ရသဆောင်းပါးစုံ

ထက်မြက် – ဣသာမစ္ဆရိယ (မိုးမခ ဘာသာပြန်ဝတ္ထု) (ဇာတ်သိမ်းပိုင်း)

ထက်မြက် – ဣသာမစ္ဆရိယ (မိုးမခ ဘာသာပြန်ဝတ္ထု)  (ဇာတ်သိမ်းပိုင်း)
A VILLAGE SINGER, BY MARY WILKINGS FREEMAN
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၄

ဥက္ကဌ ပြောပြီးသည်နှင့် ..

“ဒီလိုလုပ်တာဟာ ကျွန်မက နှောက်ယှက်တာမဟုတ်ပါဘူး။ ကျွန်မမှာ ရည်ရွယ်ချက်ရှိပါတယ်။”
ဥက္ကဌက သူမကို ကြည့်လိုက်၏။

“ရှင် ကျွန်မကို ဒီလိုကြည့်ဖို့မလိုပါဘူး။ အခု ကျွန်မပြောနေတာဟာ အပြောင်အပြတ်စကားလည်း မ ဟုတ်ဘူး။ ဘယ်စကားဟာ နောက်ပြောင်တဲ့စကား၊ ဘယ်စကားဟာ အတည်အတံ့စကား ဆိုတာလည်း ကျွန်မ သိတယ်။ ကျွန်မုမနက်တိုင်း ဓမ္မတေးဆိုတာဟာ ကျွန်မရည်ရွယ်ချက်နဲ့ ကျွန်မဆိုတာပဲ။ နောင်လည်း ကျွန်မဆို နေဦးမယ်။ အခုလို ရှင်က ကျွန်မကို လာပြောတဲ့အတွက် ကျွန်မဘယ်လိုမှ သဘောမထားပါဘူး။ ဂရုလည်းမစိုက် ဘူး။ ကျွန်မအိမ်က ကျွန်မပိုင်တယ်။ ဒီအော်ဂင်ရှေ့ မှာ ကျွန်မထိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ယူဆပါတယ်။  နောက်ပြီး တနင်္ဂနွေလို ဥပုသ်နေ့မျိုးမှာ ဆာလံကျမ်းထဲက ဆာလံသီချင်းကို ကျွန်မက ဆိုချင်ရင် ဆိုခွင့်ရှိပါတယ်။ ဒီတော့ ကျွန်မကို တားဆီးပိတ်ပင်တဲ့၊ သိမ်ဖျင်းတဲ့စကားမျိုး ကျွန်မကို လာမပြောပါနဲ့တော့။ နောက်ပြီး ရှင်တို့ အားလုံးသိအောင် ကျွန်မသဘောထားကို ပြချင်ပါတယ်။ ဟောဒီမှာ သေသေချာချာကြည့်ပါ။”

ကင်ဒေ့စ်ဝှစ်ကွန်သည် သူမ ဂါဝန်အဖျားစများကို လက်ဖြင့် အနည်းငယ် သိမ်းယူလိုက်၏။ ဥက္ကဌက လည်း ကြည့်နေသည်။ နောက် ကတ္တီပါအနီဖုံးထားသော ဓာက်ပုံအယ်လ်ဘမ်အကြီးကြီး တစ်ခုပေါ်ကို ခြေ ထောက်တင်ထားလိုက်တော့သည်။

“ဒါဟာ ခြေတင်ခုံအသစ်ပေါ့။ သိပ်ကောင်းတဲ့ ခြေတင်ခုံပဲ” ဟုလည်း ပြောပြန်သည်။

ဥက္ကဌသည် အယ်လ်ဘမ်ကို တစ်လှည့်၊ သူမကို တစ်လှည့်ကြည့်နေသည်။ အမျိုးသမီး၏ အခြေအနေ ကို ရိပ်မိလာ၏။ သူ့ခေါင်းထဲသို့ အချက်ပေးသံများ ရောက်လာသည်။ ဆင်ခြေတုံတရား ကင်းမဲ့လာနေသော အ မျိုးသမီးကြီး၏ စိတ်ဂနာမငြိမ်မှုကိုလည်း အကဲဖမ်း၍ရလာသည်။

ကင်ဒေ့စ်သည် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် ခေါင်းကို မော့လိုက်ကာ ဟက်ဟက်ပက်ပက် ရယ် မောလိုက်လေသည်။ ရယ်သံမှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ဟိန်းလိုက်သလို ကြောက်စရာကောင်းလှသည်။

“ဟုတ်တယ်၊ သိပ်လည်းကောင်း၊ သိပ်လည်း လှတဲ့ ခြေတင်ခုံလေးလို့ ကျွန်မထင်တာပဲ။ ဒီလို ခြေတင် ခုံ လှလှလေးတစ်ခုကို လိုချင်နေတာကြာလှပြီ”

သူမ၏ စကားသံထဲတွင် မကျေနပ်မှု၊ မထီမဲ့မြင်ပြုမှု စသော ခံပြင်းသည့်အသံများ၊ ခံစားချက်များ ပါဝင် နေ၏။

“ဘာဖြစ်လို့လဲ မစ္စ….”
ဥက္ကဌက စကားပြောဖို့ တာစူလိုက်သည်နှင့် သူမက အတင်းဖြတ်ပြောသည်။

“ရှင်ဘာပြောမယ်ဆိုတာကို ကျွန်မသိတယ် မစ္စတာပေါ့ဒ်။ ရှင်ဘာမှ မပြောနဲ့ဦး။ ကျွန်မပြောစရာ ရှိသေး တယ်။ လူတွေနဲ့ပတ်သက်ပြီး ရှင်ဘယ်လိုမြင်လဲ။ လူတွေဟာ သူတို့ကိုယ်သူတို့ ခရစ်ယာန်တွေဆိုပြီး ဟန်ဆောင် ကြတာ။ အဲဒီလူတွေဟာ ဘယ်သူတွေလဲဆိုတော့ အခုကျွန်မကိုစွပ်စွဲနေတဲ့ အယောင်ဆောင်ခရစ်ယာန်တွေပေါ့။ ကျွန်မဟာ ဟောဟိုဘုရားကျောင်းထဲက ဓမ္မတေးသီဆိုတဲ့အိမ်းပေါ်မှာ အနှစ်လေးဆယ်လုံးလုံး ဘုရားသခင်ကို ကန်တော့ပန်းဆင် သီဆိုခဲ့တယ်။ ကျွန်မ နေထိုင်မကောင်းတဲ့နေ့ကလွဲရင် တနင်္ဂနွေ တစ်ရက်မှ မပျက်ကွက်ခဲ့ ဘူး။ အကောင်းဆုံးဖြစ်အောင်း ကြိုးစားဆိုခဲ့ပါတယ်။ အိပ်ယာဝင်ရင်တောင်မှ ကျွန်မအာရုံဟာ သီချင်းထဲမှာပဲ ရှိတယ်။ အခုတော့ ကျွန်မကို စကားတစ်လုံးတောင် ကြိုမပြောဘဲနဲ့ ဒီနေရာက ဖယ်ထုက်ပစ်ကြတယ်။ ကျွန်မ အသံဟာ တခြားသူတွေလောက် မကောင်းတော့ဘူးလို့ ဘယ်သူမှ ကျွန်မကို မပြောနိုင်ဘူး။ ဝေးဆိုတဲ့ ကောင်မ လေးရဲ့ အသံကရော ဘယ်လောက်များကောင်းလို့လဲ။ တစ်ချိန်လုံး အသံကို မြှင့်မဆိုပါဘူး။ အဆိုနိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူဆိုသွားတာက အသံကိုချပြီးဆိုသွားတာပဲ။ ဒီနေ့ ကျွန်မဆိုတဲ့အသံက မြှင့်ဆိုတာ၊ ဆွဲပြီးဆို သွားတာ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက စံချိန်အတိုင်းပဲ။ အဲဒီလို အဟုတ်ပါဘူးဆိုရင်တော့ မပြောတက်တော့ ဘူး။ ဘုရားကျောင်းအုပ်ချုပ်ရေးအဖွဲ့ ကလူတွေရဲ့ ယုံကြည်မှုဆိုတာကဘာလဲ။ ဓမ္မတေးအဖွဲ့က အဆိုတော်အို ကြီး တစ်ယောက်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဥက္ကဌအိုကြီးတစ်ယောက်ကို တာဝန်မပေးသင့်တော့ဘူး ဆိုတာမျိုးလား။
တစ်သက်လုံး ဘုရာကျောင်းမှာ ဓမ္မတေးဆိုခဲ့သူတွေ အခုမဆိုရတော့ဘူးဆိုရင် သူတို့ရင်ထဲ ဘယ်လို ခံစားရမလဲ။ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို သူတို့ အများကြီး ဆိုခဲ့ကြပါတယ်။ ဓမ္မတေးကို သီဆိုကြတာ၊ ဘုရားသခင်ရဲ့ ဒေသနာတော်တွေကို ဟောပြောတာတွေက သိပ်မကောင်းတော့ဘူး ဆိုပါတော့။ ဘယ်လိုလုပ် ကြမလဲ၊ ဘယ်လိုပြောင်းလဲကြမလဲ။

ကယ်တင်ခြင်းဆိုတာ အခြားသူ တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာမှု မရှိစေရဘူးလို့ ကျွန်မကြာဖူး တယ်။ အခုတော့ ဒီလိုမဟုတ်ဘူး။ လူတွေဟာ ပျာယာခတ်နေကြတယ်။ ထမင်းဆိုင် တစ်ဆိုင်လိုပဲ၊ အစည်းအေ ဝေးခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ ခြေကို ရှုပ်နေကြတာပဲ။

ရှင့်ကိုလည်း အခု တာဝန်က ရုပ်သိမ်းလိမ့်မယ်လို့ ရှင်မထင်ဘူးလား မစ္စတာပေါ့ဒ်။ ရှင့်ဆီကို လာပြီး ဓာတ်ပုံအယ်လ်ဘမ် တစ်ခုပေးပြီး အငြိမ်းစားပေးလိုက်ပြီလို့ ပြောလာရင် ရှင့်ရင်ထဲ ဘယ်လိုခံစားရမလဲ။ ရှင်သဘောတူနိုင်ပါ့လား။ အခုအချိန်ထိ ဘုရားသခင်ရဲ့ ဒေသနာတော်တွေကို ရှင်ဟောပြောနေတာ အလွန် ကောင်းပါတယ်။ အမှားပါတယ်လို့ ကျွန်မ မတွေ့သေးပါဘူး။ ကျွန်မကို အမြဲတမ်း တရားရေအေး တိုက်ကျွေးနေ သလို ခံစားမိတယ်။ ကျွန်မ ဓမ္မတေး ဆိုနေတာဟာလည်း ကျွန်မအတွက် အမြဲတမ်း စိတ်အေးချမ်းပြီး ကြည်နူး နေပါတယ်။ ဒါပေမယ့် လူတွေမှာတော့ အဲဒီလို ဆင်ခြင်တုံတရား မရှိကြဘူး။ ရှင်ဟာ ငယ်ငယ်ရွယ်ရွယ် ဓမ္မဆရာ တစ်ယောက်သာဆိုရင်တော့ ရှင့်တရားတွေ၊ ဟောပြောချက်တွေကို ကျေကျေနပ်နပ် နာယူကြလိမ့်မယ်။

အဲဒီလို အမြဲတမ်း နာယူကြလိမ့်မယ်လို့တော့ ရှင်မမျှော်လင့်နဲ့နော်။ သက်ကျားအိုလည်း ဖြစ်လာရော ရှင့် ကို နှင်ထုတ်ပစ်လာကြလိမ့်မယ်။ ခပ်သွက်သွက် ကောင်လေးတစ်ယောက်ကို ရှင့်နေရာမှာ အစားထိုးကြလိမ့် မယ်။ အဲဒီအခါမှာ ရှင်ဘယ်လို ခံစားရမလဲ။

နောက်တစ်ခု ကျွန်မပြောချင်တာက ဝီလျှံအင်မွန် ဆိုပါတော့။ သူဟာ ကျွန်မထက် သုံးနှစ်ကြီးတယ်။ ဒါ ပေမယ့် သူက အခုထိ အဆိုအဖွဲ့ ကို ခေါင်းဆောင်တုန်း။ ယောက်ျားအဆိုအဖွံ့ မှာ ခေါင်းဆောင် ဖြစ်တုန်းပဲ။ ဒီ တော့ ကျွန်မအသံဟာ ကျသွားပြီ၊ အက်သွားပြီဆိုရင် သူ့အသံကရော။ ဝီလျှံအင်မွန်ရဲ့ အသံလေ။

အခုတော့ ဒီလိုမဟုတ်ပါဘူး။ ဝီလျှံအင်မွန်ဟာ အရင်တုန်းကလို ဆိုနိုင်တုန်းပဲ။ သူ့ကျတော့ ကျွန်မကို မောင်းထုက်သလို ဘာကြောင့် မောင်းမထုက်ကြသလဲ သူ့ကိုရော ဓာက်ပုံအယ်ဘမ်တစ်ခု မပေးကြသေးဘူး လား။ ကျွန်မတော့ နားမလည်နိုင်အောင်ကို ဖြစ်နေပြီ။

ဒီတော့ ကျွန်မ အကြံကောင်းတစ်ခု ပေးချင်တယ်။ ကျွန်မတို့ အားလုံးထဲက လူတစ်ယောက် အသက် ကြီးလာပြီဆိုရင် မောင်းထုက်၊ အသက်ငယ်ငယ်လေးကို အစားထိုးထည့်။ နောက် လူသူမရှိတဲ့ ကျွန်းတွေပေါ်ကို  အသက်ကြီးလာတဲ့သူတွေကို ပို့။ သူတို့တစ်ယောက်စီကို ဓာက်ပုံအယ်လ်ဘမ် တစ်ခုစီ ပေးလိုက်။ ကျွန်းပေါ်မှာ ထိုင်ပြီး သူတို့တစ်တွေရဲ့ ဘဝနေဝင်ချိန်မှာ ဓာက်ပုံလေးတွေကြည့်ပြီး စိတ်ဖြေကြပေတော့။ ဒီအကြံကို အစိုးရ သာသိသွားရင် လုပ်ချင်လုပ်ပေးနိုင်တယ်နော်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့က အိမ်ကို သူတို့လာကြတယ်။ ဓမ္မတေးအဆို တစ်ဖွဲ့ လုံးပေါ့။ ညရှစ်နာရီ လောက်ရှိပြီ။ ကျွန်မကို တအံ့တသြဖြစ်သွားအောင် ရုတ်တရက် လာဟန်ဆောင်ကြတာပေါ့။ ဟင်းဟင်း….အံ့သြ သွားအောင်တဲ့။ ကိတ်မုန့်တွေရော၊ လိမ္မော်ရည်တွေရော အစုံပါပဲ။ သူတို့တက်နိုင်သလောက် လုပ်လာကြသလို ကျွန်မလည်း အမှန်တကယ် ဝမ်းသာခဲ့ပါတယ်။ ကျွန်မဘဝမှာ အဲဒီလို အမှတ်မထင် ပါတီပွဲမျိုး တစ်ခါမှ မလုပ်ခဲ့ ဖူးပါဘူး။

ဂျင်နီကားလေ၊ သူပဲ စီစဉ်လာတာပေါ့။ သူတို့က ကျွန်မကို တစ်ကုယ်တော်သီချင်း ဆိုခိုင်းတယ်။ အဲဒီအ ချိန်အထိ ကျွန်မ တစ်စက်ကလေးမှ သံသယ မဖြစ်ခဲဘူုး။ ဘယ်လောက် အလိုက်သလဲဆိုတာ ပြန်တွေးတိုင်း ကိုယ့်ကိုကိုယ် ဒေါသဖြစ်လို့ မဆုံးဘူး။ သူတို့ကတော့ ကျိတ်ရယ်နေမှာပေါ့။

သူတို့လည်း ပြန်သွားရော ဟောဒီ ဓာတ်ပုံအယ်လ်ဘမ်ကို စားပွဲပေါ်မှာ တွေ့တာပဲ။ အယ်လ်ဘမ်အဖုံးမှာ “သို့ မစ္စကင်ဒေ့စ်ဝှစ်ကွန်….မှ မိတ်ဆွေများ” ဆိုတဲ့ စာတန်းလေးထိုးထားတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မ ကို အဆိုအဖွဲ့ကနေ အနားပေးလိုက်တဲ့အကြောင်း စာတစ်စောင်ရေးထားတာကို ဖတ်လိုက်ရတာပေါ့။

အဆိုအဖွဲ့ ကနေ ကျွန်မကို ထုတ်ပစ်တဲ့အကြောင်း ကျွန်မကို အသိပေးချင်ရင် အစဉ်ပြေမယ့်နည်းလမ်း တွေ အများကြီးရှိပါတယ်။ ကျွန်မကို သဘောမကျတော့ဘူး။ ကျွန်မအစား အယ်လ်မာဝေးကို ဆိုစေချင်တယ်လို့ ရိုးရိုးသားသား ပြောကြပေါ့။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပေါ့။ အဲဒီလိုလုပ်ရင် ကျွန်မ သိပ်ခံစားရမှာ မဟုတ်ပါ ဘူး။ ဒေါသဖြစ်သင့်တဲ့ ကိစ္စလို့လည်း ကျွန်မ ယူဆမှာ မဟုတ်ပါဘူး။

အခုတော့ လုပ်ပုံကို ကြည့်ပါဦး။ မိတ်ဆွေတွေ ဆိုတာမျိုးနဲ့ အယောင်ဆောင်လာကြတယ်။ ဒါလည်း ကိစ္စ မရှိပါဘူး။ ဒါပေမယ့် အယ်လ်ဘမ်ထားသွားတာက ဆိုးတယ်။ အယောင်ဆောင်လာတာက တိတ်တိတ်လေး အယ်လ်ဘမ်ထားသွားတာလောက် မဆိုးပါဘူး။ စာထဲမှာ သူတို့က ရေးထားလိုက်သေးတယ်။

“ဘုရားကျောင်းမှာ ကျွန်မ တာဝန်ယူထမ်းဆောင်ခဲ့တာတွေကို ကြီးကြီးမားမား တန်ဖိုးထားပါတယ်တဲ့”

“အခုလို အနားပေးလိုက်ရပေမယ့် ကျွန်မပေါ် အမြတ်တနိုး တန်ဖိုးထားမှုဟာ နည်းနည်းလေးမှ လျော့ ပါးမသွားပါဘူး” တဲ့။

“ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်မရဲ့ တာဝန်ကို ယူထားမှုဟာ မဆိုသလောက်လေး ကျွန်မ လျော့ပါး လာတယ်လို့ သူတို့ ထင်မြင်မိပါတယ်” တဲ့။

ဟင်း…ဟင်း…ဟင်း ကျွန်မ ဘယ်လိုမှ မဖြေရှင်းတော့ပါဘူး။ ဆင်ခြေလည်း မတက်တော့ပါဘူး။ ကျွန်မ ကို ပြတ်ပြတ်သားသား မောင်းထုတ်ပစ်ရဲတယ်ဆိုရင် တံခါးပေါက်ကို လက်ညိုးထိုးပြပြီး “ဒီအပေါက်က မင်းထွက် သွား “ လို့ ရှင်းရှင်း ပြောကြပေါ့။ အခုတော့ တံခါးပေါက် ဘောင်တွေ၊ တန်းတွေ၊ အောက်ခြေတွေမှာ သကာရည် တွေ သုတ်လိမ်းထားလိုက်ကြသေးတယ်။ ကျွန်မက စဉ်းစားတဲ့အခါ ချိုချိုကောင်းကောင်းလေး ဖြစ်အောင်ပေါ့ လေ။

ဒီအယ်လ်ဘမ်ကို ချက်ချင်း ပြန်ပို့မလို့ဘဲ။ ဒါပေမယ့် ဒီကိစ္စကို ဘယ်သူစလုပ်တာလဲ၊ ဘယ်သူ့ဆီပို့ရမ လဲဆိုတာ ကျွန်မ မသိဘူး။ ဒါ့ကြောင့် အယ်လ်ဘမ်ကို အခုလို ခြေတင်ခုံ လုပ်လိုက်ရတာပေါ့။ ကျွန်မ စိတ်ကူး ပေါ်လာတဲ့ ဒီနည်းဟာ အကောင်းဆုံးလို့ထင်ပါတယ်။ အရင်တုန်းက ကျွန်မဖိနပ်တွေ ဖုန်သုတ်ဖို့ အခုလို ခြေတင် ခုံကောင်းကောင်း မရှိခဲ့ဘူး။ အခုမှ ထူးခြားတဲ့ ခြေတင်ခုံ တစ်ခု ရတော့တာပါပဲ”

ဘုရားကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌလည်းဖြစ်၊ တရားဟောဆရာလည်းဖြစ်သော မစ္စတာပေါ့ဒ်မှာ လှုပ်ကုလားထိုင်ပေါ် အငေးသားထိုင်နေသည်။ ကင်ဒေ့စ်ကို မကြည့်ဘဲ သူ့ရှေ့ တူရူသို့ ငေးစိုက်နေ၏။ သူ့အဖြစ် သည် အားကိုးရာမဲ့နေသူ တစ်ယောက်လိုဖြစ်နေသလို ကုလားထိုင်ပေါ်တင်ထားသည့် နှမ်းဖတ်ကျောက်တုံးကြီး တစ်တုံးနှင့်လည်း တူနေသည်။

ထိုကျေးလတ် ဓမ္မဆရာမှာ နဂိုကပင် ရိုးသားဖြောင့်မတ်ပြီး တည်ကြည်သော လူတစ်ယောက်ဖြစ်သည်။ အနှစ်လေးဆယ်လုံးလုံး အစဉ်အလာအတိုင်း၊ ဓလေ့ထုံးစံအတိုင်း၊ မိရိုးဖလာ သွန်သင်ဆုံးမသည့်အတိုင်း လုပ် ကိုင်ခဲ့သည်။ ဘာသာတရား၏ ဆုံးမ ပညတ်ချက်များကို မဖောက်မဖျက်ဘဲ ကြီးပြင်းခဲ့ရသည်။ သမရိုးကျ  လျှောက်လှမ်းခဲ့သော သူ့ဘဝတွင် ဘာအပြောင်းအလဲမှ မရှိခဲ့ပေ၊ တစ်ရာသီမှ တစ်ရာသီ ကူးပြောင်းခြင်း၊ တစ် နေ့မှတစ်နေ့၊ တစ်နှစ်မှ တစ်နှစ် ပြောင်းလဲခြင်းသာ သူသိသည်။ အခြားအစ်အဆန်းမျိုး သူ့တွင် မရှိ။ အသစ်ကို ခုံမင်တွယ်တာသော ဆန္ဒလည်း သူ့တွင် မရှိခဲ့ပေ။

ထိုကဲ့သို့သော ကျေးလက်ဓမ္မဆရာတစ်ဦးအဖို့ယခုကဲ့သို့ အမျိုးသမီးတစ်ဦး၏ အပြုအမူအပြောဆိုများ မှာ နားမလည်းနိုင်အောင် ဖြစ်နေသည်။ သူသိခဲ့သမျှတွင် ထိုအမျိုးသမီးမှာ သူ့လိုပင် အေးအေးချမ်ချမ်း နေထိုင် လာခဲ့သူ ဖြစ်၏။ ယခုတော့ သူနေထိုင်သည့် တစ်ချိန်လုံးတွင် ထိုအမျိုးသမီး၏ စိတ်ထဲက တော်လှန်ရေးဗီဇစိတ် ဓာတ်များ နိုးကြားထကြွလာပြီး တော်လှန်ပြောင်းလဲလိုမှုများ ဖြစ်လာသလား အောက်မေ့ရသည်။ ဆင်ခြင်တုံတ ရား ကင်းမဲ့သွားခြင်းမျိုးမှတစ်ပါး ဤကဲ့သို့ ပြင်းထန်မှုမျိုး၊ အလွန်အကျွံ ပေါက်ကွဲမှုမျိုးများ ဖြစ်ပွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

ကင်ဒေ့စ်သည် သူမစိတ်နှင့် သူမကိုယ် မဟုတ်တော့ချေ။ မူလစိတ်မှ ကင်းလွတ်သွားပြီဟု သူယူဆ၏။ သူကိုယ်တိုင်ကလည်း စည်းစနစ်ကြီးသော နယူအင်္ဂလန်နယ်သားတစ်ဦး မဟုတ်ပါ။ အခြေခံကျသော ဒေသဆိုင် ရာ ပုံပန်းသဏ္ဍန် အားလုံးလည်း သူ့မှာမရှိပါ။ သူလည်း သာမန်လူတစ်ယောက်ပင်ဖြစ်ပြီး အားနည်းမှုများ၊ ချို့ ယွင်းချက်များ ရှိပါသည်။ သို့သော် ယခုတွေ့ရသော အဖြစ်နှင့် ပတ်သက်၍ သူတော် အံ့သြသွားသည်။ ခေါင်း လည်း အတော်ခြောက်သွားသည်။

သူတို့ဒေသဖြစ်သော နယူအင်္ဂလန်တွင် သဘာဝအနေအထားအရ ရေလွှဲတစ်ခါးကြီးတစ်ခု ရှိသည်။ သို လှောင်ထားသမျှ ရေအားများကို ထိုရေလွှဲတံခါးမှပင် လွှတ်ပေးရသည်။ ထို့ပြင် သူတို့ဒေသမှာ အပူပိုင်းတွင် ကျ ပြီး အခြားဒေသ၊ အခြားနေရာများထက် သူတို့နေသည့်နေရာက ပိုပူသည်။ ထိုအပူဒဏ်ကြောင့် များလား၊ ထိုအ ပူဒဏ်ကြောင့် သွေးဆူပူလောင် နေရာ့သလား။

ကင်ဒေ့စ်ဝှစ်ကွန်မှာ ယခင့်ယခင်က အလွန်အေးသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ရိုးသာဖြူစင်ပြီး အ လွန်သိမ်မွေ့၏။ မည်သည့်ကိစ္စကိုမဆို ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်တတ်သူ အမျိုးသမီးအဖြစ် လူများက သိထားကြ ၏။ ဘာသာတရားနှင့် ပတ်သက်၍ ရည်မှန်းချက်ရှိသော အမျိုးသမီးတစ်ဦးအဖြစ် မည်သူကမျှ သံသယ မရှိခဲ့ ပေ။ ယခုတော့ သူမ၏ ကိုယ်ကျိုးအတ္တပေါ် အခြေခံ၍ ဒေါသတံခွန်ထူသည့် ဆုံးဖြတ်ချက်များသည် မယုံနိုင်လောက် အောင် ပေါ်ပေါက်လာခဲ့ပေသည်။

ကင်ဒေ့စ်က ဆက်ပြောပြန်သည်။

“ဒီနေ့မနက်က ဆိုခဲ့သလို နောင်တနင်္ဂနွေနေ့တွေ၊ အဲဒီနောက် တနင်္ဂနွေနေ့တွေမှာလည်း ကျွန်မ ဆို မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီလိုဆိုလို့ ဘယ်သူတွေ ဘာပြောပြော ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မကိစ္စ ကျွန်မဘာ သာ ရှင်းမယ်။ ကျွန်မ လုပ်ချင်တာ လုပ်ခွင့်ရှိတယ်လို့လည်း ကျွန်မ ယူဆတယ်။ ကျွန်မဟာ ခြေကို ဖွမနင်းဘူး။ ခြေအပြားလိုက် ချနင်းတယ်ဆိုတာ လူတွေ မြင်စေ့ရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရဲရဲရပ်တယ်၊ ရဲရဲလျှော်က် တယ်ဆိုတာကို လူတွေ သိစေရမယ်။ ရဲရဲလျှော်က်လို့ နောက်ဘက်မှာ နည်းနည်းပါးပါး မြေပွချင် ပွသွားမှာပေါ့။ ကျွန်မဟာ ကျွန်မဆိုနေတဲ့ သီချင်းရဲ့ စည်းချက်ကို တစ်အောင့်တစ်နားတောင် ရပ်လိမ့်မယ် မထင်နဲ့။ မဆိုနဲ့ မတီး နဲ့လို့ ကျွန်မကို လာတားကြတာကိုလည်း ကျွန်မ လက်ခံပါတယ်။ တားချင်ရင် တားကြပါ။ ဒါပေမယ့် ကျွန်မက တော့ ကျွန်မရဲ့ အော်ဂင်မှာ ဆာလံတေးသွားကို တီးပြီး ဆာလံသီချင်းကို သီဆိုနိုင်ခွင့်ရှိပါတယ်။ အဲဒီ သဘော ထားကို အားလုံးသိထားစေချင်တယ်။

ကဲ… ကျွန်မပြောခဲ့တာတွေကို ရှင်သဘောမကျဘူး မဟုတ်လား။ မကြိုက်ဘူးဆိုရင် ရှင်တို့ရဲ့ အစည်းအ ဝေးခန်းမကို ကျွန်မ သဘေားထားတွေ ယူသွားပြီး တင်လျှာက်ပေတော့”

ကင်ဒေ့စ်သည် ငယ်စဉ်ကလေးဘဝကတည်းက ဘုန်းတော်ကြီးများ၊ ဓမ္မဆရာများကို ချစ်ခင်ရိုသေခဲ့သူ ဖြစ်၏။ ဓမ္မဆရာ မစ္စတာပေါ့စ်ကိုလည်း အမြဲတစေ ရိုသေကျိုးနွံခဲ့သည်။ နှိမ့်ချပြီး ဆက်ဆံခဲ့သည်။ ယောက်ျားများ ကိုလည်း သိမ်သိမ်မွေ့ မွေ့ ဆက်ဆံလေ့ရှိပါသည်။

ယခုတော့ ပြောင်းလဲသွားပြီ။

ဧည့်သည်အဖြစ် ရောက်ရှိနေသော ဓမ္မဆရာကို ရဲရဲတင်းတင်း ဆက်ဆံသည်။ ပြောချင်သလို ပြော သည်။ အိမ်နောက်ဘက် ခြံစည်းရိုးကို ကျော်၍ မိန်းမအချင်းချင်း အတင်းပြောသလို နှုတ်ခန်းတလန် ပန်းတလန် နှင့် ပြောဆိုခဲ့သည်။ ဓမ္မဆရာကတော့ စကားများများ ပြန်မပြောပေ။ သူ့အပေါ် လေးစားချစ်ခင်မှု ဒီရေ တစ်စုံတစ် ရာ မြင့်တက်လာအောင်လည်း စွမ်းဆောင်နိုင်စွမ်းမရှိ။ အခြေအနေ တိုးတတ်ကောင်းမွန်လာအောင်လည်း သူ မလုပ်ဆောင်နိုင်။ သူလုပ်နိုင်သမျှက ပြောသမျှကို နားထောင်ဖို့၊ ထိုးနှက်တိုက်ခိုက်မှုမှန်သမျှကို သည်းခံခွင့်ပြု ထားဖို့ပင် ဖြစ်တော့သည်။

ဓမ္မဆရာက သူမ၏အပြစ်တစ်ချို့ ကို ထုက်ဖော်ပြော၏။ ထိုသို့ ပြောလိုက်သည့်အတွက် ကင်ဒေ့စ် ဒေါသ ပိုကြီးလာသဖြင့် မစ္စတာပေါ့ဒ်က နောင်တရစွာဖြင့် တောင်းပန်ရသည်။ နောက်ဆုံး ယခုဖြစ်ပျက်သမျှမှာ ဘုရား သခင်၏ အလိုအရသာဖြစ်ပြီး ဘုရားသခင်ထံ ဒူးထောက်ဆုတောင်းဖို့၊ ဘုရားသခင်၏ ခွင့်လွတ်မှုကို တောင်ခံဖို့ ပြောသော်လည်း သူမက လက်မခံပေ။

ကင်ဒေ့စ်က ပြောင်ပြောင်တင်းတင်း ငြင်းပယ်သည်။

“ဒီကစ္စ ဘုရားသခင်ဆီမှာ ဆုတောင်းနေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး။ ဘုရားသခင်က ဘယ်လို နည်းနဲ့မှ ထူးထူးခြားခြား လုပ်ပေးနိုင်မယ်လို့ ကျွန်မ မထင်ပါဘူး”

ဓမ္မဆရာ မစ္စတာပေါ့ဒ် ပြန်သွားသောအခါ မွန်လွဲပိုင်းဝတပြုချိန်သို့ ရောက်လာခဲ့ပေပြီ။ ဓမ္မဆရာအဖို့ နေ့ လယ်ပိုင်းတွင် သက်တောင့်သက်သာ နားနေချိန် မရှိတော့ပေ။ အနားယူချိန် လက်လွှတ်လိုက်ရသည်မှာ တော် လှန်သူတစ်ဦးကြောင့် ဖြစ်လေသည်။

ကင်ဒေ့စ်သည် ပြတင်းပေါက်ဘေးတွင် ထိုင်စောင့်နေ၏။ ခေါင်းလောင်းထိုးသည်နှင့် မွန်းလွဲချိန် ဘုရား ဝတ်ပြုမည့်လူများ တန်းစီပြီး အိမ်ရှေ့ မှ ဖြတ်သွားကြသည်ကို စောင့်ကြည့်နေသည်။ တူတော်မောင် ဝီလ်ဆင်ဖို့ နှင့် အယ်လ်မာတို့ကို တွေ့ သောအခါ မကျေမနပ်ဖြင့် ကြည့်၍ ရေရွတ်လိုက်သည်။

“ကောင်မနှယ် ပိန်လိုက်တာကလည်း ရထားသံလမ်း ထောင်ထားတဲ့ အတိုင်းပဲ။ အခုအချိန်မျိုးမှာ ဝီလ် ဆင် သူ့ကို ယူလိုက်မယ်ဆိုရင်တော့ ဒီကောင့်ကို ငါဘာမှ မပေးတော့ဘူး။ ဘာတစ်ခုမှ ရမယ်မထင်နဲ့၊ ပျော့ပျော့ လေးနဲ့ တော်တော်နံမယ့် ကြောင်ချေးလို ဟာမလေး။ မယားကောင်းတစ်ယောက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တွေးကြည့်ရင် အတော်ရယ်စရာကောင်းတယ်”

ခေါင်းလောင်းထိုးသံလည်း ရပ်သွားပြီ။ လူများလည်း ဘုရားကျောင်းထဲ ရောက်သွားကြပြီ။ ကင်ဒေ့စ် လည်း အော်ဂင်ရှိရာသွားပြီး အသင့် နေရာယူထားလိုက်ပြီ။ ဓမ္မတေး စာအုပ်ကို မျက်နှာရှေ့ တွင်ဖွင့်ကာ အသင့် အနေအထားဖြင့် ငြိမ်ငြိမ်လေး စောင့်နေတော့သည်။

သေးသွယ်ဖြူဖွေးသော လည်တိုင်ပေါ်နှင့် နားထင်စပ်ရှိသွေးကြောများမှာ တလှုပ်လှုပ်နှင့် သွေးတိုးနေ ၏။ မည်းနက်သော မျက်လုံးဝိုင်းကြီးများသည် စိတ်လှုပ်ရှားစွားဖြင့် တောက်ပြောင်ပြီး ဂနာမငြိမ် ဖြစ်နေသည်။ ဘု ရားကျောင်းမှ တီးဝိုင်းရှိရာဘက်သို့ ကိုယ်ကိုကိုင်း၍ နားစွင့်ထားသည်။ ခါးကို နွဲ့ ပြီး ကိုယ်ကိုင်းထားခြင်း မဟုတ် ဘဲ ခါးကို တောင့်ထားပြီး ကိုယ်ကို ကိုင်းထား၏။ ထိုသို့နားစွင့်ထားမှသာ ပီပီပြင်ပြင် ကြားရနိုင်ပေသည်။

ထိုအချိန်၌ ဘုရားကျောင်းထဲမှ အော်ဂင်တီးသံ ထွက်ပေါ်လာသည်နှင့် သူမကိုယ်ကို တည့်မတ်စွာ ထိုင် လိုက်၏။ အရိုးပြိုင်းပြိုင်းထနေသော ပိန်သွယ်သည့် လက်ချောင်းများက အော်ဂင်ခလုပ်များကို ထက်သန်ပြင်းပြ စွာ တီးခတ်လိုက်လေသည်။ လက်ချောင်းကလေးများက ခလုပ်များကိုဖိပြီး တီးနေသလို ခြေထောက်များက လည်း အော်ဂင်ခြေနင်းများကို အားရှိပါးရှိ ဖိနင်းချနေသည်။ သွာလျသော သူမ၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားနေ သဖြင့် ယိမ်းထိုးနေသည်။

ပထမအပိုဒ်ကို အယ်လ်မာက စဆိုလိုက်သောအခါ ကင်ဒေ့စ်ကလည်း ဝင်ဆိုတော့သည်။

ကင်ဒေ့စ်သည် အလွန် အသံကောင်းသူတစ်ဦး ဖြစ်သည်။ သူမ၏အသံက စီပြီး ထွက်လာသည်။ သို့ သော် တစ်ခါတစ်ရံမှ မဆိုသလောက် ရှတတ ဖြစ်နေ၏။ တစ်ခါတရံ သဝန်တိုစိတ်ဖြင့် ဒေါသထွက်ကာ လည် ချောင်းသံ ဟိန်းနေသည်။ ကင်ဒေ့စ်ဆိုနေသော ဓမ္မတေးသံနှင့် အော်ဂင်တီးသံများသည် အမှားအယွင်းမရှိ။ သူမ အသံသည် တစ်ခန်းလုံးကို ဖုံးလွှမ်းကာ စီညံနေသည်။ သူမ၏သီချင်းသံသည် အံ့သြစရာကောင်းလောက်အောင် မီးတောက်လို လောင်မြိုက်ပြီး ခံစားချက်ကို ဖော်ကျူးနေ၏။

သိမ်မွေ့ ညင်သာစွာသီဆိုနေသော အယ်လ်မာဝေးအနေဖြင့် ကင်ဒေ့စ်၏ စူးနစ်သောအသံကို ဘယ်လို မှ တုပြိုင်ကျော်လွှား၍ မရနိုင်ပေ။

သို့သော် အယ်လ်မာအနေဖြင့် သူမတာဝန်ကို အခိုင်အမာရပ်တည်ပြီး ဆိုရမည့်သီချင်းကို တည်ငြိမ်အေး ချမ်းစွာ သီဆိုနေသည်။ သို့သော် အယ်လ်မာစိတ်ထဲတွင် တငွေ့ငွေ့ လောင်မြိုက်နေသော မောဟမီးမရှိ၊ မစ္ဆရိယ စိတ်လည်း ရှိမနေပေ။ အပြိုင် သီဆိုနေရသော အဘွားအို၏ ဂီတအနုပညာမျိုးလည်း သူမတွင် မရှိသေးပေ။

ဤကဲ့သို့ ပိန်သွယ်ဖျော့တော့သည့် အမျိုးသမီးကြီးသည် သူမ၏ခံစားချက်ဖြင့် မာန်မလျှော့သေး။ မာန လမ်းကျဉ်းပေါ်တွင် ဆက်လျှောက်နေဆဲ။

ကျေးလက်ဓမ္မတေးအဖွဲ့လေးတွင် သီချင်းသီဆိုရသည်မှာ အီတလီကို သိမ်းယူထားသည့် နပိုလီယံလို ဖြစ်နေသည်။ယခုတော့ ပြည်နှင်ဒဏ်ခံရသော ကျွန်းကလေးပေါ်မှနေ၍ သူမတွင်ရှိသည့် အင်အားဖြင့် ဆက် လက်တိုက်ပွဲဝင်နေဆဲပင်။

ဝတ်ပြုပွဲ ပြီးဆုံးသွားသောအခါ ကင်ဒေ့စ်သည် အော်ဂင်နားမှထပြီး ပြတင်းပေါက်ဘေးရှိ သူမ၏ ကုလား ထိုင်ဟောင်းကြီးဆီ လျှောက်ခဲ့သည်။ လမ်းလျှောက်သည့်အခါ ဒယိမ်းဒယိုင် ဖြစ်နေ၏။ ကုလားထိုင်ပေါ် အရုပ် ကြိုးပြတ်ထိုင်ချကာ နောက်မှီပေါ် ခေါင်းတင်ထားလိုက်၏။ ပါးပေါ်တွင် အနီစက်ကလေးများထွက်နေသည်။

တစ်အောင့်လောက်အကြာတွင် ခြံတံခါးကို ခပ်ပြင်းပြင်း ဆွဲပိတ်သံကြားရပြီး ကျောက်စရစ်ခဲခင်းထား သည့် လမ်းလေးပေါ် ခြေဖဝါးချ၍ ခပ်ပြင်းပြင်းလျှောက်လာသံကို ကြားရသည်။

ထိုင်နေရာမှ မော့ကြည့်လိုက်သည်။ တူဖြစ်သူဝီလ်ဆင်ဖို့က အိမ်တံခါးပေါက်သို့ ခပ်သုတ်သုတ် လျှောက် လာနေသည်။ သူမက ကိုယ်ကို ကျုံ့ လိုက်ကာ ကုလားထိုင်ပေါ် တစ်ကိုယ်လုံးပုံချပြီး ထိုင်နေသည်။ ဝီလ်ဆင် သည် အိမ်ထဲသို့ ဒေါသတကြီးဖြင့် ဝင်လာ၏။ တံခါးကို ပြန်မပိတ်ခဲ့သဖြင့် နောက်ဘက်မှလေပြင်းသည် တံခါး ရွက်ကို ဝုန်းခနဲ တိုက်ခတ်လိုက်သည်။

“အန်တီကင်ဒေ့စ် ဘယ်ရောက်နေလဲ”
အသံကျယ်ကျယ်နှင့် အော်မေးသည်။

သူမ ပြန်မထူးပေ။
သူက တစ်အိမ်လုံးလိုက်ရှာသည်။ ဒေါသဖြင့် မျက်လုံးများမှာ ခုန်ထွက်လာမလားဟု ထင်ရလောက် အောင် ပြူးနေသည်။

“အန်တီကင်ဒေ့စ်၊ ခင်ဗျား ရူးနေလား”
ကင်ဒေ့စ်က မတုံ့ပြန်ပေ။
“အန်တီကင်ဒေ့စ်”
သူ့ကို လုံးဝမကြည့်။

“မထူးဘူးဆိုရင်တော့ ဟိုအော်ဂင်အိုကြီးကို ပြတင်းပေါက်ကနေ အပြင်ဘက် လွှင့်ပစ်လိုက်မယ်”
“ဝီလ်ဆင်ဖို့”
ကင်ဒေ့စ်က အော်ခေါ်လိုက်သည်။ သူမ၏အသံမှာ စူးနစ်နေသည်။

“ဘာပြေမလဲ အန်တီ၊ အခု အန်တီလုပ်နေပုံက ဘာပြောစရာရော ရှိသေးလို့လည်း။ ဒီမှာအန်တီကင် ဒေ့စ်၊ ဒီလို အခြေအနေမျိုးတိုင်းတော့ မဖြစ်ဘူး။ အန်တီကို ကျွန်တော် ဘာကူညီရမလဲ”
“ဘာမှ ကူညီဖို့မလိုဘူး။ မင်းကိုယ်မင်း ကူညီဖို့ပဲ ကြိုးစားပါ”

“ဟုတ်တယ်၊ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ ကူညီရလိမ့်မယ်၊ ဒါကြောင့် ဟောဒီ အော်ဂင်ဟောင်းကြီးကို မပြီး ပြတင်းပေါက်ကို လွှင့်ပစ်ရမယ်။ အဲဒီ ဘုရားကျောင်းဘက်က ပြတင်းပေါက်တွေကိုလည်း ပျဉ်ချပ်တွေနဲ့ အသေပိတ်ပစ်ရလိမ့်မယ်”
“ဟဲ့ကောင်၊ ဒါနင့်အိမ်မှ မဟုတ်တာဘဲ။ နင်လုပ်ချင်သလို လုပ်လို့ရမယ် အောက်မေ့နေသလား”

“ကျွန်တော့်အိမ်လို့လည်း ဘယ်သူမှ မပြောပါဘူး။ ဒါပေမယ့် ခင်ဗျားကြီးက ကျုပ်အဒေါ်အရင်းကြီးဆို တော့ မျှော်လင့်ချက်တော့ ထားတာပေါ့ဗျာ။ ဒီမှာ အန်တီကင်ဒေ့စ်၊ ဘာဖြစ်လို့ ဒီလို ရူးကြောင်ကြောင်တွေ လျှောက်လုပ်နေတာလဲဗျာ”
“ငါက ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်နေတာ မဟုတ်ဘူး၊ ငါ့ရည်ရွယ်ချက်နဲ့ငါလုပ်တာ၊ နင်က ခွန်အား သုံးပြီး အနိုင်ကျင့်ဖို့ကြံရင်တော့ နင့်လိုကောင်လေးကို အကျိုးအကြောင်း ရှင်းပြနေစရာ အကြောင်းမရှိဘူး။ ဒါပေ မယ့် ဝီလ်ဆင်ဖို့ မင်းကို မှတ်မိအောင် ငါပြောလိုက်မယ်။ မှတ်ထား၊ ဒီနေ့လို ငါ့ဆီလာပြီး ရမ်းရမ်းကားကား လုပ် တဲ့အတွက် ငါ့ဆီက မင်း ခြူးတပြားမှ မရတော့ဘူးဆိုတာ မှတ်သွားပေတော့။ ငါ့ဆီက ဘာမှမရဘူးဆိုရင် “ဝေး” ဆိုတဲ့ ကောင်မလေးနဲ့လည်း ဘယ်တော့မှ မင်း လပ်ထပ်နိုင်တော့မှာ မဟုတ်ဘူး။ ကောင်မလေးကို မင်းအမေ အိမ်လည်း ခေါ်သွားလို့မရ။ မင်းတို့ဘာသာလည်း မနေနိုင်ဘူးမဟုတ်လား။ အရင်ကတော့ ဒီအိမ်ကို မင်းအတွက် ရည်စူးထားပါတယ်။ မင်းအိမ်ထောင်ပြုတဲ့အခါ မင်းကို ပေးဖို့ စိတ်ကူးထားခဲ့တယ်။ မင်းတို့အတွက် အဆင်လည်း ပြေ၊ နေဖို့လည်းကောင်းတဲ့ အိမ်လေးပေါ့။ အခု မင်းကို မပေးတော့ဘူး။ နောက်ထပ် သေတမ်းစာ အသစ်တစ် စောင် ငါထပ်ရေးမယ်။ မင်းကို ဘာမှမပေးဘူး။ တစ်ပြားတစ်ချပ်မှ မရစေရဘူး။ အဲဒါမှတ်ထား။ မင်းတင်မကဘူး မင်းအမေလည်း ဘာမှမရတော့ဘူး။ ငါလည်း ဒီလောကကြီးမှာ ကြာကြာမနေရတော့ပါဘူး။ ကြောက်စရာ ကောင်းတဲ့ ဒီဘဝ၊ စီတ်ဆင်းရဲနေရတဲ့ ဒီအခြေအနေမျိုးမှာ မနေချင်တော့ပါဘူး။

အေး…ငါပြောချင်တာ ဒါပဲ ဝီလ်ဆင်ဖို့။ ငါ့ဆီလာပြီး ကြိမ်းလားမောင်းလား ခြိမ်းခြောက်လားနဲ့ လာမရမ်း ကားနဲ့။ ငါလှဲချင်ပြီ။ လူလည်း ဖျားချင်သလို နာချင်သလို ဖြစ်နေတယ်။ သွားသွား….မင်းပြန်တော့”

သူ့အဒေါ် ဝီလ်ဆင်ကို ဘာမှ ထပ်မပြောတော့ပေ။

သူလည်း စိတ်ဆိုးမပြေသေးပေ။ အမွေခံအဖြစ်မှ ရုပ်သိမ်းမည်ဆိုသော အဒေါ်၏ခြိမ်းခြောက်မှုကို ဂရုမ စိုက်၊ ကြောက်လည်းမကြောက်ပေ။ သူက လွတ်လွတ်လပ်လပ်နေသူဖြစ်၏။ အနှောင်အတည်း အဟန့်အတား များ ရှိနေခြင်းကို သဘောမကျပေ။

သို့သော် သူ့အဒါ်၏ အိမ်လေးမှာမူ သူ့အတွက် စိတ်ကူယဉ်စရာ လေထဲကတိုက်အိမ်ကလေးဖြစ်သည်။ ရည်ရွယ်မျှော်လင့်ထားသော ရည်မှန်းချက်တစ်ခုလည်းဖြစ်သည်။

ဝီလ်ဆင်သည် ကိုယ်ခန္ဓာ အလွန်ထွာကျိုင်းတောင့်တင်းသူတစ်ဦး ဖြစ်သော်လည်း သူ့အတွေးအမြင်မှာ သာမန်သာဖြစ်သည်။ ရိုးရိုးအတွေးနှင့် ရိုးရိုးအေးအေးသာ နေချင်သည်။ ရည်မှန်းချက်လည်း မကြီး၊ ထူးချွန်ထက် မြက်မှုလည်း မရှိပေ။ ထို့ကြောင့် အခြေအနေ ဖန်တီးပေးမည့် လေထဲက တိုက်အိမ်လောက်သာ စိတ်ကူးယဉ်နိုင် သည်။ ကြီးပွားတိုးတက်ရေးကို ပြက်ပြက်ထင်ထင် တွေးခေါ်မြော်မြင်နိုင်သူ မဟုတ်ဘဲ ကာယအားကိုးသူဖြစ်၍ တစ်အိုးတစ်အိမ်ဆိုသည်မှာ မှန်းဆရုံသာရှိ၏။ သူ့အနေနှင့်ဆိုလျှင် အိုးအိမ်သစ်ထူထောင်ခြင်း၊ တင့်တင့်တယ် တယ် နေနိုင်ခြင်းသည် သူ့မြေပုံပေါ်တွင်သာ ရှိပေလိမ့်မည်။

သို့သော် သူ့အရည်အချင်းနှင့်ဆိုလျှင် အယ်လ်မာကို လပ်ထပ်ယူနိုင်မှာ မဟုတ်နိုင်သည်ကို သူဝန်မခံ ပေ။ အယ်လ်မာနှင့်လပ်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ဖို့ကား သူ၏ အဆုံးတိုင် ရည်မှန်းချက်ဖြစ်ပြီး သူ့ကာ ယအား၊ ဝီရိယအားတို့ဖြင့် အမေနှင့် သူတို့နှစ်ယောက်အတွက်ကို သူတစ်ဦးတည်း လုပ်ကိုင်ကျွေးမွေးနိုင်မည်ဟု ယူဆထားသည်။ အယ်လ်မာနှင့် အမြန်ဆုံးနီးစပ်ဖို့ကား ကံဇာတာ စန်းထမှဖြစ်မည်။ ရုတ်တရက် အကုသိုလ်ဝင် လိုက်လျှင်ကား ဘာမှဖြစ်လာတော့မည် မဟုတ်ပေ။
ဒေါသတကြီးနှင့် ဝီလ်ဆင်ဖို့ အိမ်ထဲမှ ထွက်သွားပြီးနောက် ကင်ဒေ့စ်သည် ထိုင်ရာမှထကာ မီးဖိုချောင် ဘက် ထွက်ခဲ့လေသည်။ တစ်နေကုန် ဘာမှ မစားရသေးသဖြင့် လက်ဖက်ရည်တစ်ခွပ်လောက် သောက်တော့ သောက်မည်ဟု စဉ်းစားကာ ရေနွေးကျိုရန် မီးမွှေးသည်။ ရေနွေးအိုးကို မီးဖိုပေါ်တင်ပြီး ဆူသံကြားရသည်။ မီးဖို ထဲမှ မီးတောက်သည် မကြာမီ ပြာဖြစ်သွား၏။ သူမခေါင်းထဲတွင်လည်း တွေးစရာ ထွေထွေထူးထူး မရှိတော့။ ခေါင်းလည်းကိုက်လာပြီး ဆူနေသော ရေနွေးအိုးကို မီးဖိုမှ မချတော့ဘဲ တင်မြဲတင်ထားသည်။

သူမ တစ်ကိုယ်လုံး ချမ်းပြီး တုန်နေသည်။ နေရောင်ပျောက်ပြီး အမှောင်ကြီးစိုးလာသည်အထိ ကုလား ထိုင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေမိသည်။

ညခုနှစ်နာရီထိုးချိန်တွင် ဘုရားကျောင်းမှ ဝတ်ပြုခေါင်းလောင်းထိုးသံကို ကြားရလေသည်။ လူများ လည်း ဘုရားဝတ်ပြုရန် စုဝေးရောက်ရှိလာကြသော်လည်း သူမက မလှုပ်ရှား။ ဧည့်ခန်းတွင်းမှ အော်ဂင်ကို ပိတ် ထားသည်။

ဤညနေ ဝတ်ပြုချိန်တွင် ပြိုင်ဘက်နှင့် သီချင်းပြိုင်ဆိုဖို့မလိုတော့။ တနင်္ဂနွေည ဝတ်ပြုပွဲ၌ ဓမ္မတေးကို တစ်ဦးချင်းသီဆိုမှု မရှိဘဲ အားလုံးစုပေါင်းသီဆိုမှုသာ ရှိသောကြောင့် ဖြစ်လေသည်။

ကင်ဒေ့စ်သည် ဝတ်ပြုပွဲပြီးခါနီးအထိ ငြိမ်သက်စွာ ထိုင်နေခဲ့၏။ ထိုအချိန်၌ ခေါင်းက ကိုက်သည်ထက် ကိုက်လာသည်။ ချမ်းလိုက်သည်မှာလည်း တခိုက်ခိုက် တုန်လာလေသည်။ နောက်ဆုံးနောက် “အပ်ရာထဲလှဲနေ တာက ကောင်းလိမ့်မယ်ထင်တယ်” ပြောပြီး ထိုင်နေရာမှ ထလိုက်ပြီး အိမ်နောက်ဘက် တံခါးပေါက်ကိုပိတ်ရန် ခါးညွတ်လိုက်သောအခါ လူတစ်ကိုယ်လုံး တဆက်ဆက်တုန်နေသည်။ တစ်မိနစ်ခန့် ငြိမ်သက်စွာ ရပ်နေပြီး အ ပြင်ဘက်သို့ လှမ်းမျှော်ကြည့်သည်။ လယ်ကွင်းများ၏ ဟိုဘက်တွင် သစ်တောများရှိ၏။ သစ်တောများဆီမှ မီးနီ လေးများကို မြင်ရသည်။ မီးပွားကလေးများ တက်နေသည်။

“တောမီးလောင်နေတာပဲ”ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

မီးတောက်က တဖြည်းဖြည်း ကြီးလာသည်။ ကောင်းကင်သို့ ထိုးတက်လာသော မီးညွန့်များကို ငေးစိုက် ကြည့်နေမိသည်။ တောမီးသည် သစ်ပင်များကို လောင်းကျွမ်းနေ၏။ မီးတောက်များက နွေဦး၏ ဝေဆာနေသော ရွတ်နုများကို ညိုးခြောက်အောင် ဖျက်ဆီးပစ်လိုက်ကြသည်။ မီးခိုးများ မှုန်မှိုင်းနေသည်။ လေထုထဲတွင် မီးခိုးငွေ့ များဖြင့် ဖုံးလွှမ်းနေသောလည်း တောမီးလောင်နေသည်မှာ ဤနေရာမှ မိုင်ဝတ်လောက် ဝေးလေသည်။

ကင်ဒေ့စ်သည် တံခါးကို သော့ပိတ်၍ အိမ်ထဲဝင်ခဲ့သည်။

သစ်ပင်များသည် ရွက်သစ်များဖြင့် ဝေနေ၏။ ရွက်နုများကို သီကုံးထားသည့် နုထွေးညံ့သက်သော သစ် ရွက်ပန်းကုံးများက သစ်ပင်များကို တန်ဆာဆင်ထားကြသည်။ တေးဆိုငှက်များ၏ အသိုက်သစ်ကလေးများက လည်း ထိုသစ်ရွက်နုများ ရင့်ရော်လာသည့်အခါ သစ်ရွက်များနှင့်အတု ကြွေကျမြေခလိမ့်မည်။

ကင်ဒေ့စ်သည် ယခုအခါ၌ အလျှံညီးညီးတောက်နေသော မီးလျှံကြားထဲရောက်နေသည်။ မြည်ဟီးနေ သော မီးတောက်များထဲ ဆင်းသက်နေပြီး သူမရင်ထဲရှိ £သာမစ္ဆရိယ ဆိုသော သဝန်တိုစိတ်သည် အလျှံညီး ညီး မီးလျှံကြီး ဖြစ်နေပေပြီ။

သူမဘဝ နွေဦးကာလများ၊ ရင့်ကျက်မှုများ၊ သိမ်မွေ့အေးချမ်းသော အကျင့်စရိုက်များအားလုံးလိုလို ထို မီးလျှံကြားထဲတွင် လောင်ကျွမ်းကုန်ကြပြီ။

ကင်ဒေ့စ်သည် ဧည့်ခန်းနှင့်ကပ်လျှပ်ရှိသော သူမ အိပ်ခန်းလေးထဲဝင်ကာ အိပ်ရာပေါ် လှဲလိုက်သည်။ အိပ်၍ကား မပျော်။ တစ်ညလုံး မျက်လုံးကြောင်နေသည်။

မိုးလင်းသောအခါ တံခါးပေါက်ဆီ တွားသွားပြီး အိမ်ရှေ့ မှ ဖြတ်သွားသော ကလေးတစ်ယောက်ကို လှမ်း ခေါ်သည်။ ဆရာဝန် အမြန်ဆုံးခေါ်ပေးဖို့ မှာလုက်လေသည်။ စကားပြောနေစဉ် သူမသည် တံခါးပေါက်ကို တင်း ကျပ်စွာဆုပ်ကိုင်ကာ တံခါးပေါင်ကို မှီတွယ်ထားရလေသည်။

ချာတိတ်လေးက သူမအဖြစ်ကို တအံ့တသြ ငေးမောကြည့်ရင်း ပြောသမျှကို နားထောင်နေသည်။

နွေဦးလေပြေသည် ကင်ဒေ့စ်၏ မျက်နှာပြင်ကို ပွတ်တိုက်သွား၏။ သူမှုဂါဝန်မှာ ဖားလျားကျ နေသည်။ ခြုံထည်လေးကို ပခုံပေါ်တင်ထား၏။ လေကတိုက်လိုက်သောကြောင့် ခေါင်းပေါ်မှ ဆံပင်ဖြူများသည် နီရဲနေ သော ပါးပြင်ပေါ် ဖုံးလွှမ်းသွားလေသည်။

ထို့နောက် ကင်ဒေ့စ်သည် တံခါးကိုပိတ်ကာ အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။ ထိုအချိန်မှစ၍ သူမသည် အိပ်ရာပေါ်မှ မထတော့ပေ။

ဆရာဝန်နှင့် မစ္စဖို့တို့ ရောက်လာကြပြီး ဆရာဝန်ကစစ်ဆေးကြည့်ပြီး လိုအပ်သလို ကုသပေးသည်။ သူမ သည် တစ်ပတ်နေသွား၏။ သူမကိုယ်တိုင်ရေား အခြားသူများကပါ ဘဝ၏နောက်ဆုံးအချိန်ဟု မပြောကြ။ ကွယ် လွန်လိမ့်မည်ဟုလည်းမထင်ကြပေ။ ရိုးရိုးဖျားနာခြင်းသာ ဖြစ်သည်ဟု ဆရာဝန်ကပြောသည်။ သူမသည် သတိ မေ့ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းလည်း မရှိ။ သတိကောင်းဆဲပင်။ သို့သော် ကင်ဒေ့စ်က စိတ်ကို လျှော့ထား သည်။

“ငါ့ဘဝ နောက်ဆုံးအချိန်ပဲ”

ဟု ထိုနေ့မနက်က မစ္စဖို့ကို ပြောလေသည်။

သူမစကားကို ကြားသည်နှင့် မစ္စဖို့က ရယ်၏။ သို့သော် လူနာကတော့ နောက်ဆုံးအချိန်ရောက်ပြီဟု ယူ ဆနေသည်။ သူမ၏ ရောဂါအခြေအနေမှာ တိုးပြီးဆိုးမလာ။ တိုးပြီး ဝေဒနာခံစားရသည်ဟုလည်း မထင်ရ။

သို့ရာတွင် ဖြည်းဖြည်းချင်း အားနည်းသည်ထက် အားနည်းလာလေသည်။ ရုပ်ပိုင်းဆိုင်ရာခံစားမှု ရှိပုံမပေါ်သော်လည်း စိတ်ဓာက်က ကျသည်ထက် ကျလာလေသည်။ စကားလည်း သိပ်မပြောတော့။

ဗုဒ္ဓဟူးနေ့တွင် ဝီလျှံအင်မွန်က လူမမာသတင်းမေးရန် ရောက်လာ၏။ ဧည့်ခန်းတွင်းမှ သူ့စကားသံကို ကင်ဒေ့စ်ကြားရသည်။ စကားပြောသံကို သဲသဲကွဲကွဲ ကြားရအောင် သူမက ခေါင်းထူထ၏။ ကိုယ်ကို တံတောင် ဖြင့် ထောက်မပြီး နားစွင့်ထားလေသည်။

“ဝီလျှံအင်မွန်က မမကို သတင်းလာမေးပါတယ်”
ညီမဖြစ်သူ မစ္စစ်ဖို့က ဧည့်သည်ပြန်သွားပြီးနောက် လာပြောပြသည်။

“ငါကြားပါတယ်”
ကင်ဒေ့စ်က ပြောပြီးနောက် ညီမကို ခိုင်းလိုက်သည်။

“နန်စီ၊ ဓာက်ပုံအယ်လ်ဘမ် ဘယ်မှာလဲ”
“စားပွဲပေါ်မှာလေ”

“အယ်လ်ဘမ်ကို ဝယ်မှင်ဘီးနဲ့ တိုက်ပေးပါလား၊ သန့်သန့်ရှင်းရှင်းလေး ဖြစ်သွားအောင် ပေါ့ကွယ်”
“ရပါတယ် မမရဲ့ တိုက်ပေးပါ့မယ်”

တနင်္ဂနွေနေ့ မနက်ကတည်းက ဓမ္မဆရာအလာကို ကင်ဒေ့စ် မျှော်နေမိသည်။ လွန်ခဲ့သည့် တနင်္ဂနွေနေ့ က သူ့ကို ရိုင်းရိုင်းပျပျ ဆက်ဆံခဲ့ပြီး နောက်တစ်ခေါက် ထပ်လာစဉ်ကလည်း အတွေ့ မခံခဲ့ပေ။

ယနေ့နေ့လည်ပိုင်း၌ ဓမ္မဆရာ လာသောအခါ ကင်ဒေ့စ်က ဓမ္မဆရာနှင့်အတူ ဝတ်ပြုဆုတောင်းကြ သည်။

“အရင်တစ်ပတ် ဥက္ကဌလာတုန်းက ကျွန်မအပြုအမူ ရိုင်းစိုင်းသွားပါတယ်။ ကျွန်မအနေနဲ့ အဲဒီလို မပြော သင့်ပါဘူး”
“အဲဒီတုန်းက ခင်ဗျား နေမှ မကောင်းတာပဲဗျာ”
ဓမ္မဆရာက ဖြေသိမ့်သည်။

ကင်ဒေ့စ်က ခေါင်းယမ်းပြီး-
“နေထိုင်မကောင်းလို့် မဟုတ်ပါဘူး။ ကျွန်မပြုမိတဲ့ အပြစ်တွေကို ဘုရားသခင်က ခွင့်လွတ်ပါစေလို့ ဆု တောင်းရမှာပါပဲ”
ဓမ္မဆရာ ပြန်သွားပြီးနောက် ကင်ဒေ့စ်သည် ရွှင်ရွှင်ပျပျ မရှိတော့ပေ။ သနားစရာကောင်းသော သူမ၏ မျက်လုံးများသည် စက်ရုပ်တစ်ရုပ်လို ညီမဖြစ်သူ လှုပ်ရှားသမျှကို လိုက်လံ ကြည့်ရှုနေလေသည်။

“မမ ကင်ဒေ့စ်၊ ဘာလိုချင်လို့လဲ”
မစ္စဖို့က အစ်မကို ဂရုတစိုက် ပြုစုခဲ့သည်။ သို့သော် တစ်ခါတစ်ရံ စိတ်တိုမိသည်။

“နန်စီ”
“ဘာလိုချင်လို့လဲ မမ”

“ဘုရားကျောင်းမှာ ဝတ်ပြုပွဲပြီးရင် အယ်လ်မာနဲ့ ဝီလ်ဆင်ကို ငါ့ဆီလာဖို့ ခေါ်ပေးပါ။ ငါလေ သူဆိုတဲ့ အသံကို ကြားချင်လို့ပါကွယ်”
“ဟုတ်ကဲ့ ခေါ်ပေးပါ့မယ်”

ထိုအချိန်၌ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းနေကြသည်။ ဘုရားကျောင်းပြတင်းပေါက် အားလုံးကို ဖွင့်ထား၏။ ထိုနေ့ တနင်္ဂနွေသည် နွေးထွေးသော တနင်္ဂနွေနေ့ တစ်နေ့ ဖြစ်ပါသည်။

ဘုရားကျောင်းမှ အော်ဂင်သံနှင့် ဓမ္မတေးသံကို ကင်ဒေ့စ်သည် အိပ်ရာပေါ်မှ နားစိုက်ထောင်နေခဲ့သည်။ သူမ၏ မျက်လုံးများမှာ ကြည်လင်ပြီး အေးချမ်းနေ၏။ ညီမက ဆံပင်များကို ဖြီးပေးနေပြီး လျှော်ဖွပ်ထားသော ဦးထုပ်တစ်လုံးကိုလည်း ဆောင်းပေးထားသည်။

ပြတင်းပေါက်မှ ခန်းဆီအဖြူလေးသည် သဘောင်္ရွက်အဖြူကဲ့သို့ လေတိုက်ရာ အလိုက်သင့် လွင့်မျော နေ၏။

ယနေ့ နေရသည်မှာ သက်တောင့်သက်သာရှိသည်ဟု ခံစားရသည်။ သို့သော် သေခြင်းတရားမှာလည်း အလွယ်တကူ ရောက်လာနိုင်သည်ဟုလည်း သူမ ထင်မှတ်နေသည်။

ဝတ်ပြုပွဲပြီး၍ လူများထွက်လာသည်နှင့် မစ္စဖို့ကို ကင်ဒေ့စ် ကြည့်နေ၏။ လမ်းပေါ်သို့ထွက်ကာ အယ်လ် မာနှင့် ဝီလ်ဆင်တို့ ထွက်လာသည်နှင့် ကင်ဒေ့စ်က တွေ့ လိုကြောင်း ရှင်းပြကာ သုံးယောက်သား အိမ်ထဲဝင်လာ ခဲ့ကြလေသည်။

“မမ ကင်ဒေ့စ်၊ ဒီမှာ အယ်လ်မာနဲ့ ဝီလ်ဆင်တို့ ရောက်လာကြပြီ”
သူတို့နှစ်ယောက်ကို အိပ်ခန်းပေါက်သို့ ခေါ်လာပြီး မစ္စဖို့က ပြောလိုက်၏။ ကင်ဒေ့စ်သည် အိပ်ရာပေါ် တွင် လှဲရင်း ပြုံး၍-

“ဝင်ခဲ့ကြလေ”
ဟု လေသံဖြင့် ခေါ်လိုက်၏။

အာနည်းလွန်းသဖြင့် သူမအသံကို တိုးတိုးလေးသာ ကြားရသည်။

အယ်လ်မာနှင့် ဝီလ်ဆင်တို့က ခုတင်ဘေးတွင် ရပ်နေကြ၏။ ကင်ဒေ့စ်က သူတို့နှစ်ဦးကို ကြည့်နေသည်။  နှုတ်ခမ်းပေါ်တွင် အားယူထားသော အပြုံးရိပ်ကလေး ခိုနေလေသည်။

“ဝ်ီလ်ဆင်”
“ဟုတ်ကဲ့ ပြောပါ အန်တီကင်ဒေ့စ်”

“အန်တီလေ…. အရင်းရေးထားတဲ့ သေတမ်းစာကို မပြောင်းတော့ပါဘူးကွယ်။ အန်တီမရှိတော့တဲ့အခါ မင်းနဲ့ အယ်လ်မာ ဒီအိမ်မှာ လာနေကြနော်။ မင်းအမေက တစ်ယောက်တည်း နေနိုင်ပါတယ်။ မင်းတို့ကို စိတ်ဆိုး မှာ မဟုတ်ပါဘူး။ အယ်လ်မာက အန်တီ့ပစ္စည်းအားလုံးကို ယူလိုက်ပါ”
“မဟုတ်ဘူး…. မဟုတ်ဘူးဗျ အန်တီကင်ဒေ့စ်ရယ်”

ဝီလ်ဆင်၏ ပါးပြင်ပေါ် မျက်ရည်များ စီးကျနေ၏။ အယ်လ်မာ၏မျက်နှာလေးမှာ အုံ့မှိုင်းပြီး နှုတ်ခမ်းလေး များမှာ တဆက်ဆက်တုန်လျှက် မျက်ရည်များလည်း ဝိုင်းနေသည်။

“အယ်လ်မာရေ၊ အန်တီ့ကို ဓမ္မတေးတစ်ပုဒ်လောက် ဆိုပြပါကွယ်”
“ဘယ်သီချင်းကို ဆိုရမလဲ အန်တီ”
တုန်တုန်ယင်ယင်နှင့် အယ်လ်မာက မေးသည်။

“အကျွန်ုပ် ဝိညာဉ်အား ချစ်ခင်တော်မူသော ဘုရားသခင် ဆိုတဲ့ သီချင်းပါ”

အယ်လ်မာသည် ဝီလ်ဆင်နှင့် ရပ်နေရင်းက ဓမ္မတေးကို စဆိုလေသည်။ ဆိုခါစမှာ အသံတုန်နေသဖြင့် မနည်းထိန်းရသည်။ နောက် အရှိန်ရလာသည်နှင့် သူမ၏အသံမှာ ကြည်လင် ချိုမြလာလေသည်။

ကင်ဒေ့စ်သည် အိပ်ရာပေါ်တွင် လှဲလျှက်နှင့် နားစိုက်ထောင်နေသည်။ သူမ၏မျက်နှာမှာ အေးချမ်းစွာ ဖြင့် ကြည်လင်ဝင်းလက်နေသည်။

အယ်လ်မာက တေးအဆုံးပိုဒ်ကိုဆိုပြီး ရပ်နားလိုက်သော်လည်း သူမ၏ ရွှင်ပျနေသော မျက်နှာမှာ   ပြောင်းလဲမသွားပေ။ သူမက အပေါ်သို့ ငေးပြီး စကားပြောနေသည်။ ထိုသို့ ကြည်လင်ရွှင်ပျနေသည်မှာ အချိန်အ ကြာကြီးမဟုတ်။ တစ်ခဏသာဖြစ်သည်။ အချိန်ပိုင်းသာကြာသည့် လက်ခနဲလင်းသွားသော အလင်းရောင်မျိုး ဖြစ်သည်။ သစ်တောများကို တောမီးလောင်မြိုက်စဉ်က အဖြစ်မျိုးနှင့်တူသည့် မီးခိုးနှင့် မီးလျှံကြားမှ ရုတ်ချည်း တွေ့ လိုက်ရသည့် သစ်တော၏ နောက်ဆုံး ပုံရိပ်မျိုးနှင့်တူသည်။ တောမီးဝါးမျိုးမသွားမီ၊ သစ်ပင်များ လဲပြိုမသွား မီ မျက်တောင်တစ်ခတ်မျှသာ တွေ့ လိုက်ရသော တော၏ တဒင်္ဂမြင်ကွင်းမျိုး။

“အသံကို နည်းနည်းလေး နှိမ့်လိုက်၊ အို…. ဘုရားသခင်”
ကင်ဒေ့စ်၏ နှုတ်မှ ကြားရသည်ဆိုရုံလေး၊ လေသံနှင့် အသံတိမ်တိမ်လေး ထွက်လာပါသည်။    ။

ထက်မြက်
(ပြီးပါပြီ)

ပထမပိုင်းအား ဖတ်ရှုရန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts