မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ ဖြစ်ရပ်များ၊ အမှတ်တရများ

အောင်တင်ထွန်း – ကွန်းလုံအနီး တာတိလိန်တိုက်ပွဲ ၂/၇၈

အောင်တင်ထွန်း – ကွန်းလုံအနီး တာတိလိန်တိုက်ပွဲ ၂/၇၈
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၄ 

တပ်ရင်း။         ။ အမှတ် ၈ ခြေလျင်တပ်ရင်း
တပ်မ။        ။ အမှတ် (၇၇) ခြေမြန်တပ်မ
တည်နေရာ။    ။ ဘီးလင်း / မှော်ဘီ
အကြောင်းအရာ။    ။ အမှတ်(၈) ခြေလျင်တပ်ရင်း၏ တိုက်ပွဲဖြစ်စဉ်
ရက်စွဲ။        ။ ၁၉၇၈ ခု ဖေဖော်ဝါရီလ ၆ ၇က်နေ့
တိုက်ပွဲတည်ရာ။    ။ တာတိလိန်တောင်ကြော

အပိုဒ်(၁) ။    အမှတ် (၈) ခြေလျင်တပ်ရင်းသည် ၂.၂.၇၈ ရက်နေ့တွင် မုံးကျက်ရွာမှထွက်ခဲ့ပြီး ၃.၂.၇၈ ရက်နေ့တွင် နားတီးသို့ရောက်ပြီး ၄.၂.၇၈ ရက်နေ့တွင် ကွမ်လုံမြို့ အမှတ် (၉၉) တပ်မ၏ နည်းဗျူဟာ (၉၉၃) သို့ သတင်းပို့ရ ပါသည်။

ကျနော်တို့၏ ခလရ (၈) စက(၁) နောက်ဆုံးစစ်ထွက်အင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အပိုဒ်ခွဲ(က)    ခလရ (၈) စကရုံး ၂၂ ယောက်၊ ရင်းမှူးအပါအဝင်
ခလရ (၈) လက်နက်ကြီးစု ၁၈ ယောက်
”       တပ်ခွဲ (၁) ၇၈ ယောက်
”       တပ်ခွဲ (၂) ၇၆ ယောက်
စုစုပေါင်း ၁၉၄ ယောက် ဖြစ်ပါသည်။
အရာရှိ ၉ ယောက်နှင့် အခြားအဆင့် ၁၈၅ ယောက် ဖြစ်ပါသည်။
တပ်ခွဲ (၁) ကို ဗိုလ်ကြီးထွန်းမြင့်
တပ်ခွဲ (၂) ကို ဗိုလ်ကြီးမြင့်သောင်း တို့က အုပ်ချုပ်ပြီး
စစ်ကြောင်းရုံးကို ဗိုလ်ကြီးရန်အေးက စီမံကွပ်ကဲပါသည်။
ထောက်လှမ်းရေးမှူး ဗိုလ်ထွန်းအောင်သာသည် ရင်းမှူးကြီးနှင့်တွဲ၍ စီမံကွပ်ကဲပါသည်။

လက်နက်ကြီးတပ်စုမှ တပ်ကြပ်ထွန်းခင်ကတော့ ၇၅မမ နောက်ပွင့်နှင့် ၃ လက္မစိန်ပြောင်းတို့အား ကြီးကြပ်သော အကြပ်ဖြစ်ပါသည်။
အထက်ပါတို့သည် ရတခလရ (၈) စက (၁) ၏ ဖွဲ့စည်းပုံအနေအထားဖြစ်ပါသည်။

အပိုဒ် (၂)။    
ရတခလရ (၈) စက (၁) သည် ၅.၂.၇၈ ရက်နေ့တွင် ကွမ်လုံကူးတို့ဆိပ်သို့ ဦးတည်ထားပါသည်။ အကြောင်းကတော့ တပ်မ ၉၉၃ နှင့် တပ်မ ၆၆၁ တို့ ညှိနှိုင်းနေသောကြောင့်ဟု နောက်မှသိရပါသည်။ ရတခလရ (၈) သည် တပ်မ (၇၇) ၏ လက်အောက်ခံတပ်ရင်း တရင်း ဖြစ်ပါသည်။

၅.၂.၇၈ ရက်နေ့တွင် ခလရ (၄) တပ်ရင်းမှူးနှင့်တွေ့ကြပြီး ထိုနေ့ညနေ ၅း၃၀ ချိန်ခန့်တွင် နန့်ဟူးရွာမှဖြတ်ပြီး တောင် ကြောကြီးတခုပေါ်သို့ တက်နေကြပါသည်။ ကျနော်တို့တက်နေချိန်တွင် မီးကျည် ၂ ချက်ပစ်သည်ကို မင်ရပြီး အမြောက်ပစ်သံများကိုပါ ကြားနေရပါသည်။

ထိုသို့ တရွေ့ရွေ့ချီတက်နေရာမှ တာတိလိန်တောင်ကြောသို့ ထိုနေ့ည ၈း၄၀ ချိန်လောက်တွင် လက်နက်ငယ်ပစ်ခတ်သံများကို ကြားလိုက် ရပါသည်။ မကြာမီ လက်နက်ကြီး ၈၁ မမ ကျသံများကိုပါ ဆက်တိုက်ကြားနေရပြီး ကျနော်တို့ဘက်မှ ရှင်းလင်းနေကြောင်းကို သိရပါသည်။ မကြာမီ တပ်ရင်းမှူးမှ စက်ရုံးအဖွဲ့ ရှေ့တက်လာရန် အမိန့်ပေးသောကြောင့် ကျနော်နှင့်ရုံးအဖွဲ့၊ ရင်းမှူးလက်ဖြောင့်တပ်စိတ်တို့ ရှေ့တက် လာကြပါသည်။ ထိုနေ့ည ၉း၂၀ ခန့်လောက်တွင် တပ်ခွဲ (၁) မှ အလုပ်သင်ဗိုလ် မင်းအောင်နှင့် ဒုတပ်ကြပ်ရီထွန်းအပါအဝင် ရဲဘော် (၆) ယောက် လက်နက်ကြီးထိမှန်၍ ကျဆုံးသွားကြပါသည်။ တဆက်တည်းပင် တပ်ခွဲ (၂) တပ်စု (၁) မှ ဗိုလ်ဌေးအောင်သည် လက်နက်ငယ် ထိမှန်၍ ပေါင် ၂ ချောင်း မလှုပ်ရှားနိုင်တော့ပါ။

ထိုအချိန် ဗိုလ်ကြီးမြင့်သောင်းနှင့် တပ်စိတ် ၁ စိတ် နောက်မှတက်လာပြီး ရင်းမှူးနှင့် အဆက်အသွယ်လှုပ်ရှားနေပါသည်။ ဗကမြင့်သောင်း တပ်ခွဲသည် နောက်ပိုင်းမှအကာဖြစ်ပြီး ဗကထွန်းမြင့်တပ်ခွဲသည် ပွိုင့်ရှင်းတပ်ခွဲဖြစ်ပါသည်။

ထိုနေ့ည ၁၁ နာရီခန့်လောက်တွင် အပစ်ရပ်တန့်ပြီး တိုက်ပွဲဖြစ်စဉ်ကို ၉၉၃ သို့ ဆက်သွယ်ရေး (၆၂) စက်ဖြင့် ပို့နေပါသည်။ တပ်ရင်းမှူးမှ ရန်သူ့အင်အားကို ၃၀၀ လောက်သာခန့်မှန်းပြီး မိမိတို့ မနက်လင်းပါက ချေမှုန်းပြီး ရည်မှန်းချက် အရောက်ချီတက်မည်ဖြစ်ကြောင်း တင်ပြ နေပါသည်။ ၎င်းနောက် နံက်လင်းအားကြီး ၄ နာရီချိန်တွင် ထပ်မံဖြစ်နိုင်ကြောင်း ကြိုတင်အမိန့်ပေးကာ လုံလုံခြုံခြုံနေကြဖို့ သတိပေး နေပါသည်။
ဒီလိုနှင့် ၆.၂.၇၈ ရက်နေ့ ၀၆၀၀ နာရီချိန်ထိ ဘာမှ ထူးခြားမှုမရှိတော့ပါ။ ၀၇၀၀ ချိန်တွင် ကွမ်လုံမှ စက်ဖြင့် အဆက်အသွယ်ယူနေပါသည်။ လက်နက်ကြီး ၁၂၀မမ အမြောက်ကုန်းမှ ပစ်မှတ်ညွှန်းကို တောင်းဆိုနေသံ ကြားရပါသည်။ ထောက်လှမ်းရေးမှူး ဗိုလ်ထွန်းအောင်သာနှင့် ကျနော်သည် မြေပုံကိုကြည့်၍ ပစ်မှတ်ညွှန်းကို ပေးနေရပါသည်။

တပ်ခွဲ (၁) မှူး ဗိုလ်ကြီးထွန်းမြင့်သည် တပ်ရင်းမှူး ဗိုလ်မှူးတင်ကြည်အား ရန်သူ့အခြေအနေအင်အားများကြောင်း ခန့်မှန်း ၁၅၀၀ ယောက် ထက်မနည်းကြောင်း ခန့်မှန်းပြီး လက်ရှိတည်နေရာကိုပြင်ဆင်ပြီး ခံစစ်နေရာရွေးရန် တင်ပြသံကို ကြားလိုက်ပါသည်။ ၎င်းနောက် တပ်ရင်း လက်နက်ကြီးတပ်စုအား အဆင့်သင့်ပြင်ဆင်ထားရန် ဗကထွန်းမြင့်မှ အမိန့်ပေးနေပါသည်။

တပ်ရင်းမှူးသည် တပ်ခွဲမှူး၏တင်ပြချက်ကို လက်ခံသော်လည်း မိမိလက်ရှိနေရာ မကောင်းသော်လည်း ကွမ်လုံ အမြောက်ကုန်းသို့ ပစ်မှတ် ညွှန်းပေးပြီးသည့်အတွက် မိမိနှင့်မှားယွင်းမှာ စိုးရိမ်သည်ကတကြောင်း၊ လက်ရှိရောက်ရှိပြီးနေရာထက် နောက်ပြန်ဆုတ်နေရာယူပါက တပ်မမှအရေးယူမည့်အတွက်ကြောင့် တပ်ခွဲမှူး၏စကားကို ငြင်သာစွာဖြင့် ပယ်ချလိုက်ပြီး ရန်သူသည် မိမိတို့အား အင်အားအနည်းငယ်ဖြင့် ချောက်လှန့်နေသည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခုလိုအတွေ့အကြုံမျိုး များနေပြီဖြစ်ကြောင်းပြောပြီး ရယ်သွမ်းသွေးလိုက်ပါသည်။

၆.၂.၇၈ ရက်နေ့ ၀၈း၄၀ ချိန်တွင် မိမိတို့ထိပ်တိုက်တောင်ကုန်းမှ စကားပြောသံများကြားရပြီး လက်နက်ငယ်ပစ်သံများနှင့်အတူ လက်ပစ်ဗုံး များရောပြီးကွဲသံများ ကြားရပါသည်။ ပစ်ခတ်သည်နှင့်တပြိုင်နက် ကျနော်တို့ရှိရာစစ်ကြောင်းရုံး၏ ဆက်သွယ်ရေးတာဝန်ခံ ဒုတပ်ကြပ်မောင် နွယ်ထံသို့ တိုက်ရိုက်ကျပြီး အဆက်အသွယ် လုံးဝမရရှိတော့ပါ။ ၎င်းနှင့်အတူ ထောက်လှမ်းရေးတပ်ကြပ်ကြီး ခင်မောင်မြင့်တို့ ကျဆုံး သွားကြပါသည်။ ကျနော်၏ဘေးနံဝဲယာတို့တွင်လည်း နေရာအနှံ့အပြား လက်ပစ်ဗုံးများကျလာပြီး လက်ဖြောင့်တပ်စိတ်မှ တပ်သားထိန် လင်း၊ တပ်သားအုံးရွှေတို့ ကျဆုံးသွားပြန်ပါသည်။ လက်ဖြောင့်တပ်စိတ်မှူး တပ်ကြပ်သိန်းငွေသည်လည်း လက်နက်ကြီးထိမှန်၍ မလှုပ်ရှား နိုင်တော့ပါ။

ထိုအချိန်တွင် တပ်ရင်းမှူးသည် ရဲဘော်တို့ တောင့်ထား၊ တလက္မမှ နောက်ပြန်မဆုတ်နှင့်ဟု အမိန့်ပေးနေသည့်ကြားမှ စစ်ကြောင်းရုံး၏ ကာပစ်အဖွဲ့ဖြစ်သော တပ်ခွဲ (၁) တပ်စု (၂) သည် အထမ်းသမားများနှင့်အတူ အုံးအုံးကြက်ကြက်နှင့် ပြေးလွှားနေသည်ကို မြင်လိုက် ရပါသည်။ ထိုအချိန်မှစ၍ တိုက်ပွဲအခြေအနေသည် ပိုမိုဆိုးဝါးပြင်းထန်လာပါတော့သည်။ ရန်သူ့လက်နက်ကြီးနှင့် လောင်ချာ (ငှက်ပျောဖူး) တို့သည် မိုးသီးမိုးပေါက်ပမာ ကျနော်တို့တည်ရှိရာသို့ ကျရောက်နေပြီး မိမိတို့၏ရှေ့ဘက်စစ်မျက်နှာသည် လုံးဝလှုပ်ရှားမှုမရှိတော့သလောက် ဖြစ်နေပါသည်။

တပ်ရင်းမှူးမှ ၇၅မမ ပစ်ရန် အမိန့်ပေးသောအခါ ဒုဗိုလ်ခင်အုန်းမှ လက်နက်ကြီးပစ်ရန်ကိုငြင်းဆိုပြီး တန်ပြန်လာမည်ဟု အကြောင်းပြကာ လက်နက်ကြီးတပ်စုအား ပစ်ပိုင်နယ်များပေးပြီး နေရာယူနေပါသည်။ ကျနော်တို့ရုံးအဖွဲ့သည်လည်း လူများကွဲနေပြီး အုပ်ချုပ်မှုခက်ခဲနေသဖြင့် ကျနော်သည် ရင်းမှူးကြီးရှိရာသို့ ပေါင်းလိုက်ပါတော့သည်။

တပ်ခွဲ (၁) တပ်ခွဲတပ်ကြပ်ကြီးလှမောင် ဦးစီးသောတပ်စုဘက်မှ အပြင်းအထန်ပစ်ခတ်သံများ မိနစ် ၄၀ ခန့်ကြားရပြီးနောက် ပစ်ခတ်မှု တည်ငြိမ်သွားပါသည်။ မကြာမီ ၎င်းတို့ဘက်မှ ကျားထိုးသံကြားရပြီး မိမိတို့အတွင်းသို့ ရန်သူများ ထိုး ဖောက်ဝင်ရောက်နေကြောင်း သိရပါ သည်။

ရင်းမှူးကြီး၏စစ်မျက်နှာဘက်မှတဖန် လောင်ချာနှင့် စက်ကြီးပစ်သံများကြားရပြီး ပစ်ခတ်မှုသည် ၃ ဘက်ညှပ်ပိတ်နေပါတော့သည်။ ထိုအချိန်တွင် တပ်ခွဲ (၂) မှူး ဗိုလ်ကြီးမြင့်သောင်းနှင့် ရှေ့တန်းရေး/ထောက်ဗိုလ်ကြီးရန်အေးတို့နှင့် လုံးဝအဆက်အသွယ်မရတော့ပါ။ တပ်ရင်းမှူးကြီးသည် စိုးရိမ်နေသောမျက်နှာနှင့် ဆရာကြည်အောင်၊ ကျုပ်တို့ဆုတ်မှဖြစ်တော့မယ်၊ ခင်ဗျားရုံးအဖွဲ့ ဒီကိုစုပါ၊ ကျုပ်တို့ လမ်းပေါ်ကိုဖြတ်ကူးမယ်လို့ပြောပြီး ပြင်ဆင်နေပါသည်။ ထိုအချိန်တွင် ၎င်း၏ကိုယ်ရံ တပ်သားအေးမောင်သည် ဦးစွာဖြတ်ကူးရာ ရန်သူ၏ စက်ငယ်ဖြင့် ထိမှန်ကျဆုံးသွားပါပြီ။ ရန်သူ့လက်နက်ငယ်သည် အဆက်မပြတ်ပစ်ခတ်နေသည်ကိုမြင်သောကြောင့် ကျနော်မှ ရင်းမှူးကြီး အား ယခုချိန် မကူးရန်ပြောရာ ဆရာကြည်အောင်- ယခုလဲကူးရမှာဘဲ၊ နောင်လဲကူးရမှာဘဲဆိုပြီး ပြောပြောဆိုဆိုဖြတ်၍ကူးရာ ကိုက် ၃၀ လောက် သာရှိသောအကွာအဝေးကြားတွင် ရင်းမှူးကြီးထိမှန်သွားပါပြီ။ ရန်သူ၏ ထပ်မံပစ်ခတ်နေသောကြားမှ ရဲဘော်တို့၊ ငါ့ကို ထားခဲ့ တော့၊ မင်းတို့ဆုတ်တော့လို့ အမိန့်သံထွက်လာပါတော့တယ်။ ထိုအမိန့်သံကြောင့် ကျနော်တို့စစ်ကြောင်းသည် တည်တည်ငြိမ်ငြိမ်ခုခံနေရာမှ ရုပ်ရုပ်သဲသဲဖြစ်ပြီး ပြေးလွှားသံများ ဆက်တိုက်ကြားနေရပါတော့တယ်။ ရင်းမှူးလဲ မိနစ် ၂၀ ခန့်တွင် ကျဆုံးသွားပါတော့တယ်။

ပွိုင့်ရှင်းတပ်ခွဲ (၁) ၏ တပ်စု (၃) သည် လုံးဝငြိမ်သက်နေပြီး တပ်စိတ် (၂) တပ်ကြပ်ကျော်မြင့်(၂) ဦးစီးသော တပ်စိတ်ဘက်မှသာ ပစ်ခတ် သံများ ကြားနေရပါသည်။

နောက်ပိုင်းတပ်ခွဲ (၂) သည် ထိုအချိန်တွင် လုံးဝအဆက်အသွယ်မရတော့ပါ။ တပ်ကြပ်ကြီးလေးမောင်သည်လည်း ကျဆုံးသွားပါသည်။ ဆေးမှူးတပ်ကြပ်ကြီးတင်လှသည်လည်း ကျဆုံးကြောင်း အလောင်းကိုတွေ့ရပါသည်။
ကျနော်တို့စစ်ကြောင်းတွင်ပါသော လက်နက်ကြီးတပ်စုသည် ၎င်းတို့တာဝန်ယူသော လက်နက်ကြီးအနားတွင်မရှိတော့ဘဲ အခြားနေရာကို တာဝန်ယူကာပစ်ခတ်နေသောကြောင့် ကျနော်တို့ဘက်မှ တိုက်ပွဲစမှပြီးဆုံးသည်အထိ လက် နက်ကြီး တချက်မှမပစ်ခတ်နိုင်တော့ပါ။

၆.၂.၇၈ ရက်နေ့ ၁၁၄၀ ချိန်တွင် ကျနော်သည် ဘယ်ဒူးခေါင်းတွင် လက်နက်ကြီးအစ ၂ စနှင့် ညာဒူးခေါင်းတွင် ကျောက်တုံးနှင့်တိုက်မိသောကြောင့် လမ်းမလျှောက်နိုင်တော့ပါ။ ကျနော်နှင့်အတူ လက်ဖြောင့်တပ်စိတ်မှ တပ်သား လိန်းတက် (ယခု ကျနော်အတူ) နှင့် တပ်သား ကျော်မိုးအောင် (BE 908) (စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တွဲဘက် ထားသူ) တို့သုံးယောက် အတူရှိနေပြီး ဖမ်းဆီးခြင်းကိုခံလိုက်ပါတော့တယ်။

ထို့နောက် ဒုတပ်ကြပ်ကျော်မြင့် တပ်ခွဲ (၂) သည် လက်နက်ကြီးထိမှန်ပြီး (ဝမ်းဗိုက်) ကျနော်တို့နှင့်တပါတည်း အတူလိုက်ပါသည်။

နာရီပိုင်းသာခြားသော ကျနော်တို့တပ်မှ အခြားရဲဘော်များ တပ်ခွဲ (၁) တပ်ခွဲ (၂) တို့မှ စုပေါင်းမိသောအခါ ၎င်းတို့၏ မျက်မြင်ပြောပြချက်အရ တိုက်ပွဲတခုလုံးကို ခြုံငုံကြည့်လိုက်ပါက တိုက်ပွဲ၏ထိုခိုက်ကျဆုံးမှုသည် ၉၄ ယောက်ဖြစ်ပြီး ဒဏ်ရာနှင့်သုံ့ပန်း ၃၅ ယောက်ဟူ၍ ကျနော် သိရပါသည်။ (၁၃) ယောက်ကိုသာ ခေါ်ဆောင်လာပြီး (၂၂) ယောက်ကို စစ်မြေပြင်မှ ပြန်လွှတ်လိုက်ပါသည်။။

အပိုဒ် (၃)။    အရာရှိများ၏ကျဆုံးစာရင်းမှာ=

(၁) တပ်ရင်းမှူး ဗိုလ်မှူးတင်ကြည်
(၂) တပ်ခွဲ (၁) မှူး ဗိုလ်ကြီးထွန်းမြင့်
(၃) ထောက်လှမ်းရေးမှူး ဗိုလ်ထွန်းအောင်သာ
(၄) အလုပ်သင်ဗိုလ် ဗလမင်းအောင်
အကြပ်ကြီးများ၏အမည်စာရင်း (ကျဆုံး)
(၁) တပ်ခွဲတပ်ကြပ်ကြီး လှမောင် – တပ်ခွဲ (၁)
(၂) ဆေးမှူးတပ်ကြပ်ကြီး တင်လှ – စစ်ကြောင်းရုံး
(၃) တပ်ကြပ်ကြီး လေးမောင် – တပ်ခွဲ (၁)
(၄) ထောက်လှမ်းရေးတပ်ကြပ်ကြီး ခင်မောင်မြင့် – စစ်ကြောင်းရုံး
(၅) တပ်စိတ်မှူး တပ်ကြပ် ကျော်မြင့် – တပ်ခွဲ (၁)
(၆) လက်ဖြောင့်တပ်စိတ်မှူး တပ်ကြပ် သိန်းငွေ – စစ်ကြောင်းရုံး
(၇) ဗဟိုဆက်သွယ်ရေး (ဗဆသ) ဒုတပ်ကြပ် မောင်နွယ်

အပိုဒ် (၄)။    သတင်းရယူမှု
ရတခလရ (၈) စက (၁) သည် ရည်မှန်းချက်မှာ ခလရ (၄) သို့ စစ်ကူရန်ဖြစ်ပြီး ရန်သူ့အင်အား လှုပ်ရှားမှုသတင်း လုံးဝမရရှိပါ။ မြေပုံကြီးပေါ် တွင် စစ်တိုက်နေသော စစ်ဗျူဟာမှူးကြီးတို့သတင်းကိုသာ ယုံကြည်ပြီး ချီတက်လာရခြင်း ဖြစ်ပါသည်။    ။

[၁၉၇၈ ခုက မဆလစစ်တပ်နဲ့ ဗကပတပ် တိုက်ပွဲဖြစ်စဉ်မှာ ဖမ်းဆီးရမိသုံ့ပန်းအစစ်ခံချက်ကို သမိုင်းမှတ်တမ်းတခုအဖြစ် ဖော်ပြလိုက်ပါ တယ်။]

အောင်တင်ထွန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “အောင်တင်ထွန်း – ကွန်းလုံအနီး တာတိလိန်တိုက်ပွဲ ၂/၇၈
  1. မဆလ-ဗကပ ဗမာအခြင်းခြင်းတိုက်ကြတာ .. ဆန္ဒစောတဲ့မြန်မာခေါင်းဆောင်တွေ… အင်္ဂလိပ်ကလွတ်လပ်ရေးပေးပါတော့မယ်.. ဒုကမ္ဘာစစ်အပြီး သူတို့ခမြာလဲ အင်္ဂလိပ်အင်ပါယာကြီးပြိုကွဲနေလို့ .. အာဏာသေချာမလွှဲနိုင်ဖြစ်နေချိန် .. ဇွတ်အတင်းပဲ၊ ရရင်ရ-မရရင်ချ …ဆိုပြီးတောင်းတော့ လွတ်လပ်ရေး ပေးလိုက်ရတယ်။ နောက်တော့ သိတဲ့အတိုင်း ကရင်-ဗမာ၊ ဗမာအချင်းချင်းတိုက်ရင်း.. ဖြစ်သမျှတွေ လူငယ်စစ်သား၊ကျောင်းသားတွေပဲ သေကျေပျက်သုန်းရင်း ဘာနိုင်ငံဘဝရောက်နေတာ .. သင်ခဏ်းစာယူမလိုလိုနဲ့ ဒေါသ၊လောဘ၊မောဟ .. ငွေ၊အာဏာရှင် ခေါင်းဆောင်များရေ……တရုပ်ပြည် ၂၀၀၄ ဒီဇင်ဘာ အပြီးသတ် ဘာဘ်စားတဲ့နိုင်ငံရေးခေါင်းဆောင်များ သေဒဏ်၊ ပစ္စည်းအကုန်သိမ်း၊ ထောင်ချ …အရင် ၅နှစ်တုန်းကလူတွေ နောက်ကြောင်းပြန် အရေးယူ၊ ဒဏ်ပေးတဲ့ စနစ် မြန်မာပြည်လဲ ဖြစ်လာဖို့များပါတယ်။ လက်ရှိ လာဘ်စားတိုက်ဖျက်ဥပဒေက နောက်ကြောင်းမပြန်ရဘူး ဆိုပေမဲ့ ဥပဒေဆိုတာ လူလုပ်တဲ့ စာရွက်ပဲဆိုတာ မမေ့သင့်ပါ။ ငါမသေခင် အချင်းချင်းတိုက်ပွဲတွေ ရပ်၊ ဝေစုခွဲတာမျှတစေချင်ပြီး ဝမ်းနည်းခြင်းတွေ ချုပ်ငြိမ်းချင်ပါတယ်ကွယ်။ ဘဘကြီး

Comments are closed.