တွေက ဒီကယဉ်ကျေးမှုအတိုင်း “Very nice to meet you” ဆိုပြီး နှုတ် ဆက်လိုက်တော့ သူကလည်း အားပါးတရ ပြန်နှုတ်ဆက်တယ် “မင်္ဂလာပါ” တဲ့။ အဲ့ဒီလို အဆီအငေါ်မတည့်။

ပါမောက္ခကြီးက ရှေ့ ကဦးဆောင်ပြီး ကျောင်းအဆောက်အဦးတခုထဲကိုခေါ်သွားကာ ကျောင်းနောက်ခံသမိုင်း အချက်အလက်တချို့ ကို စတင်ရှင်းပြတယ်။ ဒီစစ်တက္ကသိုလ်ကြီးမှာ အမေရိကန် တပ်မတော်ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ၊ အရာရှိတွေကို ဒီပလိုမာများ နဲ့ အဆင့်မြင့် တက္ကသိုလ်ဘွဲ့  ဒီဂရီများကို တက်ရောက်သင်ကြားနိုင်ပါတယ်။ အမေရိကန်တပ်မတော် (American Military) က မြန်မာ့တပ်မတော်ကြီး လိုပါပဲ ပြောရှာတယ်။ မတူညီတဲ့ စစ်တပ်နှစ်ခုရဲ့  မိုးနဲ့မြေ၊ ဆီနဲ့ရေ ကွာခြားမှုတွေကိုတော့ အားနာ လို့ မပြောတာဖြစ်ကြောင်း နားလည်လိုက်တယ်။ သူပြောသမျှ စကားတွေထဲမှာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြောဆိုတော့ မြန်မာနိုင်ငံအကြောင်း တော်တော်လေး လေ့လာထားတယ်လို့ တွေးထင်နေတုန်း သူက ကျနော် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် (တောင်ကြီး၊ ကလော)၊ ပုဂံနဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ကြီးတွေရဲ့ နေပြည်တော်မြို့တော်ကြီးနဲ့ နေရာတော်တော်များများကို သွားရောက်ခဲ့ဖူးတဲ့အကြောင်း ပြောပြ တယ်။

သူ့အပြောအရ … ဒီစစ်တက္ကသိုလ်ကြီး တည်ဆောက်ဖို့ ဖြစ်လာခဲ့တဲ့အကြောင်းက တချိန်က အမေရိကန်နိုင်ငံရဲ့ကိုလိုနီ ဗြိတိသျှတို့ ဝါရှင် တန်ဒီစီမြို့တော်ကို ရေလမ်းကနေ လာရောက်တိုက်ခိုက် ကျူးကျော်ရန်ပြုမှုကို ကာကွယ်ဖို့အတွက် မြို့အဝင်ဂိတ်လို့ ပြောလို့ရတဲ့  အန်နာခို ရှားမြစ် (Anacostia river) နဲ့ ပိုတိုးမက်မြစ် (Potomac river) တို့ ဆုံချက်နေရာကို မဟာဗျူဟာအရ ရေတပ်စခန်းတစ်ခုအနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း။ နောက်ပိုင်းတော့ စစ်သင်တန်းကျောင်းဖြစ်လာပြီး အဓိကရည်ရွယ်ချက်က အရာရှိအရာခံ အကြပ်တပ်သားများ ကို ပညာရေးဆိုင်ရာ နည်းပညာများ သင်ကြားဖို့အတွက်။ အစောပိုင်းမှာ National War College နဲ့ Industrial College of the Armed Forces (အခု Dwight D. Eisenhower School for National Security and Resource Strategy) ကောလိပ်ကျောင်းနှစ်ခုသာ ဖွင့်လှစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ စစ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ ဘာသာရပ်တွေကို သင်ကြားပို့ချတဲ့ ကျောင်း (၅) ခု၊ သုတေသနဌာန (Research Center) စုစုပေါင်း (၉) ခု တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း စိတ်ရှည်လက်ရှည် ရှင်းလင်းပြောပြတယ်။

ကျောင်းအတွင်းပိုင်း အဆောက်အဦးခန်းမထဲရောက်တော့ စာကြည်တိုက် (Library)  တခုထဲခေါ်ဆောင်သွားပြီး ရှင်းပြတာက အမေရိကန် လူမျိုးတွေဟာ အခမ်းအနား (Ceremony) တွေနဲ့ပတ်သတ်ရင် အလွန်အလေးအနက်ထားကြောင်း။ ဒီခန်းမထဲမှာ ဂုဏ်ပြုပွဲတွေ (Honor)၊ တက္ကသိုလ်ကြီးရဲ့  ရုံးဝန်ထမ်းတွေအတွက် မွေးနေ့ပွဲတို့ (birthday party)၊ တခြားပျော်ပွဲရွှင်ပွဲ ပါတီပွဲတွေကို အခါအားလျော်စွာ ဒီ စာကြည်တိုက်ခန်းမထဲမှာ လုပ်ပေးကြောင်း ပြောဆိုပြီး … ကျမတို့ကို ရုတ်တရက် မေးမြန်းလိုက်တာက … “ရန်ကုန်တက္ကသိုလ် (Rangoon University) မှာကော ဆရာ၊ ဆရာမ၊ ဝန်ထမ်းတွေအတွက် ဒီလိုမျိုးတွေ မွေးနေ့ပွဲ၊ ဂုဏ်ပြုပွဲ၊ နှုတ်ဆက်ပွဲတွေ ဘာတွေ လုပ်ပေးလားတဲ့”။ ကျမတို့ အဖြေကတော့ တိုတိုနဲ့ ရှင်းရှင်းလေး “သေချာတာကတော့  ဒီလိုမျိုးပွဲတွေ လုပ်ပေးတာတော့ မရှိလောက်ဘူး။ မကြုံဖူးဘူး” လို့ ပြန်ဖြေတော့ “ဟုတ်လားတဲ့ တကယ်တော့ ဖြစ်နိုင်ရင် လုပ်ပေးသင့်တယ်ပေါ့။ အခုမရှိသေးလဲ ကိစ္စမရှိပါဘူး။ အခု မင်းတို့ သိပြီဆိုတော့ နောင်တချိန် ရန်ကုန်တက္ကသိုလ် (မြန်မာနိုင်ငံ တက္ကသိုလ်တွေ) မှာ ကျောင်းအုပ်ကြီး (President) တွေ၊ တာဝန်ရှိသူတွေ ဖြစ်လာခဲ့ရင် လုပ်ပေးပေါ့။ ဘယ်လိုလဲ လုပ်ပေးနိုင်တယ် မဟုတ်လား” လို့ မေးတော့။

“အင်း လုပ်ပေးမှာပေါ့” လို့ ပြန်ဖြေတော့ သဘောကျတဲ့အပြုံးကို တွေ့ရတယ်။

နောက်ထပ် အခန်းတခန်း (Seminar Room) ထဲခေါ်သွားပြီး မေးတာက “မင်းတို့တက္ကသိုလ်မှာ Lectures သင်ကြားမှုတွေအပြင် Seminars ဆွေးနွေးပွဲတွေရော လုပ်ကြလားတဲ့။ တလကို ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ လုပ်ပြီး၊ ကျောင်းသူကျောင်းသားတွေ၊ ပညာရှင်တွေ ဘယ်နှစ်ယောက်လောက် တက်ကြလဲ။ ဒီဆွေးနွေးပွဲတွေကို တက်ရောက်ကြတဲ့ လူတွေအနေနဲ့ Active participation ဝင်ရောက်ဆွေး နွေးခွင့်၊ မေးခွန်းထုတ် ပြောဆိုမှုတွေ ရှိကြလား” လို့ မေးပြီး သူပြတဲ့ ဆွေးနွေးခန်းမလေးကတော့ လူ (၁၅) ယောက်လောက်ပဲ တက်ရတဲ့ အခန်းဖြစ်ပြီး။ အဲဒီမှာ ဦးဆောင်ဆွေးနွေး ပြောဆိုဟောပြောတဲ့ ဆရာက တက်ရောက်တဲ့ ကျောင်းသားတွေကို တယောက်ချင်း မေးခွန်းမေး၊ ဖြေဆိုခိုင်း ဆွေးနွေးငြင်းခုန် အပြန်အလှန် ဆွေးနွေးကြတယ်တဲ့။
အဲဒီနောက် အပေါ်ထပ်က သူ့ရုံးခန်းရှိရာကို ခေါ်ဆောင်သွားခဲ့တယ်။ သူ့ရုံးခန်း မှန်ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ မြင်ရတဲ့ မြင်ကွင်းက …

ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေတဲ့ မြစ်ရေပြင်ကျယ်ကြီး။ အလွန်သာယာ စိတ်ချမ်းမြေ့စရာကောင်းတယ်လို့ပြောမိတော့ သူက “ဟုတ် တယ် … ဒီတက္ကသိုလ်က ဝါရှင်တန်ဒီစီမြို့တော်ကို ဖြတ်သန်းစီးဆင်းတဲ့  အန်နာခေါ့စ်ရှားမြစ် ကမ်းနားဘေး၊ ရေလမ်းဆက်သွယ်မှု အချက် အချာကျ၊ အကောင်းဆုံး၊ အလှဆုံးနေရာတခုကိုရွေးချယ်ပြီး ဆောက်ထားခဲ့ကြောင်း။ အစောပိုင်းက စစ်တက္ကသိုလ်ကျောင်းတွေဆို ဒီလိုပဲ ဗျူဟာကျပြီး အကောင်းဆုံး၊ သင့်တော်တဲ့နေရာကို ရွေးပြီးဆောက်ကြတယ်။ မင်းတို့ မြန်မာနိုင်ငံက မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် (Defence Services Academy) လိုပေါ့တဲ့။

မြန်မာပြည်မှာ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက် (ဒီနေ့အထိ) လယ်ယာမြေတွေကို စစ်တပ်က တပ်ပိုင်မြေအဖြစ် အတင်းအဓမ္မ သိမ်းယူပြီး လယ်သမားတွေကို တန်ရာတန်ကြေး လျော်ကြေးမပေးတဲ့ ပြဿနာကို ပြောပြတော့ သူက “ကျနော်တို့ဆီမှာလည်း ဒီတက္က သိုလ်ကြီး စဆောက်တုန်းက မြေယာတချို့တဝက်ကို လယ်သမားတွေဆီက သိမ်းယူခဲ့တယ်။ အဲဒီတုန်းက ကျနော်တို့လည်း လယ်သမား တွေကို တန်ရာတန်ကြေးမပေးဘဲ သိမ်းလိုက်တာမျိုးတွေ ရှိခဲ့ပါတယ် (အမှန်တော့ အမေရိကန်နိုင်ငံမှာ လယ်ယာမြေပိုင်ဆိုင်သူတွေက ချမ်းသာကြွယ်ဝကြတဲ့ မြေရှင်ကြီးတွေ)။  ဒါပေမဲ့ အဲဒီလိုမျိုး ဥပဒေမဲ့ လုပ်ရပ်မျိုးတွေ အခုတော့ လုပ်လို့မရတော့ဘူး။ လုပ်လည်းမလုပ်သင့်ဘူး။ မင်းတို့နိုင်ငံမှာလည်း တဖြည်းဖြည်းနဲ့ မှန်ကန်သင့်မြတ်တဲ့ တရားဥပဒေတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သမာသမတ်ကျတဲ့ တရားဥပဒေ၊ နည်းဥပဒေတွေ တည်မြဲလာအောင် အစိုးရအနေနဲ့ ပြင်ဆင်ရေးဆွဲ ပြဌာန်းလုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီ အချိန်အခါ ကျရင် ဒီလို တရားမဲ့ လယ်ယာမြေတွေ သိမ်းယူတာတွေ၊ လယ်ယာမြေ ပဋိပက္ခတွေ ချုပ်ငြိမ်းကွယ်ပျောက်သွားပါလိမ့်မယ်” လို့ မျှော်လင့် ကြောင်း နှစ်သိပ်ပြောဆိုတယ်။

ကျောင်းခန်းမ လူသွားလမ်း စင်္ကြန်လမ်းတလျှောက် လျှောက်သွားကြတော့ နံရံနှစ်ဘက်ပေါ်မှာ ချိတ်ဆွဲထားတဲ့ International Fellows Hall of Fame ဆိုတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီးတော့ အဲ့ဒီ ဓါတ်ပုံထဲက စတိုင်ကျကျ ခန့်ညားတဲ့ ပုဂ္ဂိုလ်ကြီးတွေအကြောင်း မေးကြည့်လိုက်တော့ “နိုင်ငံတကာမှ အများအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အဆင့်မြင့် စစ်သင်တန်း နည်းပညာ Fellowship တက်ခွင့်ရရှိခဲ့ကြတဲ့ သင်တန်းသား တွေထဲက ထူးချွန်တဲ့ ခေါင်းဆောင်အရာရှိတွေဖြစ်ကြောင်း။ နှစ်စဉ် (၁) နှစ်ကြာ နည်းပညာသင်တန်းကို နိုင်ငံပေါင်း (၅၀) က တပ်မတော် အရာရှိအရာခံတွေကို ရွေးချယ်ပေးနေကြောင်း …”မိမိက မြန်မာနိုင်ငံက တပ်မတော်အရာရှိအရာခံတွေကို မဖိတ်ကြား၊ ဒီလို အခွင့်အရေး မျိုးတွေ မပေးဘူးလားဆိုတော့ …. ချစ်စဖွယ်အပြုံးနဲ့ “ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေး ဒီထက် ပိုမိုကောင်းမွန်လာပြီး၊ မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲ၊ တည်ငြိမ်အေးချမ်းလာရင်တော့ ဖိတ်ကြားခေါ်ဆိုဖို့ အစီအစဉ်ရှိပါကြောင်း” ဖြေဆိုတယ်။

