ထူးထူး (တောင်ငူ) – ၀တ်တော့ ၀တ်မယ်

ထူးထူး (တောင်ငူ) – ၀တ်တော့ ၀တ်မယ်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၄

အခန်း (၁)

“ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြပေးတော်မူသော မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏အရှင်ဘုရား …။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြပေးတော်မူသော မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့် တရား၊ ဓမ္မများကို ကိုးကွယ်ရာဟူ၍ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏အရှင်ဘုရား …။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြပေးတော်မူသော မြတ်စွာဘုရားရှင်ဟောကြား တော်မူခဲ့သည့် တရား၊ ဓမ္မများကို တ ဆင့် ပြန်လည်ဟောကြားဆုံးမပေးတော်မူသော မြတ်စွာဘုရား၏သားတော် သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏အရှင်ဘုရား” …

ရွှေထူးတယောက် တပတ်တရက်သာ ရတဲ့ပိတ်ရက်ကလေးမှာ အခုလို စိတ်အေးလက်အေး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်မှန်းကာ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ ဆပ်ကပ်ပူဇော်ပြီး သြကာသ အစရှိကာ အခုလို ဘုရားဝတ်ပြုနေခြင်းပါ။

ပြီးရင်တော့၊ မြန်မာပြည်စံတော်ချိန်ကိုကြည့်ပြီး ကျေးဇူးရှင် မွေးသမိခင်ဆီ ဖုန်းဆက်ဖို့စဉ်းစားထားပါတယ်။

မိသားစုစားဝတ်နေရေးအတွက် သူသိပ်ချစ်ရတဲ့ အသက် (၇၀) အရွယ်အမေမုဆိုးမကြီး၊ နှမနဲ့ ညီငယ်တို့ကို ခွဲခွာပြီး၊ တခါမှမရောက်ဘူးတဲ့ နိုင်ငံရပ်ခြားမှာ ဆွေမရှိ၊ မျိုးမရှိ ဘ၀ကို တကိုယ်တည်းရုန်းကန်ခဲ့တာ အခုဆို (၇) နှစ်ကျော်ခဲ့ပါပြီ။
+++++

အခန်း (၂)

ရွှေထူးဖုန်းဆက်တော့ အမေက ၀မ်းသာသလို၊ အမေ ကျန်းကျန်းမာမာရှိနေတယ်ဆိုတာ ဖုန်းထဲကတဆင့်သိရတဲ့အတွက် ရွှေထူးလည်း အတိုင်းမသိ ၀မ်းသာကြည်နှုးမိပါတယ်။ အမေပြောပြချင်နေတဲ့ သူ့သမီးအကြောင်း၊ အငယ်ကောင်အကြောင်း၊ အခြားဆွေမျိုးတွေ အ ကြောင်းတွေကို သေသေချာချာ စိတ်ပါလက်ပါနားထောင်နေရင်း၊ အမေသိချင်လို့ မေးတဲ့ ရွှေထူးရောက်နေတဲ့ နိုင်ငံကအကြောင်း တွေ ကိုလည်း သိသလောက် ကျေကျေနပ်နပ်ကြီးပြောပြနေမိပါတယ် …..။

အဲ့သလိုပြောနေရင်း၊ အမေက “ငါ့သား- မင်းပြောချင်တာ၊ သိချင်တာရှိလဲ၊ အမေ့ကို မေးလေ၊ အမေ ချည်းပဲပြောနေသလိုဖြစ်နေတယ်” ဆိုတော့မှ

“အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။ နောက်ပြီး အမေတို့ အဆင်ပြေကြရဲ့လား၊ သားပို့တဲ့ငွေနဲ့ လောက်ကော လောက်ရဲ့လား။ အခြား ဘာအခက်အခဲတွေများရှိနေသေးလဲ?” သားကို ပွင့်ပွင့်လင်းလင်းသာ ပြောပါအမေလို့ မေးလိုက်ပါတယ်။

“သားရယ် … ဒါတွေက အဓိကမကျပါဘူး။ ငါ့သား အမေ့ဆီဖုန်းဆက်တယ်။ သားနေကောင်းတယ်ဆိုတာ အမေသိရရင် ကျေနပ်ပါပြီ သားရယ်။ သားသာ ကျန်းမာရေးကို ဂရုစိုက်နော်။ အမေတို့အတွက် ငါ့သား မပူနဲ့။ အမေတို့နေတတ်ပါတယ်” တဲ့။

ရွှေထူး တယောက်အတင်းမေးတော့မှ “သားရယ်- မင်းနှမနဲ့ အငယ်ကောင် ကျောင်းစရိတ်၊ ကျူရှင် စရိတ်တွေမပါသေးဘဲ၊ အမေတို့မိသားစု (၃) ယောက် တနေ့ ထမင်း ပုံမှန်ဆန်နဲ့ သုံးနပ်ပေါ့၊ နောက် ငါးပိရည်တို့စရာနဲ့ ကန်စွန်းရွက်ကြော်တခွက်၊ နောက်ကြက်ဥကြော် တယောက် တလုံးနှုန်းစားရင်တောင် တလတသိန်းမလောက်သေးဘူး …… ဒါတောင် အားလုံးကျန်းမာရေးလေးကောင်းနေလို့၊ မဟုတ်ရင် မလွယ်ဘူး သားရေ …… အလှူအတန်း၊ ရပ်ကွက်အတွင်း သာရေး၊ နာရေးကိစ္စတွေ မပါသေးဘူး” တဲ့။

အမေက ဆက်ပြောတယ်- “ငါ့သားကြီးလည်း ဆွေမရှိ၊ မျိုးမရှိနဲ့ ရပ်ဝေးမြေခြားမှာ တယောက်တည်းနေ နေရတာ အမေသနားလှပါပြီ သားရယ်” …..

နောက် ငိုသံကြီးနဲ့ “သားရယ်- မင်းညီလေး ကျောင်းပြီးတဲ့အထိတော့ ဆက်ပြီးတင်းထားပါ အုံးနော်၊ အမေလည်း ငါ့သားကြီးကိုသနားလှပါပြီ” …..

အသံ တော်တော်ကြာကြာတိတ်သွားပြီးမှ၊ “သားကြီး၊ ဘယ်နေရာရောက်ရောက် ဘုရား၊ တရားကို မမေ့နဲ့နော်….. အိပ်ရာကနှိုးတာနဲ့ သရဏဂုံကို အရင်ဆုံး ဆောက်တည်နော်….. ငါးပါးသီလကို အမြဲတမ်းလုံအောင်ထိန်းသိမ်းနော် ….. သားကြီးက အမေနဲ့ အနေဝေး နေပေမယ့်လို့၊ အမေ့စကားကိုနားထောင်ရင် အမေနဲ့အနီးကပ်နေ နေသလို အဓိပ္ပာယ်ရှိပါတယ်” တဲ့။

“ဟုတ်ကဲ့ပါ အစ်မေ” လို့ပြန်ပြောပြီး၊ အမေဆက်ပြောမယ့် စကားကိုစောင့်နေမိပါတယ်။

“သားရေ ….. သာဓုခေါ်နော်၊ အမေလေ နေ့တိုင်း ကိုယ်တော်တပါးကို ဆွမ်းနဲ့ ဆွမ်းဟင်း အမြဲလောင်းတယ် ….. စိတ်စေတနာရှိပေမယ့်၊ အများကြီးတော့လည်း မနိုင်ဘူးလေ …. အဲ့တော့- တပါးကိုတော့ အမြဲဆွမ်းလောင်းတယ်….. သားကြီးရဲ့ ကုသိုလ်တွေပေါ့ကွယ်….. အချိန် တန်လို့ သားကြီးပြန်လာရင်၊ အမေ သားကို ရဟန်းခံပေးချင်တယ် ….. သား ၀တ်မှာမဟုတ်လား” တဲ့။

“၀တ်မှာပေါ့ အမေ … သား ဘုန်းကြီးဝတ်မှာပေါ့။ ဒါပေမယ့်- အမေ သား တရားရိပ်သာတခုခုမှာပဲ ၀တ်ချင်တယ်အမေ” ….. ဆိုတော့ အမေက

“ဘာဖြစ်လို့တုန်း သားရဲ့” တဲ့

“ဘာမှ မဖြစ်ပါဘူး အမေ- လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ညစ်ပေနေတဲ့ သားရဲ့ စိတ်ကို ဖြူဖွေးသွားအောင် စိတ်ကြိုက်လျှော်ပစ်ချင်လို့ပါ” ဆိုတော့

“သာဓု၊ သာဓု၊ သာဓု” ၊ “ငါ့သားကြီး ကျန်းမာချမ်းသာပါစေကွယ်”တဲ့၊ အမေ့ရဲ့ ဆုပေးသံလည်းအဆုံး၊ ဖုန်းကဒ်ထဲက ပိုက်ဆံလည်းကုန် သွားပါတော့တယ်။

ရွှေထူး တယောက် အမေနဲ့ဖုန်းပြောအပြီး၊ ၀မ်းသာရွှင်လန်းစွာ တကိုယ်တည်းရေရွတ်မိတာကတော့ “စိတ်ချအမေရေ၊ ပြန်လာရင် အမေ့ သား ဘုန်းကြီးဝတ်မယ်” တဲ့။

ထူးထူး (တောင်ငူ)

Photo by Aung Htet