ဆောင်းလူ

ဆောင်းလူ – ငါပြန်ရောက်ခဲ့ရာ ငါ့မြို့ကလေး

ငါပြန်ရောက်ခဲ့ရာ ငါ့မြို့ကလေး
ဆောင်းလူ
အောက်တိုဘာ ၂၇၊ ၂၀၁၃


မြင်မြင်ရာ စိမ်းစိမ်း …။ လမ်းတွေ ..ဟိုးတုန်းကလိုပဲ ကောက်ကောက်ကွေ့ကွေ့ …။ တံတားတွေ ..ဟိုးတုန်းကလိုပဲ … စောင်းစောင်းရွေ့ရွေ့ …။ ပျဉ်ထောင် သွမ်မိုး .. မြေစိုက်တိုင်တွေနဲ့ ..အိမ်လေးတွေက ငါ့ကို ပျက်ရယ်ပြုတယ် …။ လမ်းဆုံတွေမှာ ဖုန်တွေ တသောသော …။ လမ်းဆုံတွေမှာ လူတွေ တသောသော …။ ဒါ … ငါပြန်ရောက်ခဲ့ရာ ငါ့မြို့လေး …။ 
သံပတ်သံနဲ့အတူ နိုးထလာတဲ့ … ကျောက်စရစ်လမ်းတွေမှာ … စိတ်ကိုအကျဉ်းချပြီး တရွေ့ရွေ့ …။ ဘေးဘက်မှာ အစီအရီရှိလှတဲ့ ..ပတ် တမ်န်ဆန်ဆန် ဆိုင်ခန်းတွဲများ ..။ ရှေ့မှာ ရေတမာတန်းတွေ .. မယ်ဇယ်တန်းတွေ …။ အနံ့အသက်တွေက ခါးလို့ …။ 
လမ်းဖြတ်ဖောက်ခင်းထားတဲ့ …. နှစ်လမ်းသွား … ရထားသံလမ်း …။ လူတွေ အစုလိုက် အပြုံလိုက် …တိုးဝှေ့လို့ …။ တခုတည်းသော ..သံဘောင်သံခင်းတတားက …. ပေ နှစ်ဆယ်။ ဘေးတဘက် တချက်မှာ ငုပင်တွေနဲ့ ..ပိတောက်ပင်တွေ …။ ရာသီဆို ဒဏ်ရာတွေပြည့်လို့ …။ 
စပါးတွေလည်း ၀ါလာပြီ …။ ရေမလျံပါပဲ …လမ်းဘေးတချက်မှာ ငါးတွေ ..တာပေါ်ကျော် ..လမ်းပေါ်ရောက် …ဖျတ်ဖျတ်ကို လူးလို့ …။ 
အအေးဒဏ်ကို အံတုခံနေတဲ့ ငါပြန်ရောက်ခဲ့ရာ ငါ့မြို့ကလေး ..။ မြင်မြင်ရာ စိမ်းစိမ်း …။ 
လမ်းတွေ စိမ်းစိမ်း …
မြက်ခင်းတွေ စိမ်းစိမ်း …
လူတွေ စိမ်းစိမ်း …
စိတ်တွေ စိမ်းစိမ်း …
ဘ၀တွေ စိမ်းစိမ်း …
လမ်းဘေး ချိုကျဆိုင်ပေါ်က .. စီးကရက်စိမ်းစိမ်း …
လမ်းဘေး လိုင်စင်ရ ခွက်ပုန်းဆိုင်ပေါ်က အမြည်းစိမ်းစိမ်း …
လမ်းဘေး ကွမ်းယာဆိုင်ပေါ်က ထုံးရည်ကြည် စိမ်းစိမ်း …
လမ်းဘေး ၀က်သားတုတ်ထိုးဆိုင်ပေါ်က အချဉ်ရည် စိမ်းစိမ်း ….
လမ်းဘေး မုန်းဟင်းခါးဆိုင်ပေါ်က တမယ်ရည် (မုန့်ဟင်းခါးရည်) စိမ်းစိမ်း …
လမ်းဘေး အကြော်ဆိုင်ပေါ်က ဘူးသီးကြော် စိမ်းစိမ်း …
မယ်ဇယ်တွေ စိမ်းစိမ်း …
တမာတွေ စိမ်းစိမ်း …
ပိတောက်တွေ စိမ်းစိမ်း …
ငုတွေ စိမ်းစိမ်း …
ကြည့်လိုက်စမ်း …
ဖြတ်သွားဖြတ်လာ ..လူသားတွေတောင်မှ နှလုံးသားတွေမှာ အစိမ်းရောင်တွေ ထလို့ …။ ခု ပြန်ရောက်ခဲ့ရာ ငါ့မြို့လေး ..အနီရောင်တွေတောင် အစိမ်းဘက်ကူးလို့… တလောကလုံး ခပ်စိမ်းစိမ်းဖြစ်ကုန်ကြတယ် …။ 
ခြောက်သွေ့တဲ့ လယ်ကွင်းမှာတောင် ရိုးပြတ်တွေ ခပ်စိမ်းစိမ်းနဲ့… အိမ်ကူးပြောင်းနေတဲ့ ဂဏာန်းကောင်တောင် တကိုယ်လုံး ခပ်စိမ်းစိမ်း ဖြစ်လို့ … ငါ့ကို ခြေလေးဘက် ..လက်လေးဘက် စုံလိုက်ရွေ့ရင်း ..မျက်လုံးစိမ်းစိမ်းနဲ့ …ပြူးပြဲကြည့်လိုက်သေးတယ် …။ 
ခုတော့ အရောင်တွေ ထောင်းလမောင်းကျေလို့ .. အစိမ်းဘက်ကူးနေတဲ့ မြို့ပေါ်မှာ .. မစိမ်းတာဆိုလို့ လူသွားလူလာနည်းတဲ့ ပန်းရင့်ရောင် ခပ်သန်းသန်း မြို့ပတ်လမ်းလေးတခုသာ ထီးထီးကြီးကျန်တော့တယ် …။

ငါပြန်ရောက်ခဲ့ရာ ငါ့မြို့မှာ ခုတော့ အစိမ်းတွေချည်းနဲ့ ရှင်သန်နေတယ် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts