အုန်းနိုင် – မန္တလေးသံဃာတော်များဧ။် ပတ္တနိက္ကုဇ္ဖန
(ဂန္ဒီခန်းမကြေညာစာတမ်း -၂၀) ၊ မိုးမခ၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၄
၁၉၉၀ ပြည့်နှစ်ဟာ ကုန်ဆုံးကာနီးလာပါပြီ..။ ဒီတခါတော့ န၀တက ဘုန်းတော်ကြီးများဘက်ကို ဦးလှည့်ပြန်ပါပြီ..။ မန္တလေးဘုန်းတော်ကြီးများက ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေး..၊ ဖမ်းထားတဲ့  နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုလိုက်ပါတယ်..။ ဒါတွေမရမချင်း ပတ္တနိက္ကုဇ္ဖန ဆိုတဲ့ သံဃာတော်များရဲ့  သပိတ်မှောက်ခြင်းကို လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။
ပတ္တနိက္ကုဇ္ဖနဆိုတဲ့  သံဃာတော်များရဲ့  သပိတ်မှောက်ကံပြုခြင်းဆိုတာက သိမ်ဝင်၊ ကမ္မ၀ါဖတ်ပြီး ဆောင်ရတဲ့ကံပါ..။ ဘုန်းကြီးများကို
ချဉ်းကပ်ပြီးလျှောက်ထားမေးမြန်းကြည့်တော့ တချို့ ဘုန်းကြီးများတောင်သိပ် မသိပဲ စာတတ်ပေတတ်သံဃာများသာ ရှင်းပြနိုင်ကြပါတယ်.. ဒါကိုလည်း ကျနော်တို့ အပြည့်အ၀တော့ နားမလည်ပါ..။ အကြမ်းအားဖြင့်တော့ ပုဂံခေတ်က ပံ့သကူငစွယ်ရှင်ဆိုတဲ့ ကိုယ်တော်ကြီးက နရပတိစည်သူမင်းကို “သင့်ဆွမ်းကို ငါမခံ”လို့ ပြောပြီး သီဟိုဠ်ကို ကြွရန်ပြုသကဲ့သို့လို့…ဆိုကြမိန့်ကြပါတယ်..။
တပ်မတော်သား ဗိုလ်၊ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတင်မက မိသားစုများနဲ့ပါ မဆက်ဆံရေး..။ တပ်မတော်သားအိမ်များက ဆွမ်းကွမ်း၊ ပရိက္ခရာ၊ လာဘ်လာဘ လက်မခံရေး..။ အလှူဒါန ၊ သာရေးနာရေးတွေမှာ တရားမဟောရေး၊ ရေစက်သွန်းချ အမျှဝေပေးခြင်း မပြုပေးရေး..။ နာရေးတွေမှာ သရဏံဂုံတင်မပေးရေး..၊ ပရိတ်တရားတော်များ မချီးမြှင့်ရေး.. စတာတွေ အကုန်ပါပါတယ်..။ ဒီသံဃာတော်များရဲ့  တိုက်ပွဲဟာ စာသင်တိုက်ကြီးတွေများတဲ့ မန္တလေးမှာ ဗဟိုပြုပြီးတော့ ရန်ကုန်၊ ပခုက္ကူ၊ မုံရွာ၊ ညောင်တုန်း စတဲ့ စာသင်တိုက်ကြီးများရှိတဲ့ မြို့ ကြီးများကိုပါ ကူးစက်သွားပြီး တပ်မတော်သားတွေ အတော်တုန်လှုပ် သွားကြပါတယ်..။
ဒီတော့ ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ ဂယောင်ခြောက်ခြားဖြစ်လာပါတော့တယ်။ မန္တလေးမှာ ဘုန်းကြီးကျောင်း (၃၅၀)ကျော်ကို တပ်တွေနဲ့ ၀င်စီးပြီး၊ ဘုန်းကြီးတွေကို ပစ်သတ်၊ လူစုခွဲ..၊ ဖမ်းဆီး..၊ လူဝတ်လဲပြီး ထောင်ချ စတာတွေကို လုပ်လာတော့တယ်..။ ဒီလို လုပ်ရတာကိုလည်း ငယ်ငယ်ထဲက ဗုဒ္ဒဘာသာဝင်တဦးဖြစ်ခဲ့လေတော့ စိတ်မသန့်ဘူးနဲ့ တူပါတယ်..။ ၁၉၉၀ အောက်တိုဘာလ (၁၈)ရက်နေ့ ရေဒီယိုနဲ့ တယ်လီဗီးရှင်းကနေ လွှင့်တဲ့ မိန့်ခွန်းမှာ ..
“ကျနော့်ကို လူတွေက မေးတယ်..။ စစ်တပ်က အာဏာ ဘယ်တော့လွှဲပေးမလဲတဲ့..။ ဒါတော့ ကျနော် ဘယ်ပြောတတ်ပါ့မလဲ.။ ဘယ်သူမှ မနက်ဖန်ခါ ဘာဖြစ်မယ်ဆိုတာ မသိတာ…။ ဖြစ်လာတဲ့ အခြေအနေအရသာ လုပ်ရမှာပေါ့..။ မနက်ဖြန်ကာ ကျနော် ရေနစ်သေချင် သေမယ်..။ အနာဂတ်ကို ဘယ်သူမှကြိုမသိဘူး..။ ပုဂံခေတ် အနော်ရထာမင်း အရည်းကြီးဂိုဏ်းကို ဖြိုခွင်းသလို..ကျနော်လည်း ဒီနေ့ တာဝန်အရ လုပ်နေရတာပဲ..။ ဒါဟာ ငရဲကျချင်လည်း ကျမယ်..။ ကျပါစေ..လုပ်ရမှာပေါ့..” ဆိုတာမျိုးတွေ ပြောလာပါတယ်..။
အဲဒီအချိန်မှာ…အဆိုတော်နဲ့ နာမည်ကြီး ဂီတပညာရှင်ကြီး တယောက်သီချင်းတိုက်နေတဲ့ နေရာကို ဗိုလ်ချုပ်မှူးကြီး စောမောင် ရောက်လာပြီး.. “ ခင်ဗျားတို့ လုပ်နေတာ နစ္စ၊ ဂီတ၊ ၀ါရိတ ဆိုတဲ့ သီလကို ဖောက်ဖျက်နေတယ်…။ အပယ်ကျမှာကို မကြောက်ဘူးလား” လို့ မေးပြီး တုတ်တချောင်းနဲ့ လိုက်ရိုက်တယ်..ဆိုတဲ့ ကောလာဟလတွေတောင် ထွက်လာတယ်..။
ဘာပဲပြောပြော နံမယ်ကြီး ဆရာတော်ကြီးတွေ အဖမ်းခံရတယ်..။မန္တလေး ရဟန်းပျိုအဖွဲ့  ဥက္ကဌ ဦးရေ၀တ..၊ မစိုးရိမ်ဆရာတော်ကြီး..၊ရန်ကုန်က ပိဋကတ်သုံးပုံ အာဂုံဆောင်တဲ့ ဆရာတော် ဦးသုမင်္ဂလ၊ မဂ္ဂင်ဆရာတော်ကြီး၊ အင်းစိန်ရွာမဆရာတော်..စတဲ့ ထေကြီးဝါကြီး
သံဃာတော်များ အဖမ်းခံရပြီး နှစ်ရှည် ထောင်ဒဏ်တွေ ကျခံကြရတယ်..။
အဖွဲ့ ချုပ်က လွှတ်တော်ကိုယ်စားလှယ်များကို ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုကြီး၊ အာဇာနည် ဦးဘ၀င်းရဲ့ သား..၊ ပေါက်ခေါင်းမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်း ခေါင်းဆောင်ပြီးတော့ တောတွင်းလက်နက်ကိုင်များရဲ့  နယ်မြေမှာ စင်ပြိုင်အစိုးရဖွဲ့စည်းလိုက်
တော့ န၀တကလည်း နည်းဗျူဟာတခု ထုတ်လာပါတယ်..။ တောတွင်း လက်နက်ကိုင်ပါတီ များရဲ့  တပ်ပေါင်းစု မဒတ (NDF) ထဲက ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ရဲ့  တပ်မ(၄)၊ ပအို့အမျိုးသားအဖွဲ့ (PSLP)၊ ပလောင် လွတ်မြောက်ရေးတပ်ပေါင်းစု စတဲ့ 
အဖွဲ့ အစည်းတွေနဲ့  အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ပါတယ်..။
ဒီအင်အားစုတွေကို ဆက်လက်ပြီး လက်နက်ကိုင်ဆောင်ခွင့်ပြုထားတဲ့အပြင် ရိက္ခာများ ထောက်ပံ့ ပြီး နောင်ကျင်းပမဲ့  နိုင်ငံရေးဆွေးနွေးပွဲတွေကိုတောင် တက်ခွင့်ပြုမယ်ဆိုတဲ့  ဆွယ်လုံးတွေနဲ့  လုပ်လိုက်တာပါ..။ လက်နက်ကိုင် နယ်မြေမှာ စင်ပြိုင်အစိုးရဖွဲ့ ခဲ့ရသူတွေ အတွက်တော့ အရှိုက်တချက် အထိုးခံလိုက်ရသလို ဖြစ်သွားပါတယ် ။ ။
(ဤတွင်…စာရေးသူ အုန်းနိုင်ရဲ့  ဒီမိုကရေစီအရေးတော်ပုံ အခန်းဆက်ဆောင်းပါးရှည်ကြီးရဲ့  ပဉ္စမပိုင်းဖြစ်တဲ့ ဂန္ဒီခန်းမကြေညာစာတမ်းခေါင်းစဉ်ခွဲ အပိုင်း(၂၀)ကို အဆုံးသတ်ပါတယ်။ ဆက်ပြီး ဆဌမပိုင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း.. ခေါင်းစဉ်ခွဲအောက်မှာ အပိုင်း(၂၀)ကို အပိုင်းလိုက် ဆက်တင်ပါမယ်)
Photo Credit – http://www.popularmyanmar.com