နိုင်ငံတကာရေးရာ

မောင်လူပေ – ရှန်ဟိုင်းစတော့ ညွှန်းကိန်း ၁၀ရက်နေ့မှာ သုံးရာနှုန်း ပြန်တက်

 

မောင်လူပေ – ရှန်ဟိုင်းစတော့ ညွှန်းကိန်း ၁၀ရက်နေ့မှာ သုံးရာနှုန်း ပြန်တက်

ဒီဇင်ဘာ ၁၂၊ ၂၀၁၄

ကမ္ဘာ့စီးပွားရေးပျက်ကပ်ပြီးစ ခုလို အချိန်မှာ ဘယ်နိုင်ငံကမှ ထပ်ပြီး ဒုက္ခရောက်မဲ့ ကိစ္စကို မတွေ့လိုကြပါဘူး။ အထူးသဖြင့် တရုတ်လို ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံကို ပိုတည်ငြိမ်စေ ချင်ကြပါတယ်။

တရုတ်ဗဟိုအစိုးရကလည်း ပြောင်းလည်းမှုတွေ အရှိန်အဟုန်နဲ့ လုပ်ပြနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

တရုတ်မှာ စီးပွားရေးပေါ်လစီကို ဗဟိုအစိုးရက ညီလာခံခေါ်ပြီး ချမှတ်တယ်။ ပြည်နယ်အစိုးရက လိုက်လုပ်ရတယ်။ ကြိုးနီစနစ်အားကောင်းတော့ အာဏာရှင်တွေ ဖြစ်လာကြတယ်။ ဒီတော့ ထုံးစံအတိုင်း အကျင့်ပျက် ခြစားမှုက ကပ်ပါလာပါတော့တယ်။

ဗဟိုအစိုးရက ဒီကိစ္စကို ပြင်းထန်စွာ အရေးယူမယ်ဆိုပြီး အရေးယူပြနေပါပြီ။ ဒုတိယတန်းစား ခေါင်းဆောင်တွေ အများအပြား အရေးယူခံရပါတယ်။ ထိပ်တန်းခေါင်းဆောင်ဟောင်းတွေနဲ့ ထိုသူများရဲ့ လက်ဝေခံတွေ လွတ်နေသေးတယ်လို့ ပြောတဲ့သူလည်းရှိတယ်။ ဒီလိုလူတွေက ဒီငွေတွေကို နာမည်ခွဲတွေနဲ့ စတော့ထဲထည့်ရာက စတော့ဈေးတွေ တစ်လအတွင်း နှစ်ဆယ်ရာနှုန်းကျော် တက်လာခဲ့ပါတယ်တဲ့။

ဒါကြောင့် မနေ့က ငါးရာခိုင်နှန်းကျော် ကျဆင်းမှုဟာ ဈေးကွက်ကို ပြန်လည်ညှိနိုင်းပြင်ဆင်ခြင်းသာ ဖြစ်တယ်လို့ တရုတ်စီးပွားရေး ပညာရှင် အချို့ကလည်း ဆိုပါတယ်။

တချို့ကတော့ အမေရိကန်နဲ့တိုင်ပင်ပြီး ဗဟိုဘဏ်ကငွေတွေနဲ့ တဖက်လှည့်ုပြီး ကူညီထားတာလို့ ဆိုကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေးတိုးတက်မှု နှေးကွေးနေတာတော့ သေချာပါတယ်။ တရုတ်ရဲ့ ပြည်တွင်းဝယ်လိုအားနဲ့ ပြည်ပပို့ကုန်တွေ ဆက်တိုက်ကျဆင်းနေလို့ ၂၀၁၅ရဲ့ ဂျီဒီပီတိုးနှုန်းကို ခုနှစ် ရာနှုန်းအောက်လို့ပဲ ခန့်မှန်းထားပါတယ်။

စတော့ဈေးကွက်တခုတည်းက တရုတ်ရဲ့ ကြီးမားလှတဲ့ စီးပွားရေးကြီး တစ်ခုလုံးကို ထိခိုက်စေဖို့ထိတော့ ဖြစ်ဖို့ခက်ပါတယ်။ ဖြစ်လာရင်လည်း ဗဟိုအစိုးရက ငွေတွေထည့်ုပြီး ရှင်းမှာပါပဲ။ ၂၀၀၈ စီးပွားရေးပျက်ကပ်ဖြစ်တော့ ကုန်အမှာစာတွေမရလို့ တရုတ်စက်ရုံတွေ ပိတ်ရ လူတွေအလုပ်ပြုတ်ကုန်ဖြစ်ရလို့ ဗဟိုအစိုးရက ငွေ တစ်တြီလီယံ( ဒေါ်လာဘီလီယံ တစ်ထောင်) ထုတ်ပေးပြီး ရထားလမ်း မြို့ပြစတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသစ်တွေ အစဖေါ်ပေးခဲ့ရာက အခုတွေ့နေရတဲ့ ကျည်ဆံရထားလမ်းတွေ၊ လူမနေတဲ့ သရဲချောက်မြို့တော်ကြီးတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ကျည်ဆံရထားလမ်းမှာ ရထားမတော်တဆမှုတွေကြောင့် နာမည်ပျက်ခဲ့ရလို့ ခုမှ အဖတ်ပြန်ဆယ်နေရတုန်းပါ။ အိမ်ခြ့မြေဈေးကွက်ကတော့ ဈေးတွေတအိအိနဲ့ ကျဆင်းနေပါပြီ။

ဘာမှမရှိတဲ့ တောခေါင်ခေါင်အရပ်တွေကို နတ်ဘုံနတ်နန်းတွေလိုတည်ဆောက်ခဲ့တဲ့ မြို့သစ်ကြီးတွေကလည်း ကျီးနဲ့ဖုတ်ဖုတ်ဘဝမှာပဲ ရှိနေဆဲပါ။

တစ်လကို ပျမ်းမျှဝင်ငွေ ဒေါ်လာလေးရာပဲရှိတဲ့ သာမန်တရုတ်ပြည်သားအတွက် ဒေါ်လာလေးငါးသိန်းတန် ကွန်ဒိုဆိုတာ အိမ်မက်တောင် မက်နိုင်တဲ့အရာမဟုတ်ပါ။ အိမ်မရှိလို့ ဒုက္ခရောက်နေတဲ့ မြို့ပြက တရုတ်တွေကို ဘယ်လိုကူညီမယ်ဆိုတာလည်း စိတ်ဝင်စားစရာမို့ ပိတ်ကားပေါ်မှာ ဆက်ပြီးရှုစားကြပါစို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts