သူတို့အာဘော် မောင်ရစ်

မောင်ရစ် – တယောက်တည်းလား အိုဘားမား

 

မောင်ရစ် – တယောက်တည်းလား အိုဘားမား

(အယ်ဒီတာ့လက်ရေး၊ မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၄

အမေရိကန်ပြည်ရဲ့ ၂၀၁၄ midterm election (မြန်မာလိုဘာသာပြန်ရင် ကြားကာလရွေးကောက်ပွဲ) သမ္မတမပါတဲ့ အမေရိကန်လုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲမှာ အာဏာရသမ္မတကြီး အိုဘားမားရဲ့ ဒီမိုကရက်ပါတီက အမတ်တွေ အတော်များများ မဲရှုံးကြပြီး အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက အမတ်တွေ အများအပြား အနိုင်ရကြပါတယ်။ သည်တော့ ဥပဒေပြုအာဏာပိုင်တဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အတိုက်အခံပါတီက အသာစီးရသွားပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေးအာဏာပိုင်တဲ့ သမ္မတ အိုဘားမားနဲ့ အစိုးရအဖွဲ့ကတော့ သက်တမ်းရှိသေးတဲ့အတိုင်း နောက် ၂ နှစ်တာကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေဦးမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒီကျန်တဲ့ ၂ နှစ်မှာ သမ္မတမင်းကြီး အိုဘားမားမှာ သူ့ပါတီက အမတ်တွေ အားနည်းတဲ့ လွှတ်တော်နဲ့မို့ တယောက်တည်းလား အိုဘားမားလို့ ခေါင်းစဉ်တတ်လိုက်တာ ဖြစ်ပါတယ်။

အများအာလုပ်ပြုကြတဲ့ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲစနစ်မှာက အထွေထွေရွေးကောက်ပွဲမှာ အမတ်အများဆုံးနိုင်တဲ့ ပါတီက ခေါင်းဆောင်က အစိုးရဖွဲ့ပြီး ၀န်ကြီးချုပ်လုပ်ကြ၊ သမ္မတလုပ်ကြတာပါ။ အမေရိကန်ကတော့ သမ္မတနဲ့ ပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲ စနစ်ဆိုတော့ သမ္မတက ၄ နှစ် တကြိမ် အရွေးခံ၊ နိုင်ရင် အစိုးရဖွဲ့ မင်းလုပ်၊ အောက်လွှတ်တော်အမတ်က ၂ နှစ်တကြိမ် အရွေးခံပြီး အထက်လွှတ်တော်အမတ်က ၆ နှစ် တကြိမ် အရွေးခံကြ၊ နိုင်ရင် လွှတ်တော်တက်ပြီး ဥပဒေတွေ ပြင်ကြ ဖျက်ကြ အသစ်ဆွဲကြ လုပ်ကြတာပါ။

သည်တော့ အမေရိကန်လွှတ်တော်အမတ်တွေက အစိုးရ၀န်ကြီးတို့ ဘာတို့ ဖြစ်ဖို့ အားမသန်ပါဘူး။ လွှတ်တော်ထဲကနေ ဥပဒေရေး၊ ဘတ်ဂျက်ရေး၊ နည်းဥပဒေရေး၊ မူဝါဒအရေးတွေ လုပ်ကိုင်ကြ အစိုးရကို ပဲ့ကိုင် ထိန်းကြောင်းကြတာ များပါတယ်။ ပါတီတခုခုက သမ္မတလုပ်ချင်တဲ့သူက ပါတီက သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ကြိုးပမ်း၊ သမ္မတလောင်းဖြစ်လာရင် အပြိုင်ပါတီက သမ္မတလောင်းနဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ပြိုင်၊ (သည်သမ္မတရွေးကောက်ပွဲဆိုတာက အထွေထွေအမတ်ရွေးကောက်ပွဲတွေနဲ့ အတူတူတွဲပြီး ကျင်းပတာမို့) မဲပေးသူတွေက ခုနင်က midterm election – သမ္မတမပါတဲ့ ရွေးကောက်ပွဲတွေထက် မဲပေးသူ လူပိုများပါတယ်)။ နိုင်ရင် သူ့စိတ်တိုင်းကျ၊ ပါတီ စိတ်တိုင်းကျ ၀န်ကြီးတွေ ရွေးချယ်ပြီး အစိုးရအဖွဲ့ကို  ၄ နှစ်လုပ်ကြတာပါ။