နောက် စိတ်ဝင်စားစရာ ပုဂ္ဂိုလ်ကြီးတဦးရဲ့  ဓါတ်ပုံတပုံနဲ့ ပတ်သက်ပြီး ပြောပြတာက သူက အမေရိကန်နိုင်ငံ အစိုးရရဲ့   အကြံပေး၊ သံတမန်၊ နိုင်ငံရေးသုတေသီ၊ သမိုင်းပညာရှင်ဆိုသူ George F. Kennan ဖြစ်ကြောင်း။ မစ္စတာ ခန်နန်ကို အများ (ကျနော်တို့) က the Father of Containment လို့ အသိအမှတ်ပြု ဂုဏ်ပြုကြတယ်။ သူက စစ်အေးခေတ်ကာလမှာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို ပြုပြင်ရေးဆွဲ အကြံပြုခဲ့တဲ့ Foreign Policies Expert အဖြစ် ထင်ရှားခဲ့သူဖြစ်တယ်။ အထူးသဖြင့် ဆိုဗီယက်နိုင်ငံကို ဘယ်လို ကိုင်တွယ် ရင်ဆိုင်ဆက်ဆံဖို့  အမေရိကန် နဲ့ အနောက်နိုင်ငံတွေကို ရှင်းရှင်းလင်းလင်း အကြံပြုပြောဆိုခဲ့ပြီး၊ သူရေးခဲ့တဲ့ ထင်ရှားတဲ့ “Long Telegram” စာအုပ် နဲ့ “Sources of Soviet Conduct” ဆောင်းပါးတွေကို အချိန်ပေးပြီး ဖတ်ကြည့်ဖို့ အကြံပြုတယ်။ ဗဟုသုတအဖြစ် ဖတ်ဖို့ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားလိုက်တယ်။

ကိုယ်တွေကလည်း ရရှိတဲ့အခွင့်အရေး၊ အချိန်အတွင်းမှာ သိချင်တာတွေကို အားမနာတမ်း စပ်စပ်စုစု ဟိုမေးဒီမေး သူကလည်း  စိတ်ရှည် လက်ရှည် ဖြေကြားရှင်းလင်း ပြောဆိုခဲ့ပြီး၊ နေ့လယ်ပိုင်းမှာ စားသောက်ခန်းမ (Cafeteria) ကို ခေါ်သွားပြီး နေ့လယ်စာနဲ့ တည်ခင်း ကျွေး မွေးတယ်။ ထမင်းစားသောက်ပြီးနောက် အမှတ်တရ ဓါတ်ပုံတွေရိုက်၊ အချိန်ပေးပြီး လိုက်လံပြသ ရှင်းလင်းပြောပြတဲ့အတွက် အထူးကျေးဇူး တင်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုပြီး အလွန်ချစ်ခင် လေးစားဖွယ်ကောင်း၊ ဗဟုသုတကြွယ်ဝ၊ သဘောထားပြည့်ဝတဲ့ ပါမောက္ခကြီးကို နှုတ်ဆက်ပြီး အတွေးပေါင်းများစွာနဲ့ တည်းခိုဆောင်ကို ပြန်လာခဲ့တယ်။
=========

စာရေးသူမှာ ၂၀၁၄ Robert R. Nathan Memorial Foundation Fellowship ကို ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ Nathan Associates စီးပွားရေးသုတေသနအဖွဲ့အစည်းမှာ နှစ်လကြာ လေ့လာခွင့်ရရှိခဲ့သူ ဖြစ်ပါသည်။ စာရေးသူနဲ့ ဗွီအိုအေ မြန်မာသတင်းဌာန ဆက်သွယ်မေးမြန်းချက်ကိုလည်း ဒီနေရာ (http://burmese.voanews.com/audio/2534941.html) မှာ နားထောင်နိုင်ပါသည်။ တခြား သွားခွင့် လေ့လာခွင့်ရခဲ့တဲ့ နေရာ၊ အဖွဲ့အစည်းတွေအကြောင်းတွေကိုလည်း အခါသင့်သလို တင်ပြပါမည်။ (ကိုယ်တိုင်ရိုက် ဓါတ်ပုံများ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts