လူများ၊ ရုပ်ပုံလွှာများ သက်ခိုင်

သက်ခိုင် – ပြည်သူကိုရောင်းစားတဲ့ အောင်ဖေ၊ ရန်ပုံငွေပွဲ နဲ့ မင်းချစ်သူ

 

သက်ခိုင် – ပြည်သူကိုရောင်းစားတဲ့ အောင်ဖေ၊ ရန်ပုံငွေပွဲ နဲ့ မင်းချစ်သူ

အောင်ဖေ အခန်းဆက် အမှတ် (၁၈)၊ ဒီဇင်ဘာ ၆၊ ၂၀၁၄

(၁)

၁၉၉၀ နှစ်ဦးထင်ပါရဲ့၊ အဲဒီအချိန်မှာပဲ ဗဟန်းကနေ ရန်ကင်းကျောက်ကုန်းကွေ့ကို လူ့ဘောင်သစ်ဌာနချုပ်က ပြောင်းရပါလေရော၊ တချိန်တည်းမှာပဲ ရန်ကုန်တိုင်းရုံးအတွက်က ရန်ကင်းမှာပဲ UPTလို့ခေါ်တဲ့ လျှပ်စစ်စက်ပစ္စည်းတွေ ထုတ်တဲ့ခြံဝင်းထဲမှာ နေရာပေးလို့ ရုံးဆောက်ဖြစ်တယ်။ အဲဒီအချိန်က ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း အနည်းဆုံး အမတ်လောင်း(၃)ယောက် ဝင်ပြိုင်ရမယ်ဆိုတဲ့ အမိန့် စစ်အစိုးရက ထုတ်ပါလေကော။ ဒါကြောင့် လူ့ဘောင်သစ်ကလည်း (၁၀)နေရာ ဝင်ပြိုင်မယ်ဆိုပြီး စာရင်းပေးဖြစ်တယ်၊ ရန်ကုန်တိုင်းမှာ (၄)နေရာပေါ့။ အဲဒါတွေက သင်္ကန်းကျွန်း၊ ရန်ကင်း၊ မြောက်ဥက္ကလာနဲ့ ကမာရွတ်မြို့နယ်တွေမှာ၊ ကျန်တဲ့နေရာတွေကတော့ ပဲခူးတိုင်းတို့ ဘာတို့တွေလည်းပါတယ်၊ သေချာတော့ မမှတ်မိတော့ဘူး၊ ဧရာဝတီတိုင်းကဆိုရင် မော်ကျွန်းတို့၊ ညောင်တုန်းတို့တောင် ပါသေးလား မသိ။

ဝင်ပြိုင်မယ့် အမတ်လောင်းတွေအထဲမှာ အဓိက ကတော့ ၆၂၊ ၇၄ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ၊ လူရွယ် ပညာတတ်တချို့နဲ့ ပါတီဗဟိုကော်မတီက ဥက္ကဌကိုသက်ထွန်းနဲ့ ကိုအောင်မိုးဇော်။ ကိုသက်ထွန်းက သင်္ကန်းကျွန်း၊ ကိုအောင်မိုးဇော်က သဲကုန်းလား မသိ၊ အဲဒီလိုစာရင်းပေးကြတာ။

ရန်ကုန်တိုင်းရုံးကို စဖွင့်တယ် ဆိုပြီးတာနဲ့ပဲ ရန်ကုန်တိုင်း ကော်မတီကို ထပ်ပြီး ပြန်ဖွဲ့ဖြစ်ကြပါလေကော၊ အဲဒီမှာ ခရမ်းသား တွဲဘက်ကျောင်းဆရာ ကိုမြင့်ဇော်က ဥက္ကဌ၊ ရန်ကင်းက ကိုသန့်စင်က ဒုဥက္ကဌ၊ အတွင်းရေးမှူးက တောင်ဥက္ကလာက ကိုမင်းနိုင်သူ၊ ပန်းဘဲတန်း ကိုဇော်မျိုးနိုင်က တွဲဘက်အတွင်းရေးမှူး၊ စည်းရုံးရေးမှူးက ကော့မှူးသား ကိုကျော်သန်း၊ ဘဏ္ဍာရေးမှူးက ကိုတင်ကိုကို (သမဂ္ဂအယ်ဒီတာ ကိုလွမ်းဝေနိုင်)၊ စည်းကမ်း ထိန်းသိမ်းရေးက သဘောကောင်းတဲ့ တွံ့တေးသား ကိုရဲထွန်းကြီးနဲ့ အောင်ဖေက သတင်းပြန်ကြား စတဲ့ လုပ်ငန်းကော်မတီနဲ့ ကော်မတီဝင်တွေ အများကြီး တိုးချဲ့ဖြစ်ပါလေကော။ တောင်ဥက္ကလာသား ကိုထွန်းထွန်းဝင်းတို့၊ ကိုအေးမြင့်တို့၊ မြို့ထဲက ကိုလှမြင့်တို့ လှိုင်က ကိုမျိုးဝေ (ယခုဘုန်းကြီးဝတ်)တို့ စတဲ့သူတွေ အကုန်ပါလာကြကော။

လူအင်အားကလည်းတောင့်လာ၊ ပြန်စည်းရုံးထားတဲ့ မြို့နယ် အချို့မှာလည်း ကော်မတီဝင်တွေအလျှိုအလျှို ပေါ်လာကြဆိုတော့ အတော်တော့ ပျော်စရာကောင်းသား၊ ဘယ်မြို့နယ်မှာ ဘယ်နေ့ရုံးဖွင့်ပွဲ လုပ်မယ်တို့၊ ဘာဟောပြောပွဲ လုပ်မယ်တို့ စတာတွေက ရှိလာပြီ၊ အဲဒီမှာ အောင်ဖေတို့တွေ ဌာနချုပ်မှာကော တိုင်းရုံးမှာပါ ဆောင်ပုဒ်တွေ တပ်ဖို့ဖြစ်လာကော ဒါတွေကို ပန်းချီဆွဲကျွမ်းကျင်တဲ့ မော်ကျွန်းသားကြီး ကိုကျော်လှဖုန်းက သေချာအချိန်ယူ ဆွဲပေးတော့တာပဲ၊ ဒါတွေကတော့ ဌာနချုပ်မှာ “ပြည်သူတွေကောင်းစားဖို့၊ ကျောင်းသားတို့ လာပြီ” ဆိုတာနဲ့ တိုင်းရုံးမှာတော့ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးတွေ ရေးဆွဲပြီးတင်ထားလိုက်တာ အတော်ကို ခန့်ခန့်ငြားငြားပါပဲ။

ဒီနေရာမှာ တခုရှိတာက ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ဆောင်ပုဒ်က လူ့ဘောင်သစ်က အရင် စရေးခဲ့၊ ဆိုခဲ့တာ အဲဒီအချိန်က စစ်အစိုးရ ဆောင်ပုဒ်ကလည်း တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့ဟာ။ အဲဒီလို ဖြစ်နေတော့ ထောက်လှမ်းရေးကလည်း သိပ်ကြည်လင်ပုံတော့ မရပါဘူး။ ဒါပေမယ့် နိုင်ငံရေး ပါတီတခုရဲ့ ဆောင်ပုဒ်ဆိုတော့လည်း ပြောရမှာ ခပ်ခက်ခက်နေမယ်။

အဲဒီတော့ ဒီဆောင်ပုဒ်တွေသုံးပြီး ဟောပြောပွဲတွေမှာ နိဒါန်းပျိုးရတော့တာပေါ့၊ ဒီလိုမပျိုးခင် ကြိုတင်ပြီး အခမ်းအနားမှူး လုပ်ရမယ့်သူက စာကြမ်းပြင်ဆင် ရေးရေးထားရတယ်၊ ဟောတဲ့ ပြောတဲ့သူကြတော့လည်း သူ့ဟာနဲ့သူပေါ့၊ ကြည့်ကျက်သာ ဟောပေတော့ပေါ့ အရှိန်လွန်သွားလည်း ကိုယ့်ဘာသာခံ ကိုယ့်လူဆိုတဲ့ အထာနဲ့။

ဒီလိုအခမ်းအနားတွေ လုပ်ရမယ်ဆိုရင် ကော်မတီ(၈)ဦးထဲက တဦးက အခမ်းအနားမှူးလုပ်၊ နောက်တဦးက ဟောသူပြောသူလုပ် ၊ ကျန်တာက ဌာနချုပ်က တယောက်၊ အခြားပညာရှင်တယောက် မြို့နယ်ကတယောက် အဲဒီလိုရှိကြတာ။ တရက်တော့ ဘယ်အခမ်းအနားလဲ မသိပါဘူး၊ အောင်ဖေက အခမ်းအနားမှူး လုပ်ရမယ်ဆိုတော့ စာကြမ်းရေးရတော့တာပေါ့၊ အဲဒီစာကြမ်းကို ကိုအေးမြင့်ရယ်လေ အားအားယားယား လာဖတ်ကြည့်ပြီးတော့ သူပြောသွားပုံကိုက။

“ဟေ့ကောင်အောင်ဖေ၊ မင်းစာရေးတာလည်းကြည့်ရေးဦး၊ ပြည်သူတွေကောင်းစားဖို့ ကျောင်းသားတို့လာပြီ ဆိုတဲ့နေရာမှာ ကောင်း ဆိုတဲ့စာလုံးကို သေချာရေးဟ၊ မင်းလက်ရေးက အလယ်ကအသတ်က ရှည်နေတယ် ပြဿနာတက်မယ်” တဲ့။

သူအဲဒီလိုပြောတော့ ပထမလူတွေကြောင်သွားကြတယ်၊ ဘာပါလိမ့်ပေါ့၊ နောက်မှ စဉ်းစားမိကြပြီး ဝါးကနဲ ရယ်ကြ ရတော့တယ်၊ ဟုတ်တယ်လေ “ကောင်းစားဖို့” မဟုတ်တော့ဘဲ  “ရောင်းစားဖို့” ဆိုတဲ့သဘော ပေါက်သွားတာကိုး၊ ရွှေညာဏ်တော် စူးရောက်ပုံများ။

အောင်ဖေတို့ရန်ကုန်တိုင်းရုံးမှာ အခြေခံပညာကျောင်းသားများ သမဂ္ဂ(ရန်ကုန်တိုင်း)က ရဲဘော်တွေကလည်း အခြေစိုက်ကြတယ်၊ လူ့ဘောင်သစ်လှုပ်ရှားမှုတွေမှာလည်း သူတို့ဝိုင်းကူကြတော့ အတော်တော့ အင်အား တောင့်တယ်လို့ ပြောရမယ်။ အမျိုးသမီးအင်အားကလည်း မနည်းဘူး၊ မရှိဘူးဆို (၁၅)ယောက်လောက်ကတော့ လှုပ်ရှားမှုတိုင်းမှာပါတယ်၊ တရက်တော့ ဘယ်မြို့နယ်ကလည်းမသိ ရဲဘော်ငယ်ငယ်တယောက် ရုံးရောက်လာတယ်၊ ကျန်တဲ့သူတွေက အမြဲသွားလာနေကြဆိုတော့ အပေါင်းအသင်းတွေတွေ့ နုတ်ဆက်ပြီး စကားစမြည် ပြောနေကြတော့ သူလည်းပျင်းလာတယ်နဲ့ တူပါတယ်၊ ရုံးခန်းအပြင်ထွက်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ ပါတီဆိုင်းဘတ်ကို တချက်မော့ကြည့်တယ် တိုးတိုးလေး ဖတ်နေတယ်၊ သူ့မနီးမနားမှာ ရပ်နေတဲ့ အောင်ဖေကတော့ ကြားတာပေါ့လေ၊ ပြီးတော့ ထောင်ထားတဲ့ ဆောင်ပုဒ် ဆိုင်းဘုတ်ကြီးကို သူအားရပါးရ ဖတ်လိုက်တာက။

“ပြည်သူသားအမိ၊ ပြည်သူသားအဖ” တဲ့၊ ကြည့်လုပ်ပုံ အမှတ်တမဲ့ ဖတ်လိုက်တော့ ဖြစ်သွားပုံများ၊ အဲဒီလို ချော်တောငေါ့တာတွေကတော့ ပြောရမယ်ဆိုရင် အများကြီးပေါ့။

(၂)

လူ့ဘောင်သစ်ဆိုတာ လူငယ်ကျောင်းသားတွေနဲ့ စုဖွဲ့ထားခဲ့ရတာဆိုတော့ ဘာရန်ပုံငွေမှ ရှိတာမဟုတ်ဘူးလေ၊ ဒါကြောင့် ရန်ပုံငွေရှာပွဲအနေနဲ့ ရေခဲမုန့်ရောင်း၊ မုန့်ဟင်းခါးရောင်းနဲ့ ပါတီရန်ပုံငွေ ရှာကြရတယ်၊ အဲဒီလိုရှာတယ် ဆိုတာမှာလည်း ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားစတဲ့ ရန်ကုန်မြို့လယ်ကောင်က စီးပွားရေး အကွက်အကွင်း ကျတဲ့နေရာတွေမှာ ဈေးဆိုင်ခန်းတွေကို ကြိုတင်လက်မှတ်ရောင်း၊ ညနေ၆နာရီခွဲ ၇နာရီလောက် ကြတော့မှ ဌားလာတဲ့ ခုံတွေ၊ စားပွဲတွေခင်း၊ မှာထားတဲ့ ရေခဲမုန့်သွားယူ၊ လက်မှတ် ဝယ်ထားတဲ့ သူတွေကလာစား ဒါမှမဟုတ် ဖြတ်သွားဖြတ်လာတဲ့သူတွေက ဘာလုပ်နေကြတာလဲ မေးရင်၊ ကျနော်တို့ လူ့ဘောင်သစ် ကျောင်းသားပါတီ ကပါ၊ ရန်ပုံငွေပွဲအဖြစ် ရေခဲမုန့်ရောင်းနေတာပါ၊ ဝင်ပြီးအားပေးပါဦး ဘာညာပြောတော့ မေးမိတဲ့သူကလည်း အာားပေးရင်ပေး တခုခုစိုးရိမ်လို့ အားမပေးရဲရင်လည်း ရန်ပုံငွေအဖြစ် အလှူခံထည့်လည်း ရပါတယ်ဘာညာနဲ့ အလှူခံတော့တာပါပဲ၊ အဲဒီကြတော့ လူတွေကလည်း ကျောင်းသား လူငယ်တွေဆိုတာသိတော့ အားနာပါးနာ တနည်းမဟုတ်တနည်း အားပေးကြတာများတယ်။

တခါတော့ လသာမြို့နယ်ထဲမှာ ထင်ပါရဲ့၊ ရန်ပုံငွေပွဲရောင်းချမယ်ဆိုပြီး မဝတကို ခွင့်ပြုစာ တင်ထားတယ်၊ မဝတကလည်း ခွင့်ပြုပြီးသား ဆိုင်တွေလည်းခင်းကျင်းပြီး အဆင်သင့်ဖြစ်နေပြီ လူတွေကလည်းဝင်ထိုင်ပြီး အားပေးစားသောက်ကြတော့မယ့် အခြေအနေရောက်နေပြီ ဆိုပါတော့၊ အဲဒီမှာ ထောက်လှမ်းရေးက လာပြသနာရှာတော့တာပဲ၊ ဘယ်သူခွင့်ပြုလဲ၊ ဘာလုပ်မှာလဲ၊ ဘာလို့ဆောင်းဘောက် အသံကျယ်ကြီးဖွင့်သလဲ စတာတွေပေါ့လေ။

အမှန်က သူတို့ရစ်ချင်တာက အောင်ဖေတို့ဖွင့်ထားတဲ့ ဆောင်းဘောက်က လာနေတဲ့သီချင်းတွေကို လူတွေ မကြားစေချင်တာ၊ သီချင်းဆိုတာက

“ကျောင်းသား သပိတ်ဆိုတာ၊ အခုမှစခဲ့တာ မဟုတ်ပါ၊ သမိုင်းအစဉ်လာ ကြီးမားခဲ့ပါတယ်နော်၊ တိုင်းပြည်မှာ အရေးပေါ် သူတို့ပါကြ အမြဲထင်ပေါ်…..”

“ ဗကသများအဖွဲ့ချုပ် ဦးဆောင်၊ အောင်ပွဲဆက်ဆက်ခံဦးမည်….”

“အာဏာရှင်ရဲ့ ပစ်မိန့်ပေးတဲ့ မောင်းပြန်သေနတ်သံတွေကြား၊ ပြည်သူတွေရဲ့ ဟစ်ကြွေးသံ မိုးယံမှာလွင့်နေ၊ နိုင်ငံတော်ကို အသစ်မွေးဖွားရန် သမိုင်းဟာ လိုလားနေပြီလေ၊ နိုင်ငံတော် လူသတ်မှုတွေ ရုံးတင် စစ်ဆေးပေး…..”

စတဲ့ ဒီမိုကရေစီ သီချင်းတွေအပါအဝင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတချို့ တပိုင်းတစပါတဲ့ အခွေကိုပဲ ထပ်တလဲလဲဖွင့်တာဆိုတော့ မကြားဖူးတဲ့ပြည်သူတွေ လူငယ်လူရွယ်တွေက စိတ်ဝင်တစားဖြစ်လာပြီး၊ တက်ကြွတဲ့ကြက်ဖတို့ ဘာတို့ဖြစ်ကာ ပါတီဝင်မယ် ဘာညာတွေ ဖြစ်သလို၊ ဖြတ်သွားဖြတ်လာတွေကလည်း သဘောပေါက်ပြီး အလှူငွေ လာထည့်သွားတာတို့ အဲဒါမျိုးတွေ ရှိတာကိုး။

ဒါကိုသူတို့ကြည့်မရတာ ဒါကြောင့် ရန်ပုံငွေရောင်းပွဲကို ဒီနေရာမှာ မရောင်းရဘူး လုပ်ပါလေကော။ အဲဒီတော့ အောင်ဖေတို့ကမေးတယ် “ခင်ဗျားတို့ ဒီနေရာမှာ မရောင်းရဘူးဆိုတာ သေချာသလား” ပေါ့၊ သေချာတယ်တဲ့ ဘသားချောတွေက အိုကေလေ ဒါဆို ဒီနေရာ မရောင်းရရင် ကျနော်တို့ကလည်း လက်မှတ်တွေ ရောင်းပြီးသားဆိုတော့ ဝယ်ထားတဲ့ သူတွေဆီပဲ လိုက်ရောင်းပေးလိုက်တော့မယ် ဆိုတော့ ကိုရွှေထောက်လှမ်းရေးများ သဘောကျသွားပြီး “အေးအေး အဲဒီလို လုပ်ကြပါကွ ညီလေးတို့ရ” တဲ့။

ဒါနဲ့ဘာရမလဲ အောင်ဖေတို့က ရှိသမျှ လှည်းတွေ ကားတွေပေါ်ကို ပစ္စည်းတွေတင် လူတွေက အော်လံတွေ၊ ဒါမှမဟုတ် လက်ခုပ်တွေ အုပ်ပြီး၊ တလမ်းဝင် တလမ်းထွက်နဲ့။

“မိဘပြည်သူ အပေါင်းတို့ခင်ဗျား၊ ကျနော်တို့ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ မွေးဖွားသန့်စင် လာခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်များ ဖြစ်ကြပါတယ်၊   ကျနော်တို့ပါတီရဲ့ ရန်ပုံငွေ ဈေးရောင်းချပွဲကို အာဏာပိုင်များက တရားဝင်ခွင့်ပြုပြီးမှ ယခုညနေမှာ ပိတ်ပင်ခံလိုက် ရတာကြောင့် ပါတီရန်ပုံငွေအတွက် လက်မှတ်ဝယ်ထားကြသူများ ဖြစ်ကြတဲ့ မိဘပြည်သူတွေထံ သူများတွေလို အစဉ်အဆက် (အစိုးရကို စောင်းပြောတာ) မလိမ်မညာဘဲ ကျနော်တို့လိုက်လံ ရောင်းချရခြင်းဖြစ်ပါတယ်၊ အဲဒီတော့ လက်မှတ်ဝယ်ထားသူများ ဒါမှမဟုတ် ကျနော်တို့ လူငယ်ကျောင်းသားပါတီ ရန်ပုံငွေပွဲအတွက် လှူဒါန်း လိုသူများလည်း လာရောက်စားသုံး ပေးဝေလှူဒါန်း နိုင်ပါတယ်ခင်ဗျား”

ဘာညာနဲ့ အဲဒီလိုတွေ တလမ်းဝင် တလမ်းထွက် တရားဟောသလိုလို လှုံ့ဆော်သလိုလို လျှောက်အော်တော့ လမ်းအသီးသီးက လူတွေကလည်း စိတ်ဝင်တစားနဲ့ ရေခဲမုန့်စားသူစား အလှူငွေထည့်သူထည့်နဲ့ ပွဲကို အတော်စည်သွားတော့တာပဲ၊ ဒီတော့ ထောက်လှမ်းရေးတွေလည်း ဘာလုပ်ရမှန်းမသိ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်ပြီး နောက်ဆုံး (၁၀)လမ်းကျော်လောက် အဲဒီလိုတွေ လျှောက်အော် လျှောက်ပြောဆိုတော့ မဖြစ်တော့ချေဘူးဆိုပြီး။

“ဟေ့ကောင်တွေ မင်းတို့ရပ်မလား မရပ်ဘူးလား၊ မရပ်ရင် ငါတို့တာဝန်အရ အရေးယူရတော့မယ်” ဘာညာနဲ့ လာခြောက်တော့တာပဲ၊ အောင်ဖေတို့ကလည်း “ဟာခင်ဗျားတို့ လူကြီးက လူကြီးစကားပြော ဟိုမှာ မရောင်းရဘူး ဆိုလို့ ကျုပ်တို့ လက်မှတ်ဝယ်ထားသူတွေဆီ သွားရောင်းမယ်ပြောတယ်၊ ခင်ဗျားတို့လက်ခံတယ် အခုမလုပ်ရဘူး ထပ်ပြောတယ်၊ ခင်ဗျားတို့က ဘာတွေလဲဗျ” ဘာညာနဲ့ ပြန်ရစ်တော့တာပေါ့။

အဲဒီလိုကြတော့ ရပ်ကြည့်နေတဲ့ လူတွေဆီက တီးတိုးတီးတိုး သဖန်းပိုးသံကြားတော့ ဟိုငနဲတွေလည်း လန့်တာရော ပါမယ်ထင်ပါရဲ့ စိတ်တွေညစ်ကုန်ပြီး၊ “မလုပ်ကြပါနဲ့ ညီလေး ညီမလေးတို့ရာ အကိုတို့လည်း အထက်ကခိုင်းလို့ လုပ်ရတာပါ” နဲ့ ပြန်ချော့လာပြန်ရော၊ အဲဒီတော့ “ဒါဆိုနောက်ဆုံး ၂လမ်းပဲ ကျနော်တို့ရောင်းလိုက်တော့မယ် ပြီးရင်ရပ်မယ် အိုကေလား” ပေါ့၊ အောင်မယ်မောင်မင်းကြီးသားတွေ မျက်နှာတွေကို ဝင်းသွားပြီး “အေးအေး မြန်မြန်တော့ လုပ်ကြကွာ” ဆိုပြီး လိုက်လျောလိုက်ပါလေရော၊ အမှန်က အောင်ဖေတို့ နယ်နိမိတ် သတ်မှတ်ပြီး လက်မှတ်ရောင်းထားတာက ဒီ၂လမ်းပြီးရင် ပြီးပြီ၊ ဒါကိုသူတို့က မသိဘူး၊ ဒီအတွက် အဲဒီလိုဈေးဆစ်တာ အဆင်ကိုပြေသွားပါလေကော၊ သိတဲ့အတိုင်း လသာတို့ ပန်းဘဲတန်းတို့က လမ်းအများကြီး ရှိတာမဟုတ်ဘူးလေ၊ ဒါကိုသူတို့ သတိမထားမိဘဲ လသာကိုကျော်သွားပြီး ပန်းဘဲတန်းပါ ပါမယ်မှတ်ပြီး မျက်စိမျက်နှာပျက်နဲ့ လိုက်တားရရှာတာကိုး။ ဒီလို အော်လံနဲ့ လိုက်အော်တဲ့အထဲမှာ ရှေ့ဆုံးက အသံကျယ်ကျယ်နဲ့ အော်ခဲ့တာက သခင်ကြပ်ခိုးလို့ အောင်ဖေတို့ နာမည်ပေးထားတဲ့ “ကိုဝင်းခိုင်” ကမာရွတ်က ထင်ပါရဲ့။

တရက်တော့ နေရှင်းသတင်းစာမှာလားမသိ ပွဲတခုခုမှာ အသံဗြဲကြီးနဲ့အော်နေတဲ့ သူ့ပုံကြီးပါလာလို့ဆိုပြီး ထောက်လှမ်းရေးက သူ့ကိုဖမ်းပါလေကော၊ တပတ်လောက် ကြာမယ်ထင်ပါတယ်၊ အဲဒီမှာ “မင်းဘာလို့ ဓါတ်ပုံအရိုက်ခံလဲ” ပေါ့၊ “ဟာသူတို့ရိုက်တာ ကျုပ်ဘယ်သိမလဲဗျ” ဘာညာနဲ့ဖြေတော့ သူ့ကိုပြဿနာ ရှာမရတော့၊ “မင်းက အသံ အတော်အောင်တာပဲကွ ရန်ပုံငွေရောင်းတဲ့ပွဲမှာလည်း မင်းအသံကြီးပဲ ပြန်အော် ပြစမ်းပါဦး” ဘာညာ ပြောပြီး၊ တခါအော်ခိုင်း တခါရိုက်နဲ့ ကိုဝင်းခိုင်လည်း ရန်ကုန်တိုင်း တတိုင်းလုံးပတ်ပြီး ရန်ပုံငွေ ရှာလိုက်ရပါရောလား၊ အဲဒီအချိန်က ရန်ကုန်တိုင်းက မြို့နယ်(၄၀)ကျော်ရှိပြီကိုး။ ပြန်လွတ်လာတဲ့ နောက်ပိုင်း အော်စရာရှိရင် သူ့ကို တမင်တကာ သွားသွားစပြီးပြောရင် “ငါမအော်သေးဘူးကွာ အသံ နာနေသေးတယ်ကွ” နဲ့ ငြင်းတော့တာပါပဲ။

(၃)

လူ့ဘောင်သစ်ရဲ့ ရွေးကောက်ပွဲ သင်္ကေတက မီးပြတိုက်ဆိုတော့၊ “ အမှောင်ခွင်းရဲ့ အလင်းဆောင်မည်” တို့၊ ကဗျာတိုလေးတို့တွေနဲ့ မဲဆွယ်စာတန်းတွေ၊ လက်ကမ်းကြော်ငြာတွေလည်း လုပ်ကြရတယ်။ ရန်ကုန်တိုင်းထဲက ၄မြို့နယ်ကိုတော့ ပတ်ပြီးစည်းရုံးရေး ဆင်းရတာပေါ့လေ၊ ဒီလိုစည်းရုံးရေးဆင်းဖို့အတွက် ကော်မတီဝင်တွေကို ခွဲတမ်းချတော့ အောင်ဖေက ကိုမြင့်ဇော်နဲ့အတူ မရမ်းကုန်းမြို့နယ်မှာ တာဝန်ကျတယ်၊ ဆိုလိုတာက ၆၂ ကျောင်းသားဟောင်း ဦးလှဝေက အဲဒီမြို့နယ်မှာ ဝင်ပြိုင်မှာဆိုတော့ သူ့အတွက် မဲဆွယ်စည်းရုံးရေး ဆင်းရ တော့တာပေါ့လေ။ ခက်တာက ကားကလည်း ဦးဖေသိန်းတို့အိမ်က ပေးသုံးထားတဲ့ ပတ်ဗလစ်ကာကား အသေးလေး တစီးပဲရှိတယ်၊ ဒါကို အန်ကယ် ဦးဖေသိန်းသား ကိုမော်က ဒိုင်ခံမောင်းပြီး တနေကုန်တနေခန်း မြို့နယ်(၄)မြို့နယ်ကို အလှည့်ကျပတ်ရတာပေါ့လေ၊ နောက်ပိုင်းတော့ တချို့မြို့နယ်တွေမှာ အဆင်ပြေသလို ဖန်တီးကြတာတွေလည်း ရှိပါရဲ့။

ဆိုခဲ့တဲ့အတိုင်း ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်စည်းရုံးရေး အပိုင်းတွေ လုပ်လာရတဲ့အခါကြတော့ အခမ်းအနားအချို့မှာ အောင်ဖေက အခမ်းအနားမှူး လုပ်တဲ့အခါ တချို့တွေကနောက်တယ်။ အထူးသဖြင့်တော့ ကိုအေးမြင့်။

“ဟေ့ကောင်အောင်ဖေ မင်းအခမ်းအနားစဖွင့်ရင် တိုင်းရင်းသား လေသံလေးနဲ့ ဒီလိုပြောကွ” အဟုတ်မှတ်လို့ ဘယ်လိုတုန်းဗျပေါ့လေ။ အဲဒီတော့ သူကအသံလေးကိုဝဲပြီး မကြားတကြားနဲ့ သဘာပတိနဲ့ မိဘပြည်သူတွေကို ဖိတ်တဲ့စတိုင်၊ အသံကိုဘယ်လိုဝဲပြီး၊ ဘယ်လိုပြောမှန်း သေချာ သဘောမပေါက်လို့ ၂ခါ၃ခါလောက်ပြောခိုင်းမှ သဘောပေါက်တယ်။ သူပြောတာက။

“ဘာမသိညာမသိကြီးနဲ့တကွ ကျွဲရောင်းလာကြတဲ့ မိဘပြည်သူအပေါင်းတို့ခင်ဗျား” ပေါ့လေ၊ လူတွေက နောက်တောက်တောက်တွေ များတယ်၊ တခါတော့ အစည်းအဝေးတရက်မှာ ကိုမြင့်ဇော်ကပြောတယ်၊ နောက်ပွဲကြရင် မိုက်၂လုံးရှာထားပေးရမယ်ကွ၊ ဘာလို့လဲဗျပေါ့လေ ကျန်တဲ့ လူတွေကမေးတယ်၊ အဲဒီမှာ သူကခပ်တည်တည် ပြောတာက အောင်ဖေ့အတွက် တလုံးလိုတယ်ကွတဲ့၊ ပထမတော့ သဘောမပေါက်ဘူး၊ နောက်မှ သူဆက်ပြောမှ အားလုံးပွဲကျသွားကြတယ်။

“ငါကြည့်ကြည့်နေတယ်၊ သူ့အရပ် ခွေးပစ်တဲ့တုတ်လောက်နဲ့ သူများတွေ ပြောပြီးသွားရင် ဒီအတိုင်း အသံကျယ်ကျယ် မော့ပြောမယ် မစဉ်းစားဘူး မိုက်ကိုပြန်ပြန် ဆွဲဆွဲချနေတာနဲ့ပဲ လူတွေက သူ့သဘောကျပြီး ကျန်တဲ့သူ ဘာပြောတယ် မသိတော့ဘူး၊ သူပြောမယ့်အချိန်ပဲ ရီဖို့စောင့်နေတော့တယ်၊ ခွီးပဲ” တဲ့၊ အဲ လုပ်ပုံ သူများကို မှိုချိုးမျှစ်ချိုး။

တခါလည်း အောင်ဖေတို့ ရန်ကင်းမြို့နယ်ထဲက ရပ်ကွက်တခုမှာ ဟောပြောပွဲ လုပ်ကြပါလေကော အစီအစဉ် တဝက်လောက်ရောက်တော့ မိုးဖွားလေးတွေက စကျချင်လာပြီ၊ လူတွေက ကျောင်းသားလေးတွေ မဲဆွယ် တရားဟောမယ်ဆိုတော့ မေတ္တာစိတ်နဲ့ လာအားပေးကြတာပေါ့၊ မိုးကခပ်ကျဲကျဲ တဖွဲဖွဲလေးကနေ နည်းနည်း စိတ်ချင်လာပုံရတယ်၊ အဲဒီတော့ လူတွေ ထပြန်ကြတော့မယ့်ပုံ ပေါက်နေတော့၊ အောင်ဖေခပ်တည်တည်နဲ့ ပထမလူပြောလို့ပြီးခါနီးမှာ စာတကြောင်း ကောက်ရေးလိုက်တယ်၊ ပြီးတော့ ဟောနေသူအပြီး လက်ခုပ်သံတွေ အထွက်လာမှာ ရုတ်တရက်။

“မိဘပြည်သူအပေါင်းတို့ခင်ဗျား” လို့ စကားစလိုက်တော့ လူတွေလည်း ဘာများလဲပေါ့လေ၊ ကြားဖြတ် အစီအစဉ်များလား ဘာလားမသိ၊ ခါတိုင်းဆို “အခမ်းအနား အစီအစဉ် (၁)အပြီးမှာ” ဆိုပြီးပြောလေ့ ရှိကြတာကိုး၊ ဒါကြောင့် ထပြန်မယ့်ပုံ ပေါက်နေသူတွေလည်း နားစွင့်သွားတယ်၊ အဲဒီကြတော့မှ။ “ကျနော်တို့တွေဟာ၊ မိဘပြည်သူတွေရဲ့  ရင်နှစ်သည်းခြာ သားသမီးရတနာတွေပဲ ဖြစ်ကြပါတယ်” အဲဒီလို အစီအစဉ်မှာ မပါလာတဲ့ မဆိုင်တာတွေ စပြောတော့ အမတ်လောင်းကအစ လှမ်းကြည့်တယ်၊ ပွဲပဲ ဒီကောင်ဘာပြဿနာ ရှာပြီလဲ မသိပေါ့လေ၊ နောက်ဆက်ဟောမယ့်သူကလည်း မိုးရွာလို့ လူတွေပြန်ကြတော့မယ့်အထဲ သေနာလေး အာချောင်နေပြန်ပြီ ဆိုတဲ့အထာနဲ့ မျက်စောင်းတထိုးထိုးပေါ့၊ အောင်ဖေကဆက်ပြီး “အဲဒီအတွက် ကျနော်တို့တွေဟာ မိဘပြည်သူတွေအတွက်ဆိုရင် နေပူတာကိုလည်း မီးလောင်တာလို့ မသတ်မှတ်သလို” အောင်ဖေတချက်ရပ်လိုက်တော့၊ အလဲ့ ကောင်လေးက အတော်လာသား ဆိုတဲ့အထာနဲ့ လူတွေက နည်းနည်းပြုံးသွားတယ်၊ ဒါကိုကြည့်ပြီးတော့မှ အောင်ဖေလည်း ဂွင်ဝင်ပြီဆိုပြီး “မိုးရွာတာကိုလည်း၊ ကျည်ဆန်မှန်တယ်လို့ အမှတ်မထားဘဲ ပေးဆပ်သွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အစီအစဉ် (၂)အရ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူ့ဘောင်သစ်ဒီမိုက်ရက်တစ်ပါတီ၊ ရန်ကုန်တိုင်းရဲ့……….. ဟောပြောမယ့် အစီအစဉ်ဖြစ်ပါတယ်ခင်ဗျား” ဆိုပြီး ကြော်ငြာလိုက်တော့ လူတွေအားလုံး အောင့်သီးအောက်သက်နဲ့ ပြန်ထိုင်ပြီး နားထောင်လိုက်ရပါလေကော။ မိုးက ဆက်မသည်းပေမယ့် တဖွဲဖွဲနဲ့ အတော်စိတ်စိတ်လေး ဆက်ရွာသွားခဲ့တာဆိုတော့ လူတွေလည်း မိုးမိကုန်တယ် ဆိုရမှာပေါ့။

ပွဲပြီးမှ လူတွေကြားထဲ သွားထိုင်ပြီး မသိမသာ အကဲခတ်တဲ့ ရဲဘော်တယောက်က ပြန်ပြောတာက။

အဖွားကြီးတယောက်က ပြန်တော့မယ့်ဆဲဆဲ အောင်ဖေ ကြော်ငြာတာကြားတော့ ဘေးကအဒေါ်ကြီးကို ပြောတယ်တဲ့။ “ အဲဒီအကောင် သေးသေးလေးက ငါတို့ကို အအေးပတ် သေစေချင်နေသလား မသိပါဘူး အေ”တဲ့၊ မှတ်ချက်ပြောပါတယ်။ အဲဒီလို ပေါက်မြောက်ပုံများ။

မေလ(၂၄)လောက်ထင်ပါရဲ့၊ အောင်ဖေတာဝန်ကျတဲ့ ကမာရွတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲလုပ်ဖို့ ပြင်ဆင်ထားကြတယ်၊ ညနေ(၄)နာရီ (၅)နာရီလောက် စကြတာ၊ အဲဒီမှာ အောင်ဖေက ထုံးစံအတိုင်း အခမ်းအနားမှူး လုပ်ရတာပေါ့၊

ဟောတဲ့ပြောတဲ့သူတွေဖြစ်တဲ့ အမတ်လောင်း ဦးလှဝေကလည်း အတော်လေးကို လူတွေ စိတ်ဝင်တစား ဖြစ်အောင်ဟောသွားတယ်၊ သူက ၁၉၆၂ ကျောင်းသားဟောင်းဆိုတော့ မဆလအကြောင်း ကောင်းကောင်း သိတာပေါ့၊ အဲဒီပွဲမှာ ရန်ကင်းမြို့နယ်က ဒုဥက္ကဌ ကိုအောင်မြင့်ကိုလည်း ဟောဖို့ထဲ ထည့်ထားတယ်၊ အောင်ဖေဆိုတဲ့ကောင်ကတော့ ဘယ်နေရာမှာမှသာ တရားမဟောတာ၊ အခမ်းအနားမှူးလုပ်ပြီး အစီအစဉ် တခုနဲ့ တခုအကြား ကြားဖူးနားဝတွေကို ဖြည့်စွက်ပြီး တောင်ပြောမြောက်ပြော လျှောက်လျှောက် စကားဦး ခင်းတာနဲ့တင် သူများ၁၀မိနစ်ဟောရင် အောင်ဖေပြောတာကလည်း ၁၀မိနစ်ထက်တော့ မလျှော့လောက်ဘူး၊ ဒါက လူ့ဘောင်သစ်က မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ စတိုင်သစ်ကိုး။

အဲဒီပွဲက အတော်တော့ကြမ်းတယ် ထင်ပါရဲ့ ၊ ပွဲပြီးတော့ ထောက်လှမ်းရေးတယောက်က အောင်ဖေ့ လာမေးတယ်၊ ညီလေး ဟောပြောတဲ့သူတွေ နာမည်လေး တဆိတ်လောက် ရမလားတဲ့၊ မရဘူး ပြောလို