အမေရိကန် ဒီမိုကရေစီမှာ သမ္မတက ၄ နှစ် တကြိမ်၊ ၂ ကြိမ်ထက် မပိုဘဲ အရွေးခံခွင့် ရှိသော်လည်း၊ အမတ်တွေကတော့ အကန့်အသတ်မရှိ ရာသက်ပန် အကြိမ်ကြိမ် အရွေးခံနိုင်ကြပါတယ်။ သည်တော့ အာရီဇိုးနားက အထက်လွှတ်တော်အမတ် ရီပတ်ဘလစ်ကန်ပါတီက စစ်မှုထမ်းဟောင်း ဂျွန်မက္ကိန်းဆိုတာ ၁၉၈၂ ကတည်း လွှတ်တော်ထဲရောက်ပြီး အမတ်လုပ်နေလိုက်တာ အခုချိန်ထိပါပဲ။ သူ့လိုပဲ သက်တော်ရှည်အမတ်တွေထဲမှာ ကယ်လီဖိုးနီးယားက ဒီမိုကရက်ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ အမျိုးသမီးအမတ်ကြီးများ – နန်စီပလိုစီ၊ ဒိုင်ယန်ဖရိုင်းစတိန်း နဲ့ ဘာဘရာဘောက်စာ တို့ဟာလည်း အကြိမ်ကြိမ် အနိုင်ရထားတဲ့ ရာသက်ပန်အမတ်တွေ အလားပါပဲ။

ဆိုထားတဲ့အတိုင်း ကြားရွေးကောက်ပွဲမှာ လွှတ်တော်တွေမှာ အတိုက်အခံပါတီက အမတ်တွေ အများအပြား အနိုင်ဆက်ရတယ်။ အထက်နဲ့ အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေ ဖြစ်ကုန်တယ်။ သမ္မတ အဆိုပြုတဲ့ ဥပဒေတွေကို အတိုက်အခံလွှတ်တော်က ကန့်ကွက်တာ တားဆီးတာတွေ ပိုလုပ်လာနိုင်တယ်။ အစိုးရ တောင်းတဲ့ ဘတ်ဂျက်တွေကိုလည်း အကြပ်ကိုင်တာ ငြင်းပယ်တာတွေ လုပ်လာနိုင်တယ်။ ဒါက အမေရိကန်ရဲ့ ဒီမိုကရေစီပဲ။ အိုဘားမားစကားအရ ဆိုရင် messy ဖြစ်တယ်။ ပရမ်းပတာနိုင်တယ်၊ ရှုပ်ထွေးတယ်ပေါ့ဗျာ။ ဒါဟာ ဒီမိုကရေစီရဲ့ အရသာပဲ၊ သဘာဝပဲလို့ ဆိုတယ်။

မြန်မာပြည်မှာကတော့ (သမ္မတနဲ့ ပါလီမန်) ဒီမိုကရေစီ ရွေးကောက်ပွဲစနစ် မဟုတ်ပါဘူး။ ပါလီမန် ရွေးကောက်ပွဲပါ။ ပါလီမန်ကနေ တက်လာသူတွေက ဒုတိယသမ္မတ အရင်ဖြစ်၊ ဒုသမ္မတတွေ ကြားထဲကမှ သမ္မတဖြစ်ခွင့် ရတာပါ။ ပြီးတော့မှ အစိုးရဖွဲ့၊ အစိုးရထဲက လုံခြုံရေးတွေ ကာကွယ်ရေးတွေ ပြည်ထဲရေးဌာနတွေမှာ အမတ်တွေထဲက ပရမ်းပတာ ဖြစ်ခွင့်မရပါဘူး။ “ကာလုံ” ဆိုတာကြီးမှာက စစ်အုပ်စုက အများစုပါ။ ပြီးတော့ လွှတ်တော်အားလုံးမှာလည်း ၂၅% က စစ်အုပ်စုက ရွေးကောက်ပွဲဝင်စရာ မလိုဘဲ တက်လာကြတဲ့ စစ်သားအမတ်တွေချည်းပါပဲ။ သည်တော့ ကျနော်တို့ မြန်မာပြည်က ဒီမိုကရေစီဆိုတာကလည်း messy ဖြစ်ပါတယ်။ ပရမ်းပတာ ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်က ဒီမိုကရေစီလို အရသာမရှိတာ၊ သဘာဝမကျတာကတော့ လူတိုင်းအသိပဲ ဖြစ်ပါတယ်။ ထပ်မရှင်းတော့ဘူးနော်။

တယောက်တည်းလား အိုဘားမားလို့ ပြောရသလဲဆိုတော့ အခု အမေရိကန်လွှတ်တော် ၂ရပ်လုံးမှာ ပြိုင်ဘက်ပါတီက အမတ်တွေနဲ့ချည်းဆိုတော့ ရွေးကောက်ပွဲအပြီးမှာ အိုဘားမားနဲ့ ဒီမိုကရက်ပါတီ အကြီးအကျယ် အတိုက်ခိုက် ဝေဖန်ခံရပါတယ်။ အိုဘားမားနဲ့ ဒီမိုကရက်အမတ်တွေကို ထောက်ခံတဲ့ ပြည်သူတွေ မရှိတော့လို့ သူတို့သည် ကြားကာလရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြတာလို့ လက်ညိုးထိုးကြပါတယ်။ ဒီမိုကရက်အမတ်တွေ ထောက်ခံမဲ နည်းပြီး ရီပတ်ဘလစ်ကန်အမတ်တွေ ထောက်ခံမဲတွေ အများအပြား ရကြတာဟာ အမေရိကန်ပြည်သူတွေက ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံမှု ပြောင်းရွှေ့သွားပြီဆိုတာ ပြတယ်လို့ ဝေဖန်ကြပါတယ်။

သည်မှာ ပြောပြစရာကတော့ “ရွေးကောက်ပွဲဆိုတာ မဲပေးတဲ့သူတွေပဲ နိုင်ကြတာ” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ။ ၂၀၁၂ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ အမေရိကန် သန်း ၂၀၀ ထဲက သန်း ၈၀ပဲ မဲထွက်ပေးပါတယ်။ အမေရိကန်ရဲ့ ၃၅%က ပဲ မဲပေးတာပါ။ အဲသည် ၃ပုံ၁ပုံသော မဲပေးသူတွေ အများစုက ပြိုင်ဖက် ရီပတ်ဘလစ်ကန်ထောက်ခံသူတွေဖြစ်တဲ့အတွက် အထက်အောက် လွှတ်တော်အမတ်တွေရဲ့ ၅၀ % ကျော်ကို သူတို့တွေချည်း ရသွားတဲ့သဘောပါပဲ။ အိုဘားမားနဲ့ ဒီမိုကရက်ပါတီ ထောက်ခံသူတွေက ကြားကာလရွေးကောက်ပွဲတွေမှာ မဲမပေးဘဲ နေကြလေ့ရှိတယ်။ နိုင်ငံရေးကိုလည်း စိတ်ဝင်စားမှု အတက်အကျ သိပ်မြန်တယ်။ လက်ရှိ အမေရိကန်နိုင်ငံရေးမှာ အိုဘားမားအစိုးရနဲ့ လွှတ်တော် အားပြိုင်မှု အကြပ်အတည်းက အလွန်တိုက်ပွဲပြင်းထန်တဲ့အတွက် လူငယ်တွေ ကျောင်းသားတွေ လူမည်း လူဝါ လူနည်းစုတွေ၊ လူလတ်တန်းစားနဲ့ ဆင်းရဲသားတွေက စိတ်ကုန် စိတ်ပျက်ပြီး၊ အခုသည် ကြားကာလ ၂၀၁၄ ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ကြလို့ ဒီမိုကရက်တွေ မဲရှုံးပြီး အိုဘားမားတဦးတည်း ကျန်ရစ်ရတယ်လို့ ဆိုကြပါတယ်။

နောက်တချက်ကတော့ ၂၀၁၂ ခုနှစ်တုန်းက အိုဘားမား ဒုတိယသက်တမ်း အထွေထွေရွေးကောက်ပွဲမှာ မဲပေးသူ သန်း ၂၀၀ မှာ သန်း ၁၂၀ ကျော် (၆၀%) က မဲထွက်ပေးကြတယ်။ လူဦးရေ ၆၀% ကျော်တယ်။ အဲသည်မှာ သန်း ၁၂၀ ကျော်ထဲက ထက်ဝက်ကျော် သန်း ၆၀ ကျော်က အိုဘားမားကို ထောက်ခံမဲပေးခဲ့တာပါ။ အမတ်တွေအတွက်လည်း အဲသည် သန်း ၁၂၀ ထဲကနေ ၀ိုင်းမဲပေးကြလို့ ဒီမိုကရက်တွေ လွှတ်တော်တွေမှာ အနိုင်ရကြပါတယ်။ သည် ၂၀၁၄ မှာ အိုဘားမား မပါတော့လို့ ဒီမိုကရက်အမတ်တွေကို မဲထွက်မပေးကြဘူလို့ ဆိုနိုင်ပါတယ်။

၂၀၁၄ ရွေးကောက်ပွဲဝင်တဲ့ အချို့သော ဒီမိုကရက်အမတ်တွေကလည်း အိုဘားမားကို ကျောခိုင်းလိုက်ကြတာလည်း တချက်ပါပြန်တယ်။ အထက်က ဆိုခဲ့တဲ့အတိုင်း လွှတ်တော်အမတ်တွေဆိုတာက သမ္မတထက် သက်တမ်းရှည်သူတွေတော့ သူတို့အကြိမ်ကြိမ်အရွေးချယ်ခံရဖို့အရေး သူတို့မဲဆန္ဒနယ်မြေမှာ ပေါ်ပြူလာမဖြစ်တော့တဲ့ အိုဘားမားနဲ့ ဝေးဝေးနေပြီး မဲဆွယ်ကြရတယ်လို့ ဆိုပါတယ်။ သည်လိုနယ်မြေတွေမှာ ရှေးရိုးစွဲတွေ လူဖြူတွေ အားကောင်းနေရင် လွှတ်တော်အမတ်ကလည်း မဲတကယ်ထွက်ပေးမယ့် လူကို မဲဆွယ်ရတာဆိုတော့ ဒီမိုကရက်အမတ်လောင်းတွေကလည်း အိုဘားမားနဲ့ မနီးစပ်သယောင် အကွက်တွေ ဆင်ကြတာကြောင့် မဲတွေ ကွဲပြားကုန်ပြီး တကယ်တန်း ကြားကာလရွေးကောက်ပွဲမှာ သူတို့တွေ ရှုံးကြတယ်လို့ ဆိုပါတယ်။ ဒီမိုကရက်ဘက်တော်သားချင်းကလည်း အိုဘားမားကို တဦးတည်း ချန်ထားခဲ့တာတွေလည်း ပါပါသတဲ့။

မည်သို့ပင် ဖြစ်စေကာမူ ၀ါရှင်တန်ဒီစီမှာ လူများစုလွှတ်တော်အင်အားကို ဆုံးရှုံးလိုက်တဲ့ အိုဘားမားတယောက် ဘယ်လိုများ စခန်းသွားနေသလဲ လှမ်းကြည့်လိုက်တော့ သမ္မတ၏ အုပ်ချုပ်ရေး အာဏာနဲ့ပဲ ဆက်ပြီး အုပ်ချုပ်မင်းလုပ်နေပါတယ်။ လွှတ်တော်က ကန့်သတ် ဟန့်တား တားဆီး ကြန့်ကြာအောင်လုပ်မယ့် အရေးကိစ္စတွေကို သမ္မတ၏  executive order တချက်လွှတ်အမိန့်နဲ့ ဆောင်ရွက်ခွင့်ရတဲ့ ဘောင်အတွင်းကနေ ဆောင်ရွက်ပါတယ်။ ဥပမာတခုကတော့ တရားမ၀င်နေထိုင်သူ အခြားနိုင်ငံသားတွေထဲက လူ ၅ သန်းကို ပြည်နှင်ခွင့်မှ ယာယီသက်သာခွင့်၊ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ၃ နှစ်ပါမစ် ချပေးတာမျိုးကို လွှတ်တော်ဆီက အကူအညီမပါပဲ ဆောင်ရွက်လိုက်တာမျိုး ဖြစ်ပါတယ်။

အိုဘားမားဟာ သမ္မတမဖြစ်ခင်က အထက်လွှတ်တော်အမတ်ပါ။ အမတ်မဖြစ်ခင်က ဟားဗတ်တက္ကသိုလ်က ကျောင်းဆရာပါ။ ကျောင်းဆရာ မဖြစ်ခင်က သူ့ဒေသခံ ချီကာဂိုနယ်မြေမှာ လူထုအရေး လှုံဆော်သူပါ။ (community organizer) လို့ ခေါ်ပါတယ်။ တလမ်းဝင် တလမ်းထွက်၊ အိမ်ပေါက်စေ့ တံခါးခေါက်ပြီး လူထုအရေး လှုံဆော်စည်းရုံးရေး လုပ်သူတဦး ဖြစ်ခဲ့ပါတယ်။ အဲသည် လူထုစည်းရုံရေးသမားဟာ တက္ကသိုလ်ကျောင်းဆရာဘ၀ကနေ ရွေးကောက်ပွဲနိုင်ငံရေးသမားအဖြစ် ခံယူပြီး တိုင်းပြည်ကြီး ပြုပြင်ပြောင်းလဲဖို့ လွှတ်တော်တွင်း “၀င်” သွားခဲ့တာကနေ အဆင့်ဆင့် သမ္မတကြီးအဖြစ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လူထုစည်းရုံးရေးကနေ လွှတ်တော်အမတ်တွေ အစိုးရမင်းတွေ တရားသူကြီးတွေ နိုင်ငံရေးသမားတွေကို စည်းရုံး ဦးဆောင်ပြီး တိုင်းပြည်ပြုပြင်ရေး လုပ်မယ်ဟဲ့လို့ လွှတ်တော်ထဲ ၀င်၊ အစိုးရထဲ ၀င်ပြီး ထိပ်ဆုံးထိ တက်သွားလိုက်တာ အခုတော့ ၆ နှစ်အကြာ မှာ အိုဘားမားခင်ဗျာ တယောက်တည်းလား မေးတော့ ကိုယ်တယောက်တည်းပါ ဖြစ်နေပြီလို့ ဆိုရတော့မလိုပါပဲ။

သူ့ကို ဝေဖန်ပြစ်တင်ရေးတွေ မိုးလုံးညံလုပ်နေကြသော်လည်း အဆိုပါ သမ္မတကြီးဟာ အမေရိကန်စီးပွားပျက်ကပ်မှ ဆွဲတင်ခဲ့၊ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်ခွင့်ရဖို့ ဥပဒေပြဌာန်းခဲ့၊ အမျိုးသမီးများ၊ ဂေးများ၊ လူနည်းစုများ အခွင့်အရေး ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့၊ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို အဝေးရောက်နည်းပညာစစ်ပွဲတွေနဲ့ နှိမ်နင်းခဲ့၊ လူဝင်မှုကြီးကြည်ရေးဥပဒေ ပြင်ဆင်နိုင်ရေး နှိုးဆော်နိုင်ခဲ့တာတွေ လုပ်စွမ်းခဲ့သူ သမ္မတကြီး ဖြစ်ပါတယ်။ သို့သော်လည်း လွှတ်တော်ကြီးနဲ့ ဥပဒေစီရင်ရေးတွေက သမ္မတကြီး ဆွဲသလောက် မပါဘဲ ဗရမ်းဗတာဒီမိုကရေစီဇာတ်ကနေကြတာမို့ အခုနောက်ပိုင်း အိုဘားမားတဦးတည်း ကြဲနေရမယ့် သဘောလို့ မှတ်ချက်ချရမှာပါ။

ပညာရေး ပြုပြင်ပြောင်းလဲဖို့၊ လုတိုင်း အခြေခံလစာ တိုးမြှင့် ရရှိဖို့၊ လူတိုင်း တန်းတူ အလုပ်ခံစားခွင့် ရှိဖို့၊ မျိုးဆက်သစ်တွေ နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင် ကြဖို့ ဆော်သြ လှုံဆော် စည်းရုံးနေဆဲ  သမ္မတကြီး အိုဘားမားဟာ အရင်ဘ၀က community organizer လုပ်ခဲ့စဉ်က နည်းဗျူဟာတွေကို ပြန်လည် ဆွဲကိုင်ပြီး သူတဦးတည်း မဟုတ်ဘူးလို့ နိုင်ငံတော်ကို လက်ရုံးဆန့်တန်းပြနေတဲ့ အလားအလာတွေ မြင်ရပါတယ်။ လွှတ်တော်ကို ၀ါရှင်တန်ဒီစီမှာ ထားရစ်ခဲ့ပြီး သမ္မတကြီးတယောက် လူထုကြားထဲ စည်းရုံးရေး လှုံဆော်ရေးတွေ ပြန်လည် လုပ်ဆောင်လာနေတာတွေ တွေ့ရပါတော့တယ်။

သာဓကအနေနဲ့ ဆောင်ပြရရင် ယခု လူထုဆန္ဒပြပွဲတွေဖြစ်တဲ့ လူနည်းစုများအပေါ် ရဲတို့၏ အကြမ်းဖက်သတ်ဖြတ်မှု အဆုံးသတ်ရေး အရေးအခင်းမှာ သမ္မတကြီးက သူ့လုပ်ပိုင်ခွင့်ထဲကနေ ရဲတွေကို အကြမ်းဖက်မှု စောင့်ကြည့်စစ်ဆေးရေး၊ ခန္တာကိုယ်မှာ ရုပ်သံမှတ်တမ်းတင် ကင်မရာတပ်ဆင်ရေး၊ ပြည်ထောင်စုတရားစီရင်ရေးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးတွေကို ထုတ်ပြန်ပေးပါတယ်။ ပြီးတော့ လူငယ်တွေ သတင်းဌာနတွေ တက္ကသိုလ်ကောလိပ်တွေ နယ်တွေအထိ ဆင်းပြီးတော့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ပါတယ်။ ဒါကတော့ နိုင်ငံရေသမားတွေ မဲဆွယ်ပွဲဆင်းတာမျိုး မဟုတ်တော့ဘဲ community organizer တွေရဲ့ လူထုစည်းရုံးရေးဆင်းတာမျိုးပါပဲ။

သမ္မတကြီး လုပ်နေပြီး လူထုဆန္̔ဒကို တိုက်ရိုက် မဖြည့်ဆည်းနိုင်တဲ့ အစိုးရခေါင်းဆောင်တဦးဖြစ်နေတာမို့ လက်ရှိမှာ လူထုတောင်းဆိုနေတဲ့ နိုင်ငံရေး လူမှုရေး ပညာရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဥပဒေပြုတဲ့ လွှတ်တော်၊ ဥပဒေဖော်တဲ့ အစိုးရနဲ့ ဥပဒေကာကွယ်တဲ့ တရားစီရင်ရေးတို့က မဆောင်ရွက်ပေးနေသမျှ လူထုဟာ လှုံဆော် စည်းရုံးမှုတွေ ဆန္̔ဒထုတ်ဖော်မှုတွေ ဆက်လုပ်နေရမယ်။ အာဏာသုံးရပ်ကိုင်စွဲထားသူတွေ နားထောင် ဆောင်ရွက်လာအောင် ပညာပေး ၀ါဒဖြန့်နေရမယ်။ ဖြစ်နိုင်တဲ့နည်းနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်နေသူတွေ လုပ်ငန်းရှင်၊ အာဏာပိုင်၊ အခွင့်ထူးခံတွေကို အကြ့ပ်ကိုင်မှုတွေ ဖိအားပေးမှုတွေ လုပ်ရမှာဖြစ်တယ်လို့  သမ္မတကြီးကိုယ်တိုင်က BET တီဗီရဲ့အင်တာဗျူးမှာ တက်ကြွလှုပ်ရှားသူလူငယ်တွေကို ပြောသွားပါတယ်။ နောက်တခုကတော့ မဲမပေးဘဲ မနေကြဖို့ ပြုပြင်ပြောင်းလဲမှုကို လုပ်စွမ်းနိုင်မဲ့သူတွေကို မဲလက်နက်သုံပြီး အာဏာသုံးရပ် ရှိရာ အရပ်ကို အရောက်ပို့ဆောင်ကြဖို့ နိုင်ငံရေးကို စိတ်ပျက် ဥပက္ခာ မပြုကြဖို့ကို သမ္မတကြီး တကိုယ်တည်းက လူထုကြားမှာ ထုတ်ဖော် စည်းရုံးနေဆဲ ဖြစ်တာကို တွေ့နေရပြီလို့ ဆိုနိုင်ပါတယ်။

အိုဘားမားဆိုတာ ၂၁ ရာစုရဲ့ ဧရာမလူသားတဦးပါ။ အခုတော့ ၂၀၁၄ ရွေးကောက်ပွဲအပြီးမှ တယောက်တည်းလား အိုဘားမား ဖြစ်နေပြီပေါ့လေ။ သို့သော်လည်း လူထုစည်းရုံးရေးသမားတဦးဖြစ်တဲ့ အိုဘားမားတယေက်ကတော့ လက်ကျန် သက်တမ်း ၂ နှစ်အတွင်း မှာ တကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ဇာတ်ခင်းနေမှာကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါနဲ့ စကားမစပ် … ကျနော်တို့ မြန်မာပြည်က ၂၀ ရာစုရဲ့ မဟာလူသားတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာများ ဆိုင်လို့လဲ မေးကြမယ်ဆိုရင် ဘယ်လိုဖြေမလဲ။ လူထုထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး အမေရိကန်ခေါင်းဆောင်တဦးဖြစ်တဲ့ အိုဘားမားဟာ အမေရိကန်၏ ဗရမ်းဗတာ ဒီမိုကရေစီမှာ ပါတီ၏ အင်အား၊ လွှတ်တော်၏ အင်အား၊ တရားစီရင်ရေး၏ အင်အားများ အားကိုးပြီး တိုင်းပြည်ကို ခေါင်းဆောင်ခဲ့သော်လည်း နောက်ဆုံးတော့တည်း တဦးတည်း ပါပဲ။ အဲသည်အခါကျတော့ လူထုအင်အားကို ပြန်လည်စည်းရုံး လှုံဆော်ပြီးတာ့ နိုင်ငံတော်ဆိုတာကြီးကို လူထုအကျိုးစီးပွားဆီသို့ ဆွဲခေါ် ရပြန်တာပဲ မဟုတ်ပါလား။

တယောက်တည်းလား အိုဘားမား။ တယောက်တည်း မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts