မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ် – အမှတ် (၅၆၃)

မာမာအေး – ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်  – အမှတ် (၅၆၃)  
ဒီဇင်ဘာ ၁၃၊ ၂၀၁၄

• အပျိုဖြန်းမှ တင့်တင့်တို့အရွယ်  (သက်ဆိုင်သူ)

သောတရှင်များကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံးမာအေးရဲ့အသံလေးကြားရတဲ့အခါမှာကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊

သောတရှင်တို့ရေ၊ အရင်တပတ်က ‘ပြန်လည်၍ တွ့ဆုံကြရာဝယ်’ ဆိုတဲ့ စုံတွဲသီချင်းလေးကို၊ ‘ငယ်ကျွမ်းဆွေ’ လို့ မှားသိကြ မှားပြော ကြဖြစ်နေတာကြောင့် အမှန်သိရအောင် မူလလက်ဟောင်း “ငယ်ကျွမ်းဆွေ” သီချင်းကိုပါ တွဲပြီးရှင်းလင်းတင်ပြခဲ့ပါတယ်ရှင်။ ကျေးဇူးပြုပြီး သတိထားပြင်ပေးစေချင်ပါတယ်ရှင်။

နာမည်မှားနေတဲ့ နောက်သီချင်းတပုဒ်ကိုလည်း အကြံထပ်ပြီးပြောပါရစေဦး။
* သက်ဆိုင်သူသို့၊ ပို့မေတ္တာတေးလွှာဝေ၊ ဘေးဘယာတွေ ကင်းပါစေ၊ သပြေနုငွေခရုဇေယျတုပြုတယ်လေ၊ မေ့မေတ္တာ မေ့မေတ္တာ သောက်ခါသုံး ပြုံးရွှင်စေ….. သက်ဆိုင်သူရေ မေ့အသံအား မှတ်မိပါရဲ့လားလေ၊ လွမ်းတသသ (မှန်းဆကာနေ)၂… နေ့တွေ လတွေပြောင်း လာသရွေ့ ဟောင်းကာမမေ့ ချစ်ငွေ့တဝေဝေ၊ (သက်ဆိုင်သူ မောင့်ကိုဘဲ)၂.. (အမြဲမျှော်ကာ)၂.. စောင့်ကြိုပါတယ်လေ…

ဒီသီချင်းလေးကို ဦးစွာသီဆိုခဲ့သူကတော့ ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးဖြစ်ပါတယ်။ မာအေးကခေါ်ရင်တော့ ‘အမေကြည်’ ပေါ့ရှင်။အကယ်ဒမီတပ်ပြီးမပြောဖြစ်ရတာက ပြဇာတ်ခေတ်မှာဆိုခဲ့လို့ပါ။ ဟိုတချိန်တုန်းကတော့ စနေနေ့မနက်ပိုင်းမှာ ပြဇါတ်သီချင်းတွေ ရေဒီယို က အသံလွှင့်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဝင်းဝင်းရုံမှာ တင်ဆက်တဲ့ပြဇာတ်သီချင်းလေးတွေဟာ မြန်မာ့အသံမှာကျန်ရစ်တာပေါ့။ ခုတော့ နှစ်တွေကလည်းဟောင်း၊ အသံလွှင့်ဌာနကလည်း နယ်တောင်ပြောင်းခဲ့ပြီ။ ရှိဖို့တော့လွယ်မယ်မဟုတ်တော့ဘူးလို့ ခံစားမိနေတယ်။ ဒီသီချင်းလေးတွေကိုတင်ဆက်တဲ့ ဇာတ်နဲ့အကိုက်၊ ရေးသားအသက်သွင်းဂီတသီချင်းဖြစ်စေခဲ့တဲ့ မာအေးတို့ ဂီတအဖေ-ဂီတလုင် မောင်ကိုကိုတောင် ကွယ်လွန်ခဲ့ပြန်ပြီမို့၊ ကျန်ရစ်စေချင်တာလေးတွေ၊ ဘယ်သူဆီ အသံလိုက်တောင်းရမယ် မသိတော့ပါဘူး။ ပြဇာတ် သီချင်းကောင်းလေးတွေ ပျောက်မှာစိုးလို့- အမေတို့ အဖေတို့ရှိတုန်းက- ကက်ဆက်တခွေအသံသွင်းမိလို့ ကံကောင်းသေးတယ်ဟဲ့လို့ ကိုယ့်ကိုကိုယ်တောင် ကျေးဇူတင်ရဦးမလို့ ဖြစ်နေတာပေါ့ရှင်။

အခုသီချင်းလေးလဲမာအေးကိုယ်တိုင်ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ “ကြည်ကြည်ဌေး၏ မာမာအေး” ဆိုတဲ့အခွေမှာ ပြန်ဆိုခဲ့ပါတယ်။ သီချင်းနာ မည်က “သက်ဆိုင်သူမှ သက်ဆိုင်သူသို့” လို့ခေါ်ပါတယ်ရှင်။ မမခင်ယုမေလည်း ရုပ်ရှင်မှာပြန်ဆိုထားပါသေးတယ်။ အဲဒါကို- ခတ်လွယ် လွယ်ဘဲ “သက်ဆိုင်သူ” လို့ချည်း ကြော်ငြာကြ၊ ခေါ်ကြဖြစ်နေတာ ကြားရပါတယ်။ အဲဒါဟာ “သက်ဆိုင်သူမှ သက်ဆိုင်သူသို့” လို့ သတိထားပြီး အသုံးပြုစေချင်တာလေးပါ။ “သက်ဆိုင်သူ” လို့ ခေါ်တဲ့သီချင်းကလည်း တကယ်ရှိနေလို့ပါရှင်။ “သက်ဆိုင်သူသို့” သီချင်းကို ဆိုခဲ့တဲ့သူက ခုထိအသက်ရှည် ဂီတဘိုးတော်ကြီး ဘိုးကလေးတင့်အောင်ဖြစ်နေလို့ပါ။ “သက်ဆိုင်သူသို့ ပို့မေတ္တာတေးလွှာကိုဆောင်၊ မာစေသာစေ၊ ဘယာတွေကင်းစေအောင်” အဲဒီလိုဆိုရတဲ့သီချင်းဖြစ်ပါတယ်။

ခုပြောခဲ့တဲ့သီချင်းနှစ်ပုဒ်က၊ ‘သက်ဆိုင်သူမှ သက်ဆိုင်သူသို့’ သီချင်းနဲ့ “သက်ဆိုင်သူ” သီချင်းတပုဒ်ရှိသေးတယ်ရှိတယ်လို့ ပြောပြတာပါ ရှင်။ နာမည်တွေ သူ့နာမည်နဲ့သူ ဖြစ်တည်စေချင်လို့ပါ။ မာအေးက နာမည်တူတွေလည်းရှိနေတယ်လို့ စပြောထားတယ်မဟုတ်လား။ မာအေးဆိုခဲ့တဲ့ ရုပ်ရှင်သီချင်းနှစ်ပုဒ်ကလည်း နာမည်တူရှိလို့ ပြောပြဦးမယ်။

‘ဗိုလ်မြဒင်’ ဆိုတဲ့ရုပ်ရှင်ဇါတ်ကါးမှာ မာအေးဆိုပေးခဲ့ရဖူးတဲ့ သီချင်းလေးပါ။ အဲဒီရုပ်ရှင်ဟာ ထူးထူးခြားခြား မင်းသား မင်းသမီးမဖြစ်ဖူးသေးတဲ့ သူတွေနဲ့ ရိုက်ခဲ့တယ်လို့လဲ သတိရမိပါတယ်။ ‘ထွန်းဝေ’ လို့ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ မင်းသားကြီးကို မင်းသားသရုပ်ဆောင်အဖြစ် စတင်ရိုက်ကူးပေးတဲ့ ဇာတ်ကါးပါ။ မင်းသမီးသစ် သုံးလက်လည်းတင်ခဲ့ပါတယ်။ မြမြရီ၊ မခင်ကြည်နဲ့ ရွှေစင်မေတို့ပါဘဲ၊ ဗိုလ်ကတော် လုပ်ရတဲ့မင်းသမီးသစ် မခင်ကြည်ရဲ့ သရုပ်တောင်မှုကပီပြင်တော့ နောက်ပိုင်းမှာ ဗိုလ်မြဒင် မခင်ကြည်လို့တောင် ပြောကြရပါတယ်။ မာအေးက မြမြရီရဲ့ ကိုယ်စားဆိုပေးရတာပါ။ သီချင်းကို “ အပျိုဖြန်း”လို့ နာမည်ပေးထားပါတယ်။

• ပျိုလေးမှာတကယ် အချစ်ရေး နားမလည် ဒါပေမယ့်ခက်တယ်၊ အချစ်ရဲ့အကြောင်းတော့သိချင်ပါတယ်..အပျိုကြီးဘဝနဲ့ကွယ်၊ ငိုငြီးရမယ့် အဖြစ်ကို ရှောင်ဖယ်၊ သီးချိန်သီးလို့ ပွင့်ချိန်ပွင့်ဖို့သာတကယ်၊ အခါမလင့်အောင် အရွယ်သင့်ပြန်ရင်ကွယ်၊ ချစ်ရမယ့်သူမျှော်တယ်၊ ကြိုက်ရ မယ့်သူမောင်ရယ်၊ တရေးရေးနဲ့တွေးတွေးကာရယ် မပေါ်လာမျှော်ရှာ အတော်ကြာအောင် မောင့်ကိုစောင့်လို့ရယ်…
အဲဒီသီချင်းကတိုတိုလေးရယ်၊ ဆိုရတာလွယ်၊ ကျက်ရတာလဲလွယ်တော့ မင်းသမီးတွေဆိုဖို့ ကြုံရင်လုဆိုတဲ့ သီချင်းလေးဖြစ်ခဲ့တာပေါ့ရှင်။ နောက်တခါ မင်းသမီးမြတ်မွန်အတွက် အငိုလွယ်သည်ဇာတ်ကားမှာ မာအေးဆိုပေးခဲ့ရတဲ့သီချင်းဟာလည်း “အပျိုဖြန်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ဘဲ နာမည်ကျော်လာပြန်ပါတယ်။ ဒါကြောင့် မာအေးရဲ့ရုပ်ရှင်သီချင်းတချို့ကို “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” အမည်နဲ့ ကက်ဆက်ခွေ ထုတ်တော့ ဂီတစာဆို ချိုတေးဆက် ကိုအောင်ကိုးကို ခွင့်တောင်းပြီး  အသံသွင်းပါတယ်။  ရုပ်ရှင်မင်းသမီး တင့်တင့်ထွန်း  ပြန်ဆိုတဲ့အခါ ကျတော့ မာအေး ‘အပျိုဖြန်း’ သီချင်းကို ‘တင့်တင့်တို့အရွယ်’ လို့ နာမည်ပြောင်းခဲ့ပါတယ်။

အခွေထုတ်တုန်းက ပြနာဿတခုကြုံဖြစ်ခဲ့ပါတယ်။ ကိုဝဏ္ဏတို့ကို သုမောင်တို့ အဖေကြီး ဦးသာဓုဆီက သူရေးတဲ့စာကို ခွင့်မတောင်းဘဲ အသံသွင်းရကောင်းလားဆိုတဲ့ ချဲစာလေးရောက်လာလို့ပါရှင်။ ဒီသီချင်းကို ဟိုတုန်းက နတ်စင်ဘောက်ထော်လို့ခေါ်တဲ့နေရာ သန်းမြင့် ရုပ်ရှင်ခြံလို့ သိခဲ့ရဖူးတဲ့၊ ဦးသာဓုရဲ့ခြံကြီးထဲမှာ ပန်းသာဦးသာ ဦးတင်ရွှေ အသံဖမ်းပေးခဲ့တာပေါ့။ အကိုအောင်ကိုးဝိုင်းနဲ့ဖြစ်တော့- ကိုယ်ကလည်း ခလေးဘဲရှိသေးတာမို့ မမေးမိပါဘူး။ အကိုအောင်ကိုး အသံသွင်းတာလဲသိတော့ သူရေးတယ်လို့ဘဲ ထင်ခဲ့တာပါ၊ ဘာပဲဖြစ် ဖြစ် ကိုယ်တိုင်သွားတောင်းပန်လိုက်ပါတယ်။ မသိလို့ပါပေါ့နော်၊ တကယ်ကိုမသိခဲ့တာပါ။ အဲဒါလည်း ရုပ်ရှင်သီချင်းအဖြစ်မှာတော့ အပျိုဖြန်းပါဘဲ။ အပျင်းပြေ အမှတ်ရသွားအောင် နားထောင်ကြည့်ပါဦး။ သာဓုရေးတဲ့စာသားနော်။ ‘အပျိုဖြန်း’ က နာမည်မှန်ပါရှင်။

(မြတ်မွန်အတွက် အပျိုဖြန်း)
ဒီအရွယ်တင့်တင့်တို့ အရွယ်၊ ကျမ ကျမတို့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် မစူးမစမ်းတဲ့အရွယ်၊ ရူးနှမ်းနှမ်းအရွယ်ပါတဲ့  အပျိုဖြန်း ဆိုလား  အပျိုမဒန်းဆိုလား ဆန်းဆန်းပြားပြား ခေါ်ကြပြန်တယ်… တချို့ကလေ၊ ကျီးအတောင်ပေါက် စသဖွယ်၊ မြီးကောင်ပေါက်မ အရွယ် တဲ့ အဓိပ္ပါယ်ဘယ်လိုရှိ၏ တိတိကျကျ မသိရိုးအမှန်ပါကွယ်၊ တင့်တင့်သဘော ပွင့်ပွင့်ပြောမယ်၊ လုပ်ချင်ရာလုပ်၊ စားချင်ရာစား၊ သွားချင် ရာသွား၊ အားအားရှိတော့ အလှပြင်မယ်၊ လှသထက်လှအောင်ချယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts