Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်ကုန်မြို့လည် မြို့ပတ်ရထားလမ်းသစ် ဖွင့်လှစ်

 

ရန်ကုန်မြို့လည် မြို့ပတ်ရထားလမ်းသစ်   ဖွင့်လှစ်
ရန်နောင်(ဗိုလ်တထောင်) ဒီဇင်ဘာ ၉၊ ၂၀၁၄

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ် ပြဿနာ ဖြေရှင်းမှု တစ်ခုအဖြစ်  ရထားပို့ဆောင်ရေးဝန်ကြီးဌာန  မြန်မာ့ မီးရထားမှ ရန်ကုန်မြို့ ကမ်းနားလမ်းတွင်  RBE လူစီးရထား စတင်ပြေးဆွဲခြင်း မင်္ဂလာ အခမ်းအနားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၇) ရက် တနင်္ဂနွေနေ့ နံနက် (၇)နာရီ တွင် ဆိပ်ကမ်းမြို့နယ် ကမ်းနားလမ်းရှိ ပန်းဆိုးတန်းဘူတာ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အမှူးပြုသော နိုင်ငံတော်အကြီးအကဲများနှင့် မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိကြီးများ ၊ဆိပ်ကမ်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မင်္ဂလာအချိန် နံနက် ၇နာရီမိနစ်၂၀ တွင် ဝန်ကြီးများက ဖဲကြိုးဖြတ်၍ မီးရထားတွဲများအား အောင်သပြေနှင့် အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် စီးနင်းလိုက်ပါကြသော ခရီးသည်များအား ဝန်ကြီးများက အမှတ်တရ လက်ဆောင်များ ပေးကြသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းပေါ်တွင် ရှိသော ရထားလမ်းသည် ၁၈၈၀ ခုနှစ်၊မတ်လ(၁) ရက်နေ့တွင် ရန်ကုန်မြစ်တလျှောက်ရှိ ဆိပ်ကမ်းများမှ ကုန်စည်များကို ကုန်ရထားများဖြင့် သယ်ယူပို့ဆောင်နိုင်ရန်အတွက် ဓနိတော မှ ထီးတန်းအထိ ကုန်ရထားလမ်းနှင့် လမ်းမြှောင်များကို ပြေးဆွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။၂၀၁၀-၁၁ ခုနှစ်တွင် လင်းစဒေါင်းမှ အလုံအထိ ကုန်ရထားလမ်းပိုင်းကို ပြန်လည်ဖြုတ်သိမ်း၍ ရထားလမ်းနှင့် ကားလမ်းတွဲလျှက်ပါဝင်သော ကမ်းနားလမ်းသစ်ကို ဖောက်လုပ်ခဲ့ပြီး ကုန်ရထားပြေးဆွဲခြင်း လုပ်ငန်းကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ လက်ရှိအခြေအနေတွင် ကုန်ရထားပြေးဆွဲခြင်း လုပ်ငန်းအပြင် ကမ်းနားလမ်းတလျှောက် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် RBE လူစီးရထား ပြေးဆွဲခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

RBE လူစီးရထားပြေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ ကမ်းနားလမ်းတလျှောက် ခရီးသွားပြည်သူများ လွယ်ကူသက်သာသောနှုန်းထားဖြင့် အချိန်တိုအတွင်း လိုရာ ခရီးသို့ ပို့ဆောင်ပေးနိုင်ရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ပေးနိုင်စေရန်၊ ခရီးသွားပြည်သူများ ၊ကျောင်းသားကျောင်းသူများ နှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ကမ်းနားလမ်းတလျှောက်ရှိ ရှုခင်းများကို ကြည့်ရှုလေ့လာနိုင်စေရန်၊ရန်ကုန်မြို့ အတွင်းသို့ ခရီးသွားလာကြမည့် ရန်ကန်ုမြစ်တဘက်ကမ်းမှ ရောက်ရှိလာသော ပြည်သူများနှင့် ကမ်းနားလမ်းတလျှောက်ရှိ ခရီးသည်များအား မြို့ပတ်ရထားနှင့် ချိတ်ဆက်ပို့ဆောင်ပေးနိုင်ရန် ဖြစ်သည်။

ကမ်းနားလမ်း RBE လူစီးရထားပြေးဆွဲမည့် ရပ်စခန်းဘူတာများမှာ ပုဇွန်တောင်၊ ရေကျော်၊ တာဝတိံသာ၊ လင်းစဒေါင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ ဘုရားလမ်း၊ စဉ့်အိုးတန်းလမ်း၊ မော်တင်၊ ဝါးတန်း၊ ထော်လီကွေ့ စသည်တို့ဖြစ်ပြီး စုစုပေါင်း ခရီးမိုင် ၅.၃၀ မိုင်ဖြစ်သည်။ ပုဇွန်တောင်မှ ပန်းဆိုးတန်း အရှေ့ဘူတာ ခရီးစဉ် တစ်ခုအတွက် ငွေကျပ် ၁၀၀ ကျသင့်ပြီးထော်လီကွေ့မှ ပန်းဆိုးတန်း အနောက်ခရီးစဉ် တစ်ခုအတွက် ငွေကျပ် ၁၀၀ ကျသင့်ပါသည်။ လက်မှတ်များကို ရထားတွဲပေါ်တွင် လိုက်လံရောင်းချပေးခြင်းဖြင့် လက်မှတ်ဝယ်ယူရန် အဆင်ပြေချောမွေ့အောင် ပြုလုပ်ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ RBE လူစီးတွဲတစ်တွဲလျှင် ထိုင်စီးခရီးသည် (၆၀)ဦးနှင့် ရပ်စီးခရီးသည် (၆၀) ဦးလိုက်ပါစီးနင်းနိုင်သည်။အရှေ့ နှင့် အနောက် သို့ လူစီးတွဲ နှစ်တွဲဖြင့် ပြေးဆွဲမည်ဖြစ်ပြီး တစ်နေ့လျှင် အခေါက်ရေ အသွားအပြန် (၁၄) ခေါက် ပြေးဆွဲမည်ဖြစ်သည်။

လိုက်ပါစီးနင်းလာသူ ခရီးသည်တချို့အား မေးကြည့်သောအခါ “ အန်တီက ရေကျော်မှာနေတာပါ။ ဒီရထားစတင်ပြေးဆွဲမယ်ဆိုကတည်းက ဝမ်းသာနေတာပါ။ဒါကြောင့် စပြေးဆွဲတဲ့နေ့မှာ လာစီးကြည့်တာပါ။ တော်တော်ကို အဆင်ပြေပါတယ်။ အန်တီ့ သမီးက မော်တင်ဆေးရုံမှာ လုပ်တော့ ဒီရထားနဲ့ဆို အဆင်ပြေတာပေါ့ကွယ်။ နောက်အန်တီ ကိုယ်တိုင်လည်း ဗိုလ်တထောင်ဘုရားကို အလွယ်တကူ လာလို့ရတာပေါ့။နို့မို့ဆို ငါးဘလောက် တောင်လမ်းလျှောက်ရတာလေ။” ဟု ဖြေကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ရန်ကုန်မြို့လည် မြို့ပတ်ရထားလမ်းသစ် ဖွင့်လှစ်
  1. Welcome.
    Every country use train for ordinary people. Fast, crowd but stand for 30 mins is ok.
    Begining time – one hour – one train come is not bad.

  2. Is that a train with an electric locomotive လျှပ်စစ်ခေါင်းတွဲဆွဲလူစီးရထား or a tram (street car) ဓာတ်ရထား ?

  3. ရန်ကုန်မြို့လည် မြို့ပတ်ရထားတဲ့။ ကြည့်လဲလုပ်ကြပါ။ (၁) မြို့လည် လား မြို့လယ်လား။ (၂) မြို့လယ်မှာ သွားတဲ့ရထားဟာ မြို့ပတ်ရထားမဖြစ်နိုင်ပါ။ (၃) မြို့လည်ရထားဆိုရအောင်လဲ မြို့ကိုအလည်သွားတဲ့ရထား ဆိုတာကမ္ဘာမှာမရှိပါ။

  4. Tram car (Street car) ကို ဓာတ်ရထားလို့ အင်္ဂလိပ်ခေတ်ကတည်းကခေါ်ပါတယ်။ ရှိပြီးသားဝေါဟာရကို လူတွေနဝေတိမ်တောင်ဖြစ်အောင် အသစ်မထွင်ပါနဲ့။

Comments are closed.