ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) လူများ၊ ရုပ်ပုံလွှာများ အတွေးအမြင်

ဓမ္မဘေရီ အရှင်ဝီရိယ – ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ မော်ကွန်းမဂ္ဂဇင်းအတွက် ဥယျောဇဉ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဓမ္မဘေရီ အရှင်ဝီရိယ – ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ မော်ကွန်းမဂ္ဂဇင်းအတွက် ဥယျောဇဉ်
(ဗိုလ်ချုပ်ရာပြည့် မော်ကွန်းမဂ္ဂဇင်း) ဒီဇင်ဘာ ၁၀၊ ၂၀၁၄

မိသားတစ်စု အကျိုးစီးပွား၊ ဆွေမျိုးတစ်စု ကောင်းစားရေးနှင့် အရပ်ဒေသတစ်ခုဖွံ့ဖြိုးမှုအတွက် သက်သက်မျှ မွေးဖွားချွန်မြခဲ့ခြင်းမဟုတ်ဘဲ လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ပေါက် ရေးနှင့် ခွင့်တူညီမျှဝါဒဖြူစင် သည့်မြေ ဖြစ်လာစေရေးအတွက် အသွေးအသက်ဖြင့် ထွန်ယက်ခဲ့သော နတ်မောက်သား ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူး သိတတ်သည့် နိုင်ငံသားတိုင်းက ဂုဏ်ပြုကြမည့် နှစ်ရာပြည့်ပွဲတွင် နတ်မောက်သားတို့ကိုယ်တိုင် ရာပြည့်မော်ကွန်း ထိုးကြပေ တော့မည်။

ပြည်ထောင်စု၏သင်္ကေတ ဧရာဝတီကို အနိုင်ကျင့်လိုသူ နယ်ချဲ့မှန်သမျှအား တွန်းလှန်ဖယ်ရှားရန် အားသစ်ကြိုးပမ်း ခဲ့သော ဗိုလ်ချုပ်၏ တည်ကြည်ခိုင်ခံ့သော သတ္တိ၊ သစ္စာ၊ သမာဓိတရားများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့သော သွေးချွေးအသက်တို့သည် ဇာတိနတ်မောက်မြို့လေး၏ ယင်းချောင်း နယ်နိမိတ်ကို ကျော်လွန်ကာ ”မြန်မာ့ဇာတိမာန်” စံနမူနာ၊ ကမ္ဘာ့ဥဒါန်းဂါထာ တစ်ပုဒ်အဖြစ် မျက်မှောက်နှင့် နှောင်းခေတ်လူတို့ ပျော်ရွှင်ညွတ်နူး တရားထူးသစ် သရဇ္ဈာယ်ရစ် ကြပေတော့မည်။ ဇာတိမာန် စိတ်ထားကို စနစ်တကျ အသုံးချတတ်လျှင် လောကကြီးတစ်ခုလုံးကိုပင် မှောင်ရာမှ လင်း၊ နိမ့်ရာမှ မြင့်၊ ဆိုးရာမှ ကောင်းအောင် ပြောင်းလဲနိုင်စွမ်းရှိသည်ကို ပိဋကတ်စာပေ၊ သမိုင်းစာပေတို့၌ အထင်အရှား တွေ့မြင်နိုင်ပေသည်။

အလောင်းတော်မြတ်သုမေဓာသည် သတ္တဝါအများကို ကယ်တင်နိုင်ရန် ပုဂ္ဂလိကပိုင်အဖြစ် လက်ကိုင် ရရှိနိုင်သော သန္တိသုခ အငြိမ်းဓာတ်၊ နိဗ္ဗာန်ဆုလာဘ်ကို လွှတ်ချကာ ကမ်းမမြင်သော သံသရာလမ်းကို ပန်းဝင်ခဲ့သည်။ ယောက်ျားမြတ် ဟူသော ဇာတိမာန်ကို စနစ်တကျ အသုံးချ ကြိုးစားခဲ့သောကြောင့် လောကသည် အဝိဇ္ဇာအမှောင်ကင်း၍  ဝိဇ္ဇာဥာဏ်အလင်း တောက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအေ ခေါင်းပေါင်း၊ မြို့အုပ်လောင်း ဟန်အပြည့်ဖြင့် အမေစု၏ လယ်ယာ ကုန်းချောင်းအမွေ ခံယူကာ မြေရှင် ပဒေသရာဇ် ကိုလိုနီခေတ်လူစွာတစ်ယောက် ဖြစ်နိုင်ပါသော်လည်း ယောက်ျားကောင်း ဇာနည်တို့သဘာဝဖြင့် များလူဝေနေ ချမ်းသာစေကြောင်း အလောင်းတော်မြတ်တို့၏ ဇာတိမာန် ထုံးဟောင်းကို လိုက်နာ ကျင့်သုံးခဲ့သဖြင့်သာ ညှိုးညှိုးငယ်ငယ် မဖွယ်မရာ နယ်ချဲ့နှင့် ဖက်ဆစ်တို့ လက်အောက်ခံ ကိုယ်ပိုင် အလံပျောက်နေခဲ့သော မြေသည် ကမ္ဘာ့ ပထဝီဝင်တွင်  ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟု ပွားစီးထင်ရှား ခဲ့လေပြီ။ ဤသာဓကသည် မည်သည့် ခေတ်ကာလ၌ လူဖြစ်ရသူများမဆို မိမိတို့၏ ဇာတိမာန်ကို စနစ်တကျ ဇွဲသတ္တိဝီရိယတို့ဖြင့် အသုံးချ ကြိုးစားပါလျှင် မိမိတို့ ဖြစ်လိုသော ခေတ် ကာလကြီးတစ်ခုဆီသို့ ရောက်နိုင်စွမ်းရှိကြောင်း မီးမောင်းထိုးပြနေသည်ကို ဥပဒေသယူသင့် ကြပေသည်။

ဗုဒ္ဓအရှင်၏ ပရိနိဗ္ဗာန်စံဝင်ရာ နောက်ဆုံးညောင်းစောင်းကာလတွင် ကိုယ်တော်မြတ်အမည်တော်ကို တဖွဖွ ရွတ်ဖတ်ကာ ပန်းနံ့သာတို့ဖြင့် ပူဇော်ခြင်းထက် ကိုယ်တော်မြတ် ကြွတော်မူသော လမ်းအတိုင်း တသွေမတိမ်း လိုက်ခြင်းသည်သာ မြတ်သောပူဇော်ခြင်းဟု မိန့်မှာခဲ့ကြောင်း ပိဋကတ်ဆရာအရှင်တို့က မှတ်တမ်းတင်ခဲ့ကြ၏။

ယခု နတ်မောက်သားဗိုလ်ချုပ်ကို ဇာတိနတ်မောက်မြို့က ရာပြည့်ဂုဏ်ပြု မော်ကွန်းဖြင့် ထွန်းပအောင် ပူဇော်ခြင်းသည်  အာမိသပူဇာအဆင့်တွင် ရွှေရောင် ဝင့်နေပေပြီ။ ထို့ထက် အလွန် ဗိုလ်ချုပ် စံနမူနာပြခဲ့သော ကိုယ်ကျိုးစွန့်စိတ်၊ နိုင်ငံအကျိုးဆောင်စိတ်တို့ကို အားကျနည်းယူ၍ ဗိုလ်ချုပ် ရည်မှန်းခဲ့သော ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဆီ ရောက်သည်အထိ စွန့်လွှတ် ကြိုးပမ်းခြင်းတည်းဟူသော ဗုဒ္ဓအရှင်အလိုတော်ကျ ဓမ္မပူဇာဖြင့် ဂုဏ်ပြု ပူဇော်ကြပါကုန်ဟူ၍ နှိုးဆော် တိုက်တွန်းအပ်ပါသတည်း။အပ္ပမာဒေနသမ္ပာဒေထ။                                                                                                                                                                                          (ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ မော်ကွန်းမဂ္ဂဇင်းအတွက် ဓမ္မဘေရီအရှင်ဝီရိယ၏ ဥယျောဇဉ်)

(ဓာတ်ပုံ – ပန်းချီဆရာကြီးဦးဘသက် ဆွဲတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ပန်းချီသန်းဌေးမောင်ဖေ့စ်ဘွတ်ကနေ ယူသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts