ရသဆောင်းပါးစုံ

နေခြည်ထွန်း – နှလုံးသားရဲ့ အရှင်သခင်

နေခြည်ထွန်း – နှလုံးသားရဲ့ အရှင်သခင်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၄

photo © a u n g h t e t

“ခိုင်..မှိုင်လှချည်လားကွယ်..ခိုင့်ပုံစံက ဟိုးအရင်တုန်းက ဒီလိုပုံ မဟုတ်သလိုပဲ..”

အာကာသည် ခိုင့်ပုံစံကို ကြည့်၍ အားမလိုအားမရပုံစံဖြင့် ပြောသည်။

“ခိုင့်ပုံစံ ဟုတ်လား..?ခိုင့်ပုံစံက အရင်တုန်းကတော့ ဒီလိုပုံ ဘယ်ဟုတ်ပါ့မလဲ..တက်တက်ကြွကြွပဲပေါ့..ဒါပေမဲ့ ကိုအာကာ ရယ်..လော ကကြီးကလေ ကိုယ့်ပုံစံနဲ့ကိုယ်နေရင် သိပ်မကြိုက်ချင်ဘူး..ကိုယ်က ကိုယ်မဟုတ်တဲ့ပုံစံနဲ့နေမှ အံဝင်ခွင်ကျဖြစ်တာ..”

ခိုင်တစ်ယောက် ကျယ်ပြောလှသော ကန်တော်ကြီးရေပြင်ကို ကြည့်၍ ပြုံးစစလေး ပြန်ပြောသည်။ခိုင့်ပုံစံကြည့်ရသည်မှာ လောကကြီးကို မကျေမနပ်ဖြစ်နေသည့်ပုံမျိုးဟု အာကာတွေးမိသည်။

“မဟုတ်သေးပါဘူး ခိုင်ရယ်..အရင်က တက်တက်ကြွကြွနေတဲ့လူက အခုလိုမျိုး မရွှင်မလန်းဖြစ်သွားစရာ အကြောင်းကို မရှိဘူး..ကိုနဲ့များ ပတ်သက်နေမလား..?ကို့ကြောင့်များလား ခိုင်..?”

မေးရင်လည်း မေးချင်စရာ။ခိုင်နှင့်အာကာမှာ လူကြီးချင်းသဘောတူထားကြသည်မို့ မကြာမီတွင် ပေါင်းဖက်လက်ထပ်ရတော့မည်ဖြစ်သည်။ခိုင့်ကို စတွေ့ကတည်းက ခုလိုပုံစံမျိုးမှန်း အာကာ သတိထားမိသည်။

“မဟုတ်တာ ကိုအာကာရယ်..ကိုအာကာနဲ့ မပတ်သက်ပါဘူး..ခိုင်ကိုယ်တိုင်ကိုက ခုလိုမျိုးပဲ နေချင်တော့တာပါ..”

“ဘာလို့လဲ ခိုင်ရယ်..?လူဆိုတာ ကိုယ့်ဘဝကိုကိုယ် ကျေကျေနပ်နပ်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ထုဆစ်ဖန်တီးရတယ်..ဘယ်လောက်ပဲ မကျေနပ်စရာ ကောင်းနေနေပေါ့..”

ခိုင် သွားလေးတွေပေါ်အောင် ရယ်လိုက်သည်။သို့ပေမဲ့ အသက်တော့ မဝင်လှပါ။

“ကိုအာကာ ပြောတာဟုတ်ပါတယ်..ဒါပေမဲ့ ခိုင့်ဝသီကိုက မရှိတာကို ရှိတယ်လို့ ဟန်ဆောင်မတွေးပေးတတ်ဘူး..ခိုင် ငယ်ငယ်လေးက တည်းက ကစားဖော် ကစားဖက် မရှိခဲ့ဘူး..ကစားတော့လည်း တစ်ယောက်တည်း စားတော့လည်း တစ်ယောက်တည်း အိပ်တော့လည်း တစ်ယောက်တည်း…နောက်ဆုံးကစားတာတောင် အဖော်မရှိလို့ တစ်ယောက်တည်း စကားပြောပြီး ဆော့ရတယ်..ကံကောင်းချင်တော့ ညီမလေးတစ်ယောက်ရတယ်..အဲ့ဒီညီမလေးကရော ခိုင်နဲ့ကြာကြာနေလားဆိုတော့ မနေခဲ့ပါဘူး..ခိုင့်ကိုထားပြီး လောကကြီးကနေ ထွက်သွားတာပဲ…တစ်ခါတစ်လေ ဒီလောကကြီးမှာနေရတာ သေလောက်အောင် အထီးကျန်ဆန်တယ်…ဟိုနား ဒီနားသွားချင်တယ်ဆို လည်း လိုက်ပေးဖို့ လူမရှိ..အမေကလည်း အသက်ကြီးပြီဆိုတော့နေရာတကာ လိုက်ပေးပါ ခေါ်ရမှာ အားနာတယ်လေ..ဟော..သူငယ်ချင်းတွေဆိုပြန်တော့လည်း မအားတဲ့လူနဲ့..ဘိုင်ပြတ်တဲ့လူနဲ့..ခိုင့်ဘဝကိုက ဆိုးလွန်းပါတယ် ကိုအာကာရယ်..”

အသံများ တုန်ရီ၍ ခိုင့်ပုံစံကြည့်ရသည်မှာ ငိုချင်စိတ်ကို အတင်းထိန်းချုပ်ထားရပုံပေါ်သည်။

“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ခိုင်ရယ်..တချို့တွေကလေ အဲ့လိုမျိုးတစ်ယောက်တည်းနေရတာကို သဘောကျကြတာ..လွတ်လပ်တယ် ဆိုပြီး တော့လေ..ခိုင် အေးအေးဆေးဆေးနေရတာပေါ့..အဲ့ဒီလိုပဲ တွေးပါနော်..”

“ကိုအာကာ့ကို ခိုင် မေးစရာရှိတယ်..”

“မေးလေ ခိုင်..ခိုင် မေးချင်တာ မေးနိုင်ပါတယ်..”

အာကာ့ပုံစံမှာ လူကြီးဆန်သည်။ကြင်နာလှသည်။စကားအပြောအဆိုမှာ နူးညံ့ပျော့ပျောင်းသည်။

“ခိုင့်ကို တကယ်ချစ်တာလားဟင်..? လူကြီးတွေ ပေးစားလို့ မချစ်ပဲနဲ့ လက်ခံခဲ့တာလား..?”

“သြော်..ဘာများလဲလို့ ခိုင်ရယ်..ကိုက ခိုင့်ကို အစကတည်းက စိတ်ဝင်စားနေခဲ့တာလေ..ခိုင် မသိလို့ပါ..ခိုင် အလုပ်ဆင်းပြီဆိုရင် ကို အမြဲတမ်းကားဂိတ်မှာ စောင့်နေတာ..ခိုင်နဲ့ကားတစ်စီးတည်းပဲ အတူတူပြန်တာလေ..”

ခိုင် အံ့သြသွားခဲ့သည်။နည်းနည်းလေးမျှ သူမသိခဲ့ပါ။ သတိလည်း မထားမိခဲ့။ပတ်ဝန်းကျင်ကို လှည့် တောင်မကြည့်ဖြစ်ခဲ့။ယောကျာ်းလေးဆိုရင် တည့်တည့်မပြောနှင့်။မျက်စောင်းနှင့်ပင် မကြည့်ခဲ့။သစ္စာတရားဟူသော သက်မဲ့စိတ္တဇနာမ်ကို ထိန်းသိမ်းနေရသည်လေ။

“ခိုင်က ဟိုဘက် ဒီဘက် ဘေးဘီကို သိပ်မကြည့်တတ်ဘူးနော်..ကိုက ကြည့်မလားဆိုပြီး အမြဲတမ်း သတိထားနေတာ..”

“အဲ့ဒီတုန်းကလည်း အဲ့ဒီတုန်းကအလိုက် အခြေအနေလေးတွေက ရှိခဲ့တာကိုး ကိုအာကာရယ်..အဟောင်းတွေ အသစ်ပြန်မဖြစ်ချင်တော့ပါဘူး..ကဲ..နောက်ကျနေပြီ..ပြန်ရအောင်နော်..”

“ဟုတ်ပါပြီ..ခိုင့်မှာ ပြောစရာတွေရှိသေးတယ်မလား..နောက်တစ်ခါတွေ့ ရင် ပြောပြရမယ်နော်..”

ခိုင် အပြုံးလေးနဲ့ခေါင်းသာငြိမ့်လိုက်သည်။ဒီအကြောင်းတွေကို အစပြန်မဖော်ချင်တော့သည်မှာ ခိုင့်စိတ်ရင်းအမှန်ရယ်ပါ။အချစ်စစ် အချစ်မှန်တစ်ခု တစ်ခါမှ အသုံးမပြုရသေးသည့် ပါကင်ပိတ်အချစ်တစ်ခုကို အတုအပအချစ်တစ်ခု၏ ဖောက်ထွင်းခြင်းခံလိုက်ရကြောင်းကိုသာ အာကာသိသွားလျှင် သူ့အတွက် ခိုင့်တွင် အချစ်မကျန်လောက်တော့ဘူးလို့ ထင်သွားမည်ကို စိုးရိမ်သည်လည်း ပါသည်။

“သမီး..ဘယ်လိုလဲ..?အဆင်ပြေခဲ့ရဲ့လား..?သဘောကျရဲ့လား..?”

ဒီလောက် လူကြီးဆန်ပြီး နားလည်ပေးတတ်တဲ့လူကို သဘောမကျရအောင် သမီးက ဘာမို့လို့လဲ မေမေရယ်ဟုသာ ပြောချလိုက်ချင်တော့သည်။

“သဘောကျပါတယ် မေမေ..သမီး အစကတည်းက ခေါင်းငြိမ့်ပြီးသားပဲလေ..မေမေတို့ သဘောပါ..”

ခိုင့်အမေမှာ အကျေနပ်ကြီး ကျေနပ်၍ ပြုံးပြီး ကျန်ခဲ့လေသည်။

xxxxxxxxx   xxxxxxxx   xxxxxxxx

“ဟဲလို..”

“ခိုင်..ကို ဒီနေ့ အလုပ်မှာ အရေးတကြီးကိစ္စလေးတစ်ခု ပေါ်လာလို့…အဲ့ဒါ ခိုင့်ကို လာကြိုဖို့နောက်ကျချင် နောက်ကျလိမ့်မယ်..ဒါပေမဲ့ စောင့်နေနော်..ကို လာဖြစ်အောင် လာခဲ့မယ်..”

“ရပါတယ် ကိုအာကာ..မအားရင် မလာပါနဲ့တော့..ခိုင်တစ်ယောက်တည်းပဲ ပြန်လိုက်ပါ့မယ်..စိတ်မပူပါနဲ့နော်..အလုပ်ကိုသာ စိတ်ချ လက်ချ လုပ်ပါ..ခိုင် နားလည်ပါတယ်..”

“တကယ်ဖြစ်တာလား ခိုင်..?ကိုလည်း ပြောသာပြော နေတာ..တော်တော်နောက်ကျသွားမှာလည်း စိုးတယ်..သတိထားပြီးပြန်နော်..ခိုင့်ကိုတော့ ကိုစိတ်ချပါတယ်..ခိုင်က ပတ်ဝန်းကျင်ကို သိပ်ကြည့်တတ်တဲ့လူမှ မဟုတ်တာ..အိမ်ရောက်ပြီဆိုရင်သာ ဖုန်းဆက်ပေးနော်..အဲ့ဒီတော့မှ စိတ်အေးရမှာမို့လို့..”

“အင်းပါ..ဆက်လိုက်ပါ့မယ်..ဒါဆို ဒါပဲနော်..”

ချစ်တတ်လိုက်တာ..စိတ်ပူတတ်လိုက်တာ..တကယ်တော့ ခိုင့်ရဲ့ပါကင်ပိတ်နှလုံးသားက ကိုအာကာနဲ့အရင်ဆုံးတွေ့ရမှာပါလေ။

“သြော် သား..”

“ဟုတ်ကဲ့ အန်တီ..ခိုင် ပြန်ရောက်ပြီမလား..?”

“အေး..ပြန်ရောက်ပြီလေ..ခုနကတင် သားကို ဖုန်းဆက်သေးတယ်မလား..?”

“ဟုတ်..ဆက်ပါတယ် အန်တီ..ဟို..ဟိုလေ..ဒီနေ့ မတွေ့ရသေးတာနဲ့ အလုပ်အပြန် ဒီကို တန်းဝင်လာလိုက်တာ..ပြီးတော့မှ အိမ်ပြန်မလို့..”

“အမလေး သားရယ်..မင်းမလည်း အပင်ပန်းခံလို့..အေး အေး..ဒီမှာ ခဏထိုင်ဦး..အန်တီသွားခေါ်ပေးမယ်..”

“ခိုင်..”

“ကိုအာကာရယ်..အပင်ပန်းခံလို့..ခုထိ ထမင်းလည်း မစားရသေးဘူးမလား..?ဒီမှာပဲ စားသွားလိုက်တော့နော်..ခိုင်ပြင်ကျွေးမယ်..”

အာကာ့မျက်နှာ အပြုံးရိပ်များ သန်းသွားပြီး ပီတိမျက်နှာလေးဖြင့်-

“ခိုင် ပြင်ကျွေးမယ်ဆိုရင်တော့ စားမှာပေါ့..ဗိုက်ဆာနေတာနဲ့ အတော်ပဲ..”

ထိုနေ့က အာကာတစ်ယောက် ခိုင်ကိုယ်တိုင် ပြင်ကျွေးသောထမင်းကို အားပါးတရစားပြီး အကျေနပ်ကြီး ကျေနပ်သွားလေသည်။

“သမီးရယ်..နင်ကံကောင်းလိုက်တာ..ကိုယ့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် ချစ်တတ်တဲ့လူမျိုးနဲ့ကြုံရတယ်..ဘေးကကြည့်တဲ့ ငါတို့တောင် သူနင့်ကို ဘယ်လောက်ထိချစ်လဲ မြင်နိုင်ရင် တွေ့နိုင်ရင် သမီး..နင်ဆိုရင် ပိုတောင်သိနိုင်မှာပါအေ..”

“သိတာပေါ့ မေမေရယ်..သမီး ကောင်းကောင်းကြီး သိပါတယ်..ခုမှ သမီးအချစ်နဲ့ထိုက်တန်တဲ့လူမျိုးနဲ့ တွေ့တာ..ဟုတ်တာပေါ့..မေမေပြောသလို သမီးသိပ်ကံကောင်းပါတယ်..Fateအချစ်တုန်းကတောင် သမီးဘာမှမသိဘဲ သမီးရဲ့တန်ဖိုးရှိတဲ့အချစ် တွေ ပေးခဲ့သေးတာပဲ..အခုက ကိုယ့်ကို တကယ့်အချစ်စစ်အချစ်မှန်နဲ့ ချစ်တဲ့လူမျိုး..အဲ့ဒီလိုလူမျိုးကို သမီးအသက်ပေးပြီးတော့ကို ချစ်သွားမှာပါ..စိတ်မပူပါနဲ့ မေမေ..”

“Message”

“သမီးရေ..နင့်ဖုန်းက အသံလား..?ငါကြားလိုက်သလိုပဲ..”

ဒေါ်ယမင်းမှ သူ့သမီး ခိုင့်ကို ပြောလိုက်သော စကားသံ-

“ဟုတ်လား မေမေ..သမီး ကြည့်လိုက်ဦးမယ်..”

“ခိုင်..အရမ်းသတိရတယ်..နေကောင်းအောင်နေနော်..ကျန်းမာရေးလည်း ဂရုစိုက်ပါ..”

“ဘယ်သူလဲ သမီး..?”

“မဟုတ်ပါဘူး မေမေရဲ့..မေမေနားကြားမှားတာပါ..ဘာမှမဝင်ပါဘူး..”

ခိုင်သက်မ တစ်ချက်ကို လေးပင်စွာချပြီးနောက် စိတ်ထဲမှ နာကျည်းချက်စကားလုံးများကို ရေရွတ်နေတော့သည်။

“နေကောင်းအောင်နေတဲ့လား..စိတ်ချပါ..ရှင့်လိုယောကျာ်းတစ်ယောက်အတွက်နဲ့ ကျွန်မကိုယ့်ကိုကိုယ် ဂရုမစိုက်တဲ့အထိ နေမယ်ထင်လို့လား..ကျန်းမာရေးကိုလည်း အရင်ကထက်ပိုပြီးတော့ကို ဂရုစိုက်ဦးမှာ..ဘာလို့လဲဆိုတော့ ကျွန်မ ရှင့်ကိုချစ်ခဲ့သလိုမျိုးပဲ ကျွန်မအချစ်နဲ့လုံးဝထပ်တူကျတဲ့ လူတစ်ယောက်က ကျွန်မကို ချစ်ပေးနေပြီလေ..ကျွန်မ ဂရုမစိုက်လို့ ဘယ်ဖြစ်ပါ့မလဲ..?မစိုးရိမ်ပါနဲ့..ကိုယ့်အတွက်ပဲ ကိုယ်ပူပါ.ကျွန်မက ရှင့်အတွက် အရင်တုန်းကလည်း ဘာမှမဟုတ်ခဲ့သလို ခုချိန်မှာဆို ပိုလို့တောင် ဘာမှမဟုတ်တော့ပါဘူး…ကိုယ်နဲ့သက်ဆိုင်တဲ့လူကိုသာ ပူပေးဖို့ အချိန်ပိုထားလိုက်ပါ…”

“ဟဲ့ သမီး..”

“ရှင်..ရှင် မေမေ..”

“သြော်..ခေါ်မကြား အော်မကြားနဲ့ ဒီကောင်မလေး ဘာဖြစ်နေတာလဲ..?ဖုန်းထဲကို ဘာမှမဝင်တာရော သေချာရဲ့လား..?”

မေမေ ဘာအဓိပ္ပါယ်နှင့်မေးလိုက်မှန်း ခိုင်ကောင်းကောင်းသိတာပေါ့..စိတ်ချပါ မေမေ..သမီးသူ့ကို သေတာတောင် အဆက်အသွယ်မလုပ်ပါဘူး..သမီးလည်း နာတတ်ပါတယ် မေမေရယ်…

“တကယ်ပါ မေမေရဲ့..ဘာမှမဝင်ပါဘူး..ဟို..ဟိုလေ..ဖုန်းကိုင်ရင်းနဲ့ အလုပ်အကြောင်း ခေါင်းထဲဝင်လာလို့ပါ…”

ဒေါ်ယမင်းသည် ခိုင့်အတွက် အမေတစ်ယောက်ဆိုလျှင်လည်း ဟုတ်သလို သူငယ်ချင်းတစ်ယောက်လို အစ်မတစ်ယောက်လိုဆိုလျှင်လည်း မမှားနိုင်။ခိုင့်ကိစ္စမှန်သမျှ သူမသိတာ ဘာမှမရှိ။သမီးမျက်နှာညှိုးသည်နှင့် မိဘနှစ်ပါးလုံး နေမထိ ထိုင်မသာ ဖြစ်တတ်ကြသည်။သမီးဖြစ်သူ ခိုင်မှာလည်း ခံစားချက်ကို မျိုသိပ်ထားတတ်သူ မဟုတ်။သူတစ်ခုခု ဖြစ်နေပြီဆိုလျှင် ဒေါ်ယမင်းသာ အရင်သိရစမြဲပင်။

xxxxxxx    xxxxxxxx     xxxxxxxx

“သမီး ခိုင်..ထည့်စားနော်..ဘာမှအားမနာနဲ့..ကိုယ့်အိမ်လို သဘောထားပြီးစား..သားပေါ့..သမီး ဘာလေးတွေဆို ကြိုက်တတ်လဲလို့ အန်တီကမေး တော့ အဖြေကအားရစရာပဲ..အဲ့ဒါတွေ တစ်ခါမှ မမေးဖြစ်ဘူးဆိုပဲ..အဲ့ဒါနဲ့ အန်တီလည်း စဉ်းစားပြီးတော့ပဲ လုပ်ထားလိုက်တော့တယ်..သမီးကြိုက်ရဲ့လားဟင်..?”

ဒေါ်ခင်ခင်ဦးမှာ ကြင်နာတတ်သည်။စကားအပြောအဆို ငြင်သာ ပျော့ပျောင်းသည်။သို့သော် အာကာနှင့်ဆုလာဘ် မောင်နှမနှစ်ယောက်စလုံးမှာ သူ့ကို တုန်နေအောင် ကြောက်ရသည်။သူသဘောမတူလျှင် ခွင့်မပြုလျှင် ဘာမှမလုပ်ရချေ။အာကာမှာတော့ တစ်ခါတစ်ရံ အမေဆန္ဒကို ဆန့်ကျင်၍ လုပ်လေ့လုပ်ထရှိတတ်သည်။

“ဟုတ်..ကြိုက်ပါတယ် အန်တီရဲ့..သမီး တော်တော်များများ စားပါတယ်..အပြင်စာတွေ သိပ်မကြိုက်တော့ ကိုအာကာနဲ့လည်း သွားမစားဖြစ်ဘူးလေ..ဒါကြောင့် ကိုအာကာ မသိ တာနေမှာပါ..”

“မမရေ..ကိုကိုကလေ မမနဲ့တွေ့ပြီး ပြန်လာတဲ့နေ့ကျရင် အိမ်မှာ အရမ်းနားငြီးတာ..ပြောခဲ့တဲ့စကားက သုံးလေးခွန်းလောက်ကိုလေ ဆယ်ခါ ဆယ်လီပြန်ပြောလို့ကို မပြီးဘူး..ညီမလေးဆို အားလုံးအလွတ်ရတယ်..”

ဆုလာဘ်မှာလည်း သွက်သွက်လက်လက် ရှိလှသည်။အကိုနှင့်အမေကို ကပ်ချွဲနေရသည်မို့ ကလေးအနည်းငယ်ဆန်သည်။ငယ်ငယ်လေးနှင့် ဖတစ်ဆိုးလေး ဖြစ်ခဲ့ရသည်မို့ အာကာအပေါ် အကိုလိုတစ်မျိုး အဖေလိုတစ်ဖုံ ဆက်ဆံတတ်သည်။

“ဟဲ့ ကောင်မလေး..နင့်ကို ဘယ်သူက ရိုက်စစ်နေလို့ ဒီလောက်တောင် ပြောပြချင်နေရတာလဲ..?”

“ဟာ..ကိုကိုကလည်း အဲ့ဒါလေးပြောတာ ဘာဖြစ်လဲ. .?မမက မောင်နှမမရှိလို့ စိတ်ညစ်နေတာဆို..ဒါဆို အခုကစပြီး မမမှာ အရမ်းဆိုး အရမ်းနွဲ့တဲ့ ညီမလေးတစ်ယောက်ရှိပြီလို့သာ မှတ်လိုက်တော့..ညီမကလည်းလေ အစ်မတစ်ယောက်အရမ်းလိုချင်နေတာ..မေမေက လူကြီးဆိုတော့ တချို့ တချို့ အကြောင်းအရာတွေဆိုရင် ပြောပြလို့မရဘူးလေ..ဟီး ဟီး..ကိုကိုဆို ပိုတောင်မှဆိုးသေး..”

“အင်းပါ ညီမလေးရဲ့..အစ်မကို ဘာကိစ္စဖြစ်ဖြစ်တိုင်ပင်နိုင်ပါတယ်..အစ်မလည်း တတ်နိုင်သလောက် အကြံဥာဏ်ပေးပါ့မယ်..လိုအပ်ရင် ဖုန်းဆက်လိုက်လေ..နော်..အစ်မ ဆုလာဘ်ကို ညီမလေးတစ်ယောက်လို တကယ်ချစ်ပါတယ်..ခင်လည်းခင်တယ်..အစ်မ ညီမလေးရှိခဲ့ရင်လည်း ဆုလာလ်နဲ့ ရွယ်တူပဲလေ..ခုလိုပဲ သွက်သွက်လက်လက်လေး..အစ်မမျက်နှာရိပ် မျက်နှာကဲကို လူကြီးတွေထက် ပိုသိခဲ့တဲ့ညီမလေး..ဆုလာဘ်ကို မြင်ရတာ ညီမလေးကို သတိရမိတာတော့ အမှန်ပဲကွယ်..”

ခိုင်တစ်ယောက် ဆုံးသွားသော ညီမလေးအား သတိရမိသေးသည်။ထိုနေ့က နွေးထွေးမှုနှင့် ရင်ခုန် လှိုက်မောမှုများ ခိုင့်အနားတွင် ပျံ့လွင့်နေခဲ့သည်။

xxxxxxxx   xxxxxxxxx    xxxxxxx

အာကာတစ်ယောက် ညနေက ခိုင် ပြောပြခဲ့သော အဖြစ်အပျက်တစ်ခုနှင့် ခိုင့်ခံစားချက်၊ခိုင့်၏အယူအဆများကို ပြန်တွေးရင်း ကိုယ့်ကိုကိုယ်နှစ်သိမ့်တတ်သည့် မိန်းကလေး၊ပြန်လည် အားပေးတတ်သည့် မိန်းကလေးတစ်ယောက်ဟု အာကာ မြင်မိသည်။မည်သူမျှ သူမအနားမရှိကြလျှင်ပင် ပထမဆို ဝမ်းနည်းမည်။နောက်ပိုင်းကြာလာလျှင် သူ့စိတ်ကိုသူ ကုစားသွားလိမ့်မည်၊ဖြေသိမ့်သွားလိမ့်မည်ဟု အာကာတွေးမိသည်။စင်စစ် ထိုကဲ့သို့ စိတ်မျိုးထားရန်မှာ လွယ်တော့မလွယ်ကူချေ။မလွယ်ကူသော်လည်း ကျင့်ကြံတတ်သည့် ခိုင့်ကို အာကာ ချီးကျူးမိသည်။

“ခိုင် ကို့ကို တစ်ခုခု ဖုံးကွယ်ထားတာများ ရှိနေမလား ..?ဟိုလေ..ခိုင့်ပုံကြည့်ရတာ ကို့ကို တစ်ခုခု ပြောပြချင်နေပေမဲ့ ဒွိဟဖြစ်နေသလိုမျိုး ကိုမြင်နေရလို့ပါ..”

“ဖုံးကွယ်ထားတယ်လို့တော့ မဟုတ်ပါဘူး ကိုအာကာ..ခိုင် အရာရာကို ချင့်ချိန်နေတာပါ..ပြောပြသင့်တဲ့အချိန်ကိုတော့ ရောက်နေပါပြီ..အဲ့ဒီကိစ္စမပြောခင် ကိုအာကာ့ကို ခိုင်တစ်ခုမေးမယ်နော်..”

“မေးလေ ခိုင်..”

“ခိုင်နဲ့စတွေ့ပြီးကတည်းက ကိုအာကာကပဲ ချစ်တယ်ဆိုတဲ့စကားပြောနေတာ..ခိုင်က ပြန်မပြောတော့ ကိုအာကာ ဘာမှမဖြစ်ဘူးလားဟင်..?ခိုင့်ကို တစ်ခါလောက်ပဲဖြစ်ဖြစ် ပြောပါလို့တောင် မတောင်းဆိုခဲ့ဖူးဘူးနော်..အဲ့ဒါ ဘာဖြစ်လို့လဲ..? ခိုင်သိခွင့်ရှိမလား..?”

“ခိုင်နဲ့ပတ်သက်နေတာပဲ..သိခွင့်ရှိတာပေါ့..ဒီလိုပါ ခိုင်..မိန်းကလေးတစ်ယောက်က သူ့စိတ်က တကယ်မပါဘဲ ချစ်တယ်လို့ပြောတဲ့စကားမျိုး ကိုမလိုချင်ဘူး..တောင်းဆိုလို့ ပြောလိုက်ရတယ်ဆိုတာမျိုးလည်း မဖြစ်စေချင်ဘူး..ကိုပြောတိုင်း ခိုင်ပြန်မပြောဘူးဆိုတာကလည်း ခိုင့်စိတ်မပါသေးလို့ နေမှာပါ..ကိုစောင့်နိုင်ပါတယ် ခိုင်..တစ်နေ့နေ့ကျရင် ခိုင့်ဆီက လိုလိုလားလားနဲ့ ကိုပြောပြီးချိန်မှာ ချက်ချင်းပြန်တုန့်ပြန်နိုင်လိမ့်မယ်လို့ ကိုယုံပါတယ်..အဲ့ဒါတွေကြောင့်ပါ ခိုင်..”

“ကိုအာကာရယ်…ခိုင် အဲ့ဒီစကားကို ပြောချင်နေတာ ကြာခဲ့ပါပြီ..ဒါပေမဲ့ ခိုင် ခုပြောပြလိုက်တဲ့ အကြောင်းအရာကိုသာ ကိုအာကာသိရရင် ခိုင့်အချစ်ကို သံသယဝင်မှာ စိုးလို့ပါ…”

“တကယ်ချစ်တတ်တဲ့လူဟာ နားလည်ပေးတတ်တယ်..ဘယ်လောက်ကြီးမားတဲ့ပြ ဿနာပဲဖြစ်ဖြစ် အပြစ်မမြင်တတ်ကြပါဘူး..ကိုကိုယ်တိုင် အမြတ်တနိုးတန်ဖိုးထားပြီး ပေးထားတဲ့တစ်ခုခုကို ပေါ့ပေါ့လေးထင်ပြီး တန်ဖိုးမထားတတ်တဲ့ကိစ္စဆိုရင်တော့ နားလည်မပေးတတ်ဘူး..ခု ခိုင်က အဲ့ဒီလိုလုပ်ထားတာမျိုးမှ မရှိဘဲ..ကို့အချစ်ကို ခိုင်ယုံတယ်ဆိုရင် ရဲရဲသာ ပြောချလိုက်ပါ..”

“ခိုင့်မှာ ချစ်ရတဲ့ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ် ကိုအာကာ..သူ့ကို ခိုင် တစ်ဘဝလုံးစာ ရည်ရွယ်ပြီးတော့ ချစ်ခဲ့တာပါ..တခြားမိန်းကလေးတွေတော့ ဘယ်လိုဆိုတာ ခိုင်မသိဘူး..ခိုင့်ကိုယ်ခိုင် သိတာက မိန်းကလေးဖြစ်ပြီး မျက်နှာများတတ်တာမျိုး..ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို လွယ်လွယ်နဲ့ ဟိုလူ့ကိုလည်းပြော ဒီလူ့ကိုလည်းပြောတတ်တဲ့ မိန်းကလေးမျိုး..ယောကျာ်းတွေကို ကစားစရာအရုပ် တစ်ရုပ်လိုပဲ သဘောထားတတ်တဲ့ မိန်းကလေးမျိုး..တစ်ယောက်ကို ရက်အကန့်အသတ် အချိန်အကန့်အသတ်နဲ့ပဲ တွဲတတ်တဲ့ မိန်းကလေးမျိုး…အဲ့ဒီလို မိန်းကလေးမျိုးတွေထဲမှာ ခိုင်မပါချင်ခဲ့တာ အမှန်ပါ..ခိုင့်ကို ဘယ်လောက်ပဲ ရှေးကျတဲ့မိန်းကလေးလို့ပြောပြော လူတစ်ယောက်အပေါ် သစ္စာရှိတာကို ခေတ်မမီဘူးလို့ ပြောချင်ရင်လည်း ခိုင် ခံယူလိုက်ပါ့မယ်…ခိုင် အဲ့ဒီလို တစ်ဘဝလုံးစာရည်ရွယ်ပြီး သစ္စာတရားကို အခြေခံကာ စတင်ခဲ့တဲ့အချစ်တစ်ခုက အချိန်ကြာကြာ ခိုင်မြဲမယ်လို့ တထစ်ချတွက်ထားခဲ့တာပါ..ကိုယ်ဆောက်လုပ်ထားတဲ့ အချစ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ အပြိုအပျက် မခံနိုင်တာ မိန်းကလေးတွေရဲ့ သဘာဝပါ ကိုအာကာ..ခိုင် သဘောမကျတာမျိုး ရှိခဲ့ရင်တောင် သူ့ကို အော်ဟစ်ပြီး တစ်ခါမှ မပြောဖူးခဲ့ပါဘူး..အော်လည်းမအော်ရက်ခဲ့ဘူးကိုး..အခု ကိုအာကာ ခိုင့်ကို ယုံသလို..နားလည်ပေးသလို အဲ့ဒီနှစ်ခုစလုံး သူ့ဘက်က မတောင်းဆိုဘဲ ခိုင့်ဘက်ကသာ လိုလိုချင်ချင်နဲ့ ပေးခဲ့တာပါ..တကယ်တော့ ကိုအာကာရယ်..ယောကျာ်းလေးတွေက မိန်းကလေးတွေအပေါ် နားလည်ပေးတယ်ဆိုတာ ဘာအဓိပ္ပါယ်မှ        မသက်ရောက်ပါဘူး..မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်အပေါ် နားလည်ပေးပြီဆိုရင် တစ်ကြိမ်ဆိုရင်တော့ ဘာမှမဖြစ်သေးဘူး..အကြိမ်ပေါင်းများလာပြီဆိုရင် အဲ့ဒီမိန်းကလေးက သူတို့စိတ်ထဲမှာ အပေါစားဖြစ်သွားရော..တန်ဖိုးမထားချင်တော့ဘူးပေါ့..ခိုင် ဒီအကြောင်းတွေကို ပြန်လည်းမပြောချင်သလို တွေးလည်းမတွေးချင်တော့ဘူး..ဘယ်လောက်ပဲမေ့ထားတယ်ပြောပြော အာရုံထဲမှာတော့ အမြဲရှိနေတယ်..ဘာကြောင့် ဘယ်လိုလမ်းခွဲခဲ့ရတယ်ဆိုတာတော့ ခိုင်မပြောပါရစေနဲ့တော့..ခိုင့်ရဲ့အသုံးမပြုရသေးတဲ့အချစ်တွေက အချစ်ကို တန်ဖိုးမထားတတ်တဲ့လူတစ် ယောက်ကို ပေးခဲ့ဖူးတဲ့အကြောင်း ကိုအာကာ့ကို ခိုင်ဝန်ခံတာပါ…”

“ခိုင့်အသက်အရွယ် ခိုင့်ရုပ်ရည်နဲ့ ခိုင့်အဆင့်အတန်း အဲ့ဒါတွေပေါ်မူတည်ပြီး ရည်းစားထားခဲ့ဖူးတာ ရှိမှာပေါ့..ကို နားလည်ပါတယ်..ခိုင် ခုထိ အဲ့ဒီဆုံးရှုံးမှုကို ရင်ထဲထည့်ထားတုန်းလား..?”

“ဆုံးရှုံးတယ်တဲ့လား ကိုအာကာ..?ဆုံးရှုံးခဲ့မယ်ဆိုရင်တောင် ခိုင့်ဘက်က အချစ်တွေပဲ ဆုံးရှုံးခဲ့တာပါ..တကယ်တမ်း ဆုံးရှုံးခဲ့တာ ခိုင်မဟုတ်ပါဘူး..သူကသာ အကြီးမားဆုံး ဆုံးရှုံးရတာပါ..သူ့ကို အမြဲဂရုစိုက်ပေးတတ်တဲ့လူ..သူ့ကို စိတ်ထဲမှာ အမြဲထည့်ပေးထားတတ်တဲ့လူ..သူ့ကို အချိန်တိုင်း သတိရနေတဲ့လူ..သူ့ကို ဘာကိစ္စမဆို အမြဲတမ်းနားလည်ပေးတတ်တဲ့လူ..သူ့ကို ဘယ်တော့မှ ဘာအကြောင်းကြောင်းနဲ့မှ အပြစ်မမြင်တတ်တဲ့လူ..သူ့ကို အတိုင်းအဆမဲ့ချစ်ခြင်းတွေနဲ့ နှိုင်းဆလို့မရအောင် ချစ်နေတဲ့လူ..သူ့ကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့လူ..အဲ့ဒီလိုလူမျိုးကို သူဆုံးရှုံးလိုက်ရတာပါ..ခိုင့်အချစ်ကို တန်ဖိုးမထားတတ်တဲ့လူ အခုလိုမျိုး ဆုံးရှုံးသွားရလို့ ခိုင်ကျေနပ်တယ်..ခုချိန်မှာ ခိုင်ကတော့ သူ့အပေါ် နာတဲ့စိတ်ကလွဲရင် တခြားဘာစိတ်မှ မရှိတော့ပါဘူး..ခိုင်က အမှားလုပ်ခဲ့တဲ့လူ မဟုတ်ဘူးလေ..ခိုင် လိပ်ပြာသန့်ပါတယ်…”

“သြော်..ဒါဆို ခိုင်က အရမ်းချစ်တတ်တဲ့လူပေါ့..ကို့အပေါ်ကိုရော ခိုင့်အချစ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးစဉ်းစားထားလဲ..?”

“ကိုအာကာနဲ့ခိုင်နဲ့က အချစ်ချင်း တူတူပဲလေ..လူတစ်ယောက်ကို ဂရုစိုက်မှုတွေ နားလည်မှုတွေ ခွင့်လွှတ်ပေးမှုတွေ ယုံကြည်မှုတွေနဲ့အတူ ချစ်တတ်တယ်မလား..?ခိုင့် အချစ်ကလည်း ဒီလိုပဲဆိုတော့ ကိုအာကာရယ်..အချစ်နှစ်ခုတောင် ထပ်တူကျနေမှပဲ..လူကိုမေးနေစရာ လိုသေးလို့လားလို့..?”

ခိုင့်ပုံစံကြည့်ရသည်မှာ အရင်လို မဟုတ်တော့ဘဲ တက်ကြွရွှင်လန်းလာသယောင်ရှိသည်ဟု အာကာထင်မိသည်။သူကိုယ်တိုင်လည်း ပျော်ရွှင်မိပါသည်။သူချစ်မြတ်နိုးရသည့် မိန်းကလေးကို အမြဲတမ်းပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့သာ မြင်ချင်သည်မှာ သူ၏ အကြီးမားဆုံးဆန္ဒပင် ဖြစ်တော့သည်။

“လိုတာပေါ့ ခိုင်ရယ်..လူကိုယ်တိုင် ပြောတာလေးကိုတော့ နားထောင်ချင်သေးတာပေါ့..ပြောမယ်မလား..?”

“အင်း..ပြောမှာပေါ့..ပြောပါ့မယ်..ချစ်တယ်ဆိုတဲ့စကားလုံးချင်း အတူတူဆိုပေမဲ့ ကိုအာကာ့ကို ချစ်တဲ့အချစ်က အရင်ချစ်ခဲ့ပါတယ်ဆိုတာနဲ့ မတူတာ အမှန်ပါ…လေးလေးနက်နက်ပြောရရင် ခိုင့်နှလုံးသားရဲ့အရှင်သခင်က ကိုအာကာပါပဲ..ခိုင့်နှလုံးသားကို ခိုင်ချစ်သလို မြတ်နိုးသလို တန်ဖိုးထားသလို ကိုအာကာ့ကိုလည်း ခိုင်တစ်သက်လုံးစာအတွက် ချစ်ပါတယ်..ကိုအာကာက ခိုင့်နှလုံးသားထဲမှာ အမြဲရှိနေမှာမို့လို့ နာကျင်အောင်တော့ မလုပ်ရဘူးနော်…”

“ခိုင်ရယ်..ကိုက ခိုင့်ထက်အရင် ခိုင့်ကို ချစ်မြတ်နိုး တန်ဖိုးထားခဲ့ရသူပါ..အဲ့ဒီလိုနာကျင်အောင် ကို လုပ်ရက်ပါ့မလားကွယ်..တစ်သက်လုံး သစ္စာရှိရှိနဲ့ ပေါင်းသင်းသွားမယ်လို့ ကိုကတိပေးပါတယ်..”

အင်းယားကန်ရေပြင်၏အရိပ်တွင် ထင်ဟပ်နေသော ခိုင်နှင့်ကိုအာကာတို့၏ ပုံရိပ်မှာ ပနံတင့်ပြီး လိုက်ဖက်လှလေသည်။ထိုအကြောင်းကို ပြန်တွေးရင်း အိပ်ပျော်သွားသော အာကာမှာလည်း အိပ်မက်ထဲတွင် မည်သို့မည်ပုံ မြင်မက်နေသည် မပြောတတ်။ပြုံး၍ ကြည်နူးရိပ်များသန်းကာ အပျော်ကြီးပျော်နေပုံပေတည်း…….။

နေခြည်ထွန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts