သတင်းဆောင်းပါး ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ – နိုင်ငံတော်မှ ထုတ်ပြန်ထားသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို လေ့လာသုံးသပ်ခြင်း

 

 ဒေါက်တာဓမ္မပိယ – နိုင်ငံတော်မှ ထုတ်ပြန်ထားသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို လေ့လာသုံးသပ်ခြင်း   

(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄

 

လူမျိုးမရှိလျှင် (ထိုလူမျိုး၏) တိုင်းပြည်မရှိ။ ဘာသာ သာသနာမရှိလျှင် (ထိုဘာသာ သာသနာ ၏) ယဉ်ကျေးမှုမရှိ။ အမျိုးသား၊ အမျိုးသမီးများမရှိလျှင် လူဦးရေတိုးပွားနှုန်းမရှိ။ နိုင်ငံသားအခွင့်ရေး နှင့် လူအခွင့်ရေးများမရှိလျှင် ဒီမိုကရေစီမရှိ၊ တစ်လင် တစ်မယားစနစ်မရှိလျှင် (မိသားစု၌) ငြိမ်းချမ်းမှု မရှိ။ ထိုအခါ ထိုတိုင်းပြည်သည် အမြဲတမ်းဆူပူနေမှာဖြစ်တယ်။ 

 

မြန်မာနိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲတွင် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာ၊ အမျိုးသားနှင့် အမျိုးသမီး၊ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်ရေး၊ အုပ်ချုပ် သူနှင့် အုပ်ချုပ်ခံပြည်သူ၊ ဥပဒေနှင့် ဥပဒေကိုဆန့်ကျင်သူ၊ ထိုကဲ့သို့ အသွင်မတူသူတို့ရဲ့ အကြားဝယ် သေးသေးကွေးကွေး ပြဿနာလေးတွေကအစ ကြီးကြီးမားမား ပြဿနာများအထိ ပြဿနာတွေက ဆိုက်တိုက်ဖြစ်နေတယ်။ ထိုကဲ့သို့သော ပြဿနာမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင် ဘယ်သူတွေက ထိုပြဿ နာကို ဖြေရှင်းပေးကြမှာလဲ။ ပြဿနာကို ဖြေရှင်းရန် မည်တွေသူမှာ တာဝန်ရှိသလဲ။ မေးစရာမေးခွန်း တွေက ထောင်သောင်းမက ရှိနေခြင်းပါ။ 

 

ပြဿနာတွေ ပေါများတဲ့ တို့တိုင်းပြည် … ။ အိမ်ထောင်ရေးပြဿနာ၊ လူမှုရေးပြဿနာ၊ စီးပွား ရေးပြဿနာ၊ နိုင်ငံရေးပြဿနာစတဲ့ ပြဿနာတွေက မျိုးစုံနေတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြဿနာဖြေရှင်းနည်းတွေကတော့ အမျိုးမျိုးရှိနေခြင်းပါ။ ဥပမာ၊ ဥပဒေရှုဒေါင့်ကနေကြည့်၍ ဖြေရှင်း နည်း၊ ဖီလိုဆိုဖီရှုဒေါင့်ကနေကြည့်၍ ဖြေရှင်းနည်း၊ ဒီမိုကရေစီရှုဒေါင့်ကနေကြည့်၍ ဖြေရှင်းနည်း၊ ဘာသာရေးရှုဒေါင့်ကနေကြည့်၍ ဖြေရှင်းနည်း၊ လူမှုရေးရှုဒေါင့်ကနေကြည့်၍ ဖြေရှင်းနည်း စသည် ဖြင့် ဖြေရှင်းနည်းတွေက မျိုးစုံနေတယ်။ သို့သော် … ။ 

 

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုနှင့်စပ်လျဉ်း၍ လူထုအော်သံတွေ ထွက်လာတယ်။ စစ်ဆေးကြည့်တော့ ပြဿနာရယ်လို့တော့ မဆိုနိုင်ပါ။ ဒီမိုကရေစီနည်းအရ ဆန္ဒ တွေကို ထုတ်ဖေါ်နေကြခြင်းသာဖြစ်တယ်။ လူများစုဆန္ဒနှင့် လူနည်းစုဆန္ဒကို နှိုင်းယှဉ်နှိုင်ဖို့ အသံ တွေကို ထုတ်ပြကြခြင်းဖြစ်တယ်။ ခေတ်စကားနှင့်ပြောရရင်တော့ ပတ်ဘလစ်ခ် ဗွိုက်စ် (Public Voice) လုထုအသံပေါ့။ ဒီမိုကရေစီနည်းအရ ဖြေရှင်းရန် နောက်ဆုံးနည်းလမ်းကတော့ ဗုတ် (Vote) လုပ်၍ ဆုံးဖြတ်အတည်ပြုရမှာဖြစ်တယ်။

 

ဒီလိုပြဿနာများမျိုးတွေကို ဦးစွာပထမ ဥပဒေရှုဒေါင့်ကနေကြည့်ပြီး လေ့လာသုံးသပ်ပြချင် တယ်။ ပြည်သူတွေအကြားမှာ အချင်းချင်း ရှင်းမရတဲ့ပြဿနာမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင် ထိုပြဿနာကို ဖြေရှင်းပေးနိုင်ရန် (သို့မဟုတ်) ကာကွယ်ပေးနိုင်ရန် ဥပဒေဆိုတာ ရှိရမယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးရန်ဥပဒေ မြန်မာနိုင်ငံတွင်းမှာ မရှိသေးတဲ့အတွက် မယားပြိုင်ထားခြင်းကြောင့် ဖြစ်ပေါ် လာသော အိမ်ထောင်ရေးပြဿနာ (domestic issue) တွေဟာ မကြာခဏ ဆိုသလို ဖြစ်နေတယ်။ ထို့ကြောင့် ထိုပြဿနာတွေကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရန် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဆိုတာ မရှိမဖြစ် လိုအပ်လာတယ်။  

 

၂၀၁၄-ခု၊ ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ ဒီဇင်ဘာလ (၄)နေ့ထိ ဆက်တိုက်ထွက်ပေါ်လာတဲ့ ဥပဒေလေးရပ်ဟာ တိုင်းပြည်အတွက် လိုအပ်လာလို့ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်တယ်။ အမိနိုင်ငံအတွက် ကြိုဆိုတယ်။  နိုင်ငံအတွက်လိုအပ်လာလို့ ဥပဒေကို ပြုပေးကြရာဝယ် ဒီမိုကရေစီစနစ်အရ လူအားလုံး လက်ခံမှ ဥပဒေဆိုတာ ပြုပေးရခြင်းမျိုးမဟုတ်ဘဲ၊ လူအများစုလက် ခံလျှင် ထိုဥပဒေကို ပြုပေးရခြင်းဟာ ဒီမိုကရေစီရဲ့ စံနှုန်းဖြစ်တယ်။ သို့မဟုတ် ပြုပေးနိုင်တယ်။ အများစု ဆန္ဒကြောင့် ဥပဒေပြုပေးရတာဟာ တရားမျှတတယ်လို့ ဆိုနိုင်တယ်။ 

 

ဥပမာ၊ ဘရူးနိုင်းနိုင်ငံမှာ ပြဋ္ဌာန်းပေးလိုက်တဲ့ ရှရီယာ(Sharia) ဥပဒေ၊ မလေးရှားနိုင်ငံမှာ အများစုဖြစ်တဲ့ (လူဦးရေ ၇၀% ရာခိုင်နှုန်းသာရှိတဲ့) မလေးလူမျိုးတို့ရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတို့ဟာ အများစုကို အခြေခံပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေမျိုးတွေဖြစ်တယ်။ USA မှာ ယောက်ျားအချင်းချင်း လက်ထပ်နိုင်တဲ့ဥပဒေကို အချို့ပြည်နယ်တွေမှာ ပြဋ္ဌာန်းပေးထား တယ်။ ဒီလိုဥပဒေမျိုးတွေဟာ ပြည်သူအားလုံး လက်ခံလို့ ဥပဒေပြုတာမျိုး မဟုတ်ဘဲ၊ ပြည်သူ အများစု လက်ခံလို့ ဥပဒေပြုထားတာမျိုးဖြစ်တယ်။ မလေးရှားမှာ လူအများစု ကိုးကွယ်တဲ့ အစ်စလမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာ၍ ဥပဒေပြုထားတာကို ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ခရစ်ယန်ဘာသာဝင်များနှင့် အခြားဘာသာဝင်များက လုံးဝလက်မခံပါ။ သို့သော် ပြည်သူအများဖြစ်၍ ပြည့်သူဆန္ဒကို မလွန်ဆန်နိုင်ခဲ့ကြတဲ့အတွက်ကြောင့် နှုတ်ပိတ်နေခဲ့ကြရခြင်း ဖြစ်တယ်။ နားလည်နိုင်ကြဖို့ပါ။   

 

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ဖီလိုဆိုဖီရှုဒေါင့်ကနေ ကြည့်၍လည်း ဝေဖန်သုံးသပ်နိုင်တယ်။ ဥပဒေပြုရာမှာ – 

 

(၁) လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရန် ပြဋ္ဌာန်းပေးရတဲ့ဥပဒေ၊ 

 

(၂) ဖြစ်ခဲ့ပြီးခဲ့တဲ့ ပြဿနာများကို နောက်ကြောင်းပြန် လှည့်၍ ဖြေရှင်းပေးဖို့ မရည်ရွယ်ဘဲ နောင်အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများကို ဖြစ်ခွင့်မရအောင် ကာကွယ်ပေးရန် ပြဋ္ဌာန်းပေးရတဲ့ ဥပဒေ၊ 

 

(၃) ဖြစ်ပြီးသောပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ရန်နှင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းပေးရတဲ့ ဥပဒေရယ်လို့ ဥပဒေအမျိုးအစားက အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိနေတယ်။ 

 

အမျိုးသမီးများ အခွင့်အရေးအတွက် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သောဥပဒေသည် နံပတ် (၂) ဥပဒေအမျိုးအစား ဖြစ်ကြောင်း နားလည်သဘောပေါက်ထားတယ်။ 

 

ဤဥပဒေသည် မယားပြိုင်ယူထားသော (သို့မဟုတ်) မယားသုံးလေးယောက်ယူထားသော မဟာပုရိသများ၏ ရင်ခွင်၌ရှိသော မယားများထဲက အကြီးဆုံးမယား (သို့မဟုတ်) အငယ်ဆုံးမယား (သို့မဟုတ်) မိမိအနှစ်သက်ဆုံး မယားတစ်ယောက်ကိုသာ ချန်ထားခဲ့ပြီး မိမိအလိုမရှိတော့သော ကျန်တဲ့မယားများကို ထိုသူ့ရင်ခွင်မှ ဇွတ်အတင်းဆွဲထုတ်ရန် ရည်ရွယ်၍ ဤဥပဒေကို ပြဋ္ဌာန်းပေးခြင်း မဟုတ်ပါ။ အမျိုးသမီးများ အခွင့်ရေးအတွက် လူမှုရေး ရှုဒေါင့်ကပဲကြည့်ကြည့်၊ လူ့အခွင့်ရေး ရှုဒေါင့် ကပဲကြည့်ကြည့်၊ ဒီမိုကရေစီစံနှုန်းနဲ့ပဲ ကြည့်ကြည့်၊ (သို့မဟုတ်) နိုင်ငံသားအများစု လက်ခံထားတဲ့ နိုင်ငံတကာ စံနှုန်းနဲ့ပဲကြည့်ကြည့်၊ ဘယ်ရှုထောင့်၊ ဘယ်စံနှုန်းကနေကြည့်ကြည့် တရားမျှတမှု ရှိနေတာကို တွေ့ရတယ်။ 

 

ဥပမာ၊ တရားမျှတမှုရှိ၊ မရှိ သိရှိနိုင်ရန် မိမိ၏ ချစ်လှစွာသော တစ်ဦးတည်းသော သမီးလေးကို မယားပြိုင်အဖြစ်နှင့် နေရတဲ့ဘ၀လေးမှာ ခဏလေးထားပြီး (စက္ကန့်အနည်းငယ်မျှသာထားပြီး) စာနာစိတ်ဖြင့် ရှုမြင်သုံးသပ်ကြည့်စေချင်တယ်။ ထိုအခါ သမီးလေးရဲ့ဘ၀အခက်အခဲ၊ သမီးလေးရဲ့ ရင်ထဲမှာ အဆက်မပြတ် လောင်ကျွမ်းနေတဲ့ ဘ၀အပူမီးတွေဟာ ဖခင်ရဲ့ရင်ကို တမုဟုတ်ချင်း ပူလောင်ကူးစက်လာလိမ့်မယ်။ ဒီအခါမှာ ကိုယ်ချင်းစာစိတ်ဆိုတဲ့ စာနာစိတ်ရဲ့ သဘောသဘာဝကို နားလည်လာနိုင်မှာဖြစ်တယ်။  

 

ဒီစာရေးမရေးခင် နှစ်ရက်မြောက်နေ့မှာ အံ့သြဖွယ်ကောင်းတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရတယ်။ အဲဒီသတင်းက – အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူ ညီမျှရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာသုံးသပ် မှုစာတမ်းမှ ထွက်ပေါ်လာတဲ့သတင်း – မိန်းမတစ်ဦးထက်ပို၍ တရားဝင်လက်ထပ်ယူခွင့်ပြုထားသော နိုင်ငံများမှာ အာဖရိကနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှရှိ အစ္စလာမ်နိုင်ငံများနှင့် မြန်မာနိုင်ငံတွင်သာ ခွင့်ပြုထားကြောင်း လေ့လာသိရှိရ၍ များစွာအံ့သြမိတယ်။ မြန်မာနိုင်ငံနှင့် သူတို့ ဘယ်လို ဆက်စပ်မှုများ ရှိနေပါလိမ့်။ စဉ်းစားမိတယ်။ 

 

၁၉၅၄-ခုနှစ်၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများကို ရေးဆွဲစဉ်အခါက မြန်မာအမျိုး သားတွေထဲမှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်များ မပါဝင်ခဲ့၍ အများရဲ့ကြိုးဆွဲရာကို ကခဲ့ရသော ရုပ်သေးရုပ်များ ဖြစ်ခဲ့ကြလေသလော၊ (သို့မဟုတ်) ဥပဒေပြုရာမှာ မြန်မာဗုဒ္ဓဘာသာဝင်များ ပါတော့ ပါဝင်တယ်။ သို့ရာတွင် သတိမမူ ဂူမမြင်ခဲ့၍ မယားပြိုင်ယူခွင့် ဥပဒေပြဋ္ဌာန်းပေးလိုက်တာကို သတိလက်လွတ်ဖြစ်ကာ ထောက်ခံပေးခဲ့ကြလေသလော။ သို့မဟုတ် မယားအများယူကြသော ရှေးဘုရင်များရဲ့ ဘုရင်စနစ်ကို အားကျမိကြ၍ မယားပြိုင်ယူခွင့် ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ကြသလော။ အဖြေကား မသဲကွဲပါ။ သို့သော် မယားပြိုင် ယူခွင့်ဥပဒေကို ခွင့်ပြုခဲ့ကြ၍ မြန်မာအမျိုးသမီးအချို့၏ ဂုဏ်သိက္ခာများသည် များစွာကျဆင်းခဲ့ရပြီး ရေမျှောကမ်းတင် ပန်းဗေဒါတို့အသွင်ဖြင့် ပန်းသူမဲ့ ဘ၀များထဲကို ရောက်ခဲ့ကြရတယ်။ တွေးမိတိုင်း ၀မ်းနည်းမိတယ်။ 

 

ဒါပေမဲ့ ̏အချိန်အနေနှင့် အချိန်အခါတို့သည် ဘ၀တစ်ခုကို ပြောင်းလဲစေနိုင်သည်̋ဆိုတဲ့  သီအိုရီအရ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အခွင့်အရေးအတွက် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ရန် အခွင့်အခါသင့်နေပြီဖြစ်၍ ထိုဥပဒေကို ကြိုဆိုရင်း ကျေးဇူး တင်ထိုက်သူအားလုံးကို ကြိုတင်၍ ကျေးဇူးတင်နေမိတယ်။ 

 

သို့သော် အမျိုးသမီးအခွင့်ရေးများကို ကိုယ်ကျိုးအတွက် ဟန့်တား၍ မယားပြိုင်စနစ်ကို ဆက်လက်ထားနိုင်ရန် အကြံရှိကြသော မဟာပုရိသတို့သည် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းမပေးနိုင်ဖို့ ကန့်ကွက်နေသူများကလည်း ရှိနေပြန်တယ်။ အမျိုးသမီးများ အမှန်တကယ် သိသင့်တဲ့အချက်မှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် မယားပြိုင်ယူထားသော ယောက်ျားများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ရန်နှင့် မိသားစုဘ၀လေးများ တည်ငြိမ်ပြီး အေးချမ်းသာယာစေနိုင်ရန် အထူးရည်ရွယ်၍ ပြဋ္ဌာန်းပေးခြင်းဖြစ်တယ်။ အမေနှင့်တူသော အမများ၊ သမီးနှင့်တူသော ညီမများ၊ ကံကောင်းနိုင်ကြပါစေ။ 

 

ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပေးလိုက်သော ဥပဒေလေးရပ်သည် မြန်မာနိုင်ငံတွင်း၌ ဖြစ်ခဲ့ပြီးသော ပြဿနာများအတွက် ဘယ်သူကိုမှ အပြစ်တင်ရန် မရည်ရွယ်ဘဲ၊ နောင်တွင် ဖြစ်ပေါ် လာနိုင်သည့် အမျိုးသားရေးအန္တရာယ်များနှင့် အလားတူဖြစ်ပေါ်လာနိုင်သော အမျိုးသမီး အခွင့် ရေးများ  ဆုံးရှုံးနစ်နာနေမှုကို အကြောင်းပြု၍ ဥပဒေဖြင့် စနစ်တကျ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ဤဥပဒေကို ပြဋ္ဌာန်းပေးရန် ၉၀%ရာခိုင်နှုန်းကျော်ရှိတဲ့ ပြည်သူ၊ ပြည်သားများက လက်မှတ် ထိုး၍ဖြစ်စေ၊ လက်မှတ် မထိုးဘဲ စိတ်ဆန္ဒဖြင့်ဖြစ်စေ တညီတညွတ်တည်း တောင်းဆိုနေခဲ့ကြတယ်။ ဒါကို နားလည်နိုင်ကြဖို့ပါ။ 

 

သတင်းစာ၌ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဖေါ်ပြထားရာမှာ – ̏ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ့်မြေ့သည့် အိမ်ထောင်တည်ဆောက်နိုင်စေရန်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ မယားပြိုင်အဖြစ်ရောက်ရှိခြင်းမှ ကာကွယ် ရန်နှင့် အမျိုးသားများက မယားအများယူခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် အိမ်ထောင်ရေးမူခင်းများကို တားဆီးနိုင်ရန်အလို့ငှာ ပြည်ထောင်စုလွတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်̋ဟု ဖေါ်ပြထားတာကို တွေ့ရတယ်။

 

ဤဥပဒေသည် မြန်မာနိုင်ငံတွင်းမှာ မွေးဖွားပြီး၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားများအလုံး အတူယှဉ်တွဲပြီး ချစ်ချစ်ခင်ခင် (ကိုယ့်ဘာသာတရားကို) ယုံယုံကြည်ကြည်၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်နိုင်ကြစေရန်နှင့် တိုင်းပြည်တွင်း၌ ဖြစ်ပျက်သွား ခဲ့သော ဘာသာရေးဆန်သောပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခများကို အခြေခံ၍ ဘာသာမတူသူ၊ အသွင်မတူသူတို့၏အကြား အိမ်ထောင်ရေး ပြဿနာများကြောင့် ဖြစ်ပေါ်လာခဲ့သော သမိုင်းဖြစ်ရပ် ဆိုးများကို သင်ခန်းစာယူ နိုင်ကြရန်ဖြစ်တယ်။

 

 နောက်ပြီး အလားတူ ထပ်မံမဖြစ်ပွားရအောင် ကာကွယ်ပေးဖို့အတွက် ပြဋ္ဌာန်းပေးတဲ့ ဥပဒေမျိုးဖြစ်တယ်ဆိုတာ ပြည်သူ၊ ပြည်သားများ နားလည် သဘောပေါက်နိုင်ကြဖို့လိုတယ်။ 

 

အမျိုးသမီးများအခွင့်ရေးနှင့် မိသားစုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေးကို အထောက်ကူပြု နိုင်သော ဥပဒေဖြစ်၍ ငြိမ်းချမ်းရေးကို လိုလားသူတိုင်း ဤဥပဒေမျိုးကို အမျိုးဘာသာ သာသနာ အတွက်၊ မြန်မာနိုင်ငံမှာဖွားသော အမျိုးသမီးများအားလုံး (အားနွဲ့သော တိုင်းရင်းသူ အမျိုးသမီးများပါသည်) အတွက် ကြိုဆိုနိုင်ကြဖို့ပါ။    

 

မြန်မာစကားမှာ (မြန်မာနိုင်ငံမှာဖြစ်လို့ မြန်မာစကားလို့ သုံးနှုန်းတာကို နားလည်းပေးစေချင် တယ်) – ပြဿနာကို ဖြေရှင်းခြင်းဆိုတာ ဖြစ်ပြီးတဲ့ပြဿနာကို ငြိမ်းအေးသွားစေရန် ညှိနှိုင်းပေးခြင်း၊ အလျှော်အစားတောင်းခြင်း၊ ၀န်ချတောင်းပန်ခြင်း၊ အပြန်အလှန် နားလည်ခြင်း စသည်တို့ကို ပြုလုပ်စေလျှက် ပြဿနာဖြစ်သူတို့အကြား သက်ဆိုင်သူအနေနှင့် (သို့မဟုတ်) ကြားဝင်ဖြန်ဖြေ ပေးသူအနေနှင့် (သို့မဟုတ်) လုပ်ပိုင်ခွင့်ရှိသူအနေနှင့် ဆောင်ရွက်ပေးခြင်းကို ပြဿနာကို ဖြေရှင်းပေးတယ်လို့ နားလည်ထားမိတယ်။

 

နောက်တစ်မျိုးက ပြဿနာကို ကာကွယ်ပေးခြင်းဆိုတာ ပြဿနာတွေကတော့ ဖြစ်ပြီးသွားပြီ။ ဆက်လက်လည်း ဖြစ်နေတယ်။ သို့သော် နောင်အလားတူ ပြဿနာတွေ ဆက်လက်မဖြစ်ပွားရအောင် ကာကွယ်မှုတွေကို ပြုလုပ်ကြရခြင်းမျိုးကို ကာကွယ်ပေးခြင်းလို့ ဆိုနိုင်တယ်။ ဥပမာ၊ နာဂစ်မုန်တိုင်း ကြီးကတော့ တိုက်ခတ်သွားပြီ၊ နာဂစ်မုန်းတိုင်းအတွက် ဆုံးရှုံးသွားတဲ့ လူတွေ၊ ပစ္စည်းတွေအတွက် နစ်နာကြေးတွေ၊ အလျှော်အစားတွေကို တောင်းခံပေးခြင်းမျိုးမဟုတ်ဘဲ၊ နောင်အခါမှာ အလားတူ ဖြစ်ပေါ်လာခဲ့ရင် မုန်းတိုင်းဒဏ်ခံရသူတွေ အလားတူ မနစ်နာရအောင် အန္တရာယ်ကို ကာကွယ်ပေး နိုင်တဲ့ ရှယ်လတာ ဟုမ်းမ် (Shelter Homes)လို့ခေါ်တဲ့ အန္တရာယ်ကာကွယ်ပေးတဲ့ အိမ်များကို တည်ဆောက်ပေးရခြင်းမျိုးကဲ့သို့ အမျိုးသမီးများအား မယားပြိုင်စနစ်ကြောင့် ကျရောက်လာနိုင်တဲ့ အိမ်ထောင်ရေးမှုခင်းများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ရန် ဤဥပဒေကို ပြဋ္ဌာန်းပေးခြင်းဖြစ်တယ်။ 

 

ဥာဏ်ပညာအမျှော်အမြင်ကျယ်တဲ့ အမျိုးသမီးများသည် အမြင်ကပ်၍ တမင်သက်သက် ဆန်ကျင်ဘက် ပြုလုပ်နေတာမျိုး မဖြစ်ရအောင် အမျိုးသမီးချင်း စာနာစိတ်ဖြင့် အမှန်ဖက်မှ ရပ်တည် နိုင်ကြဖို့ပါ။  နားလည်မှုနှင့် ယုံကြည်မှုကို သဲကွဲစွာ နားလည်နိုင်ရန် ဤနေရာ၌ နမူနာတစ်ခုကို ထုတ်ပြ ချင်ပါတယ်။ 

 

ဥပမာ၊ လူတစ်ယောက်အတွက် မယားပြိုင်ယူထားနိုင်ခြင်း (သို့မဟုတ်) မယားသုံးလေး ယောက်ယူထားနိုင်ခြင်းရှိတဲ့ ဥပဒေကို ဆက်လက်ပြဋ္ဌာန်းပေးလိုက်မည်ဆိုလျှင် အမျိုးသားနှင့် အမျိုး သမီးတို့သည် ထိုဥပဒေကြောင့် မည်သူက ပို၍ နစ်နာမလဲ။ အမျိုးသားများလား။ အမျိုးသမီးများလား။ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။ 

 

အကယ်၍သာ … မယားပြိုင်ယူထားနိုင်ခွင့် ဥပဒေကို ဆက်လက်၍ ပြဋ္ဌာန်းပေးလိုက်မည်ဆို လျှင် မယားပြိုင်ဘ၀နှင့် နေခဲ့ရသော အမျိုးသမီးများရဲ့ဘ၀ဟာ အိပ်ထောင်ရေးမှာ ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့် မရရှိနိုင်တော့ပဲ ကွာပေးလို့လဲမရ၊ ခွါပေးလို့လဲမရ၊ ကွဲပေးလို့လဲမရ၊ ခွဲပေးလို့လဲမရ၊ ဖြေပေး လို့လဲမရ၊ ရှင်းပေးလိုလဲမရနိုင်တော့တဲ့  အိမ်သခင်ရဲ့ ကျေးကျွန်များပမာ (အိမ်ဖေါ်များပမာ) ဖြစ်သွား နိုင်ခြင်းပါ။ နစ်နာကြေးများကိုလည်း ထိုက်ထိုက်တန်တန် ရရှိနိုင်တော့မည်မဟုတ်ပါ။ ထိုအခါမျိုးမှာ အမျိုးသမီးများဖက်မှ နစ်နာလှ၍ နစ်နာကြေးများကို ရရှိနိုင်ရန် ဥပဒေဖြင့် တောင်းဆိုမှုပြု၍ ကာကွယ် ပေးနိုင်ရန်ဆိုသည်မှာလည်း လုံးဝဖြစ်နိုင်တော့ပါ။ မတတ်သာတော့သည့်အဆုံး နောက်ဆုံးစကား တစ်လုံးပဲ အင်အားချိနွဲ့စွာဖြင့် ထွက်ပေါ်လာနိုင်ခြင်းပါ။ အဲဒီစကားလုံးကတော့ – ̏နောက်ကျသွားပြီ မိသိန်းကြည်̋ … ။

 

ထို့ကြောင့် သူတို့အားလုံးကို သိစေချင်ပါသည်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် လှေလှော်ရင်း ရေနစ်နေကြတဲ့ အမျိုးသမီးများရဲ့ ဘ၀များကို ထောက်ရာတည်ရာ ရရှိနိုင်အောင် ကူညီပေးတဲ့ ဥပဒေဖြစ်တယ်။  မှားလည်းကိုယ့်အပြစ်၊ မှန်လည်းကိုယ့်အပြစ်ဆိုတဲ့ ဘ၀မျိုးနှင့် မှားမှား မှန်မှန် အံကျိတ်ပြီး ခံစားနေရသော အိမ်ထောင်သည်ဘ၀များကို တရားဥပဒေနှင့် အညီ သတ္တိရှိရှိ လင်ယောက်ျားများ(လင်ဆိုးများ)၏ အနိုင်ကျင့်ခံရသောဘ၀များနှင့် ခြိမ်းချောက်ခံနေ ရသော ဘ၀များမှ လွတ်မြောက်နိုင်စေရန်၊ နစ်နာကြေးအဖြစ် ရသင့်သည်များကို ထိုက်ထိုတန်တန် ရရှိနိုင်စေရန် ဤဥပဒေကို ပြည်ထောင်စုလွတ်တော်က ပြဋ္ဌာန်ပေးလိုက်ခြင်းဖြစ်တယ်။ အမြန်ဆုံး ညှိနှိုင်းတိုင်းပင် ဆွေးနွေး၍ အမြန်ဆုံး ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်ကြဖို့ပါ။ 

 

တစ်လင်တစ်မယားစနစ်ဆိုတာ တိုးတက်ပြီးနိုင်ငံများ၊ ဘာသာရေးအစွန်းမရောက်တဲ့ နိုင်ငံများ ဖြစ်ကြတဲ့၊ ဥရောပနိုင်ငံများ၊ အမေရိကတိုက်ရှိနိုင်ငံများ၊ သြစတျေးလျတိုက်ရှိနိုင်ငံများမှာ ကျင့်သုံးတဲ့ အင်တာနေရှင်နယ်လ်ကျင့်ထုံးဖြစ်တယ်။ ယူနီဗာဆယ်ကျင့်ထုံးဖြစ်တယ်။ ဒါကြောင့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို အင်တာနယ်ရှင်နယ်လ်ဥပဒေ (သို့မဟုတ်) ယူနီဗာ ဆယ်ဥပေးဒ (ကမ္ဘာသုံးဥပဒေ)လို့ ခေါ်ဆိုနိုင်တယ်။   

 

လူ့အခွင့်ရေးများ များများရရှိတဲ့ အမေရိကန်နိုင်ငံတို့လို၊ အင်္ဂလန်နိုင်ငံတို့လို နိုင်ငံမျိုးတွေမှာ အမျိုးသမီးအခွင့်ရေးကို အလေးပေးပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ဥပဒေ ပြု၍ ပြဋ္ဌာန်းပေးထားသောကြောင့်  ထိုနိုင်ငံများမှာ မယားပြိုင်ထားခွင့်၊ မယားအများအပြား ယူထား ပိုင်ဆိုင်ထားခွင့် မရှိပါ။ အခြားမိန်းမတစ်ယောက်ကို အိမ်ထောင်ရေးသစ္စာဖေါက်ပြီး နောက်ထပ် တစ် ယောက် ယူလိုတယ်ဆိုလျှင် အရင်မိန်းမကို ဥပဒေနှင့်အညီ ဒီဗော့စ် (divorce) အရင်ပြုလုပ်ပြီးမှ၊ (သို့မဟုတ်) ကွာရှင်းပြီးမှ နောက်မိန်းမ (သို့မဟုတ်) ဒုတိယမြောက်မိန်းမကို လက်ထပ်ယူနိုင်တယ်။ သို့သော် တစ်ချိန်တည်း၌ မယားနှစ်ယောက် ပြိုင်တူထား၍မရပါ။ [အလားတူပင် မယားများကလည်း တစ်ချိန်တည်းမှာ လင်ပြိုင်ယူထားခြင်း၊ သို့မဟုတ် လင်သုံးလေးယောက်ယူထားခြင်းကို ပြုလုပ်၍ မရပါ။] တရားမျှတမှုကို အာရုံပြု၍ ကြည့်နိုင်ကြဖို့ပါ။  

 

ထို့ကြောင့် ထိုထိုတိုင်းပြည်များ၌ နေထိုင်ကြသော အိမ်ထောင်သည် အမျိုးသမီးများ၏ ဘ၀ များသည် မြန်မာနိုင်ငံမှာရှိတဲ့၊ သို့မဟုတ် တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးတဲ့ နိုင်ငံများမှာရှိတဲ့ အမျိုးသမီးများထက် အိမ်ထောင်ရေးဂုဏ်သိက္ခာနှင့် အမျိုးသမီးများ အခွင့်ရေးကို ပိုမိုရရှိကြတယ်။ ထို့အပြင် ဘာလူမျိုးဖြစ်လို့၊ ဘာဘာသာဝင်ဖြစ်လို့ဆိုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်၍ မရနိုင်ပါ။ ထိုသူတွေ အားလုံးအတွက်တော့ Sorry ပါ။ 

 

တစ်လင်တစ်မယားစနစ်ဥပဒေကို မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းပေးသောနေ့သည် မြန်မာအမျိုး သမီး များအတွက် (တိုင်းရင်းသူ အမျိုးသမီးများအားလုံးအတွက်) ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ သောနေ့ဟု သတ်မှတ်ပြောဆိုနိုင်ခြင်းပါ။ မယားပြိုင်ဘ၀များနှင့် နေခဲ့ကြရသော အမျိုးသမီးများသည် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခများရောက်ကြလျှက် သောကဆိုတဲ့စိတ်အပူ၊ ပရိဒေ၀ဆိုတဲ့ မျက်ရည်အပူ တို့ကြောင့် ပူလောင်နေခဲ့သော ထိုအမျိုးသမီးများ၏ ဘ၀များသည် ထိုဥပဒေပြဋ္ဌာန်းပေးသောနေ့၌ လွတ်မြောက်ပြီဟု ဆိုနိုင်ခြင်းပါ။ ဘ၀တစ်ခု၌ ဖြစ်ချင်တိုင်း မဖြစ်ခဲ့ရသော်လည်း ဖြစ်သင့်တာကို ဖြစ်စေနိုင်တဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေသည် ဘ၀မဲ့အမျိုးသမီးများနှင့် တက်သစ်စအမျိုးသမီးငယ်တို့၏ ဘ၀များအတွက် နွေးထွေးလုံခြုံစွာ ထွေးပိုက်ထားနိုင်တဲ့ ကရုဏာရှင် မိခင်ရဲ့လက်နှင့်တူနေခြင်းပါ။ အမျိုးသမီးများအားလုံး ချမ်းသာစွာ အိပ်စက်နိုင် ကြပါစေ။ 

 

ဒေါက်တာဓမ္မပိယ (ITBMU)

 

Photo credit – http://padaukmyotawooyin.blogspot.com/p/blog-page_1341.html  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဒေါက်တာဓမ္မပိယ – နိုင်ငံတော်မှ ထုတ်ပြန်ထားသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို လေ့လာသုံးသပ်ခြင်း

Comments are closed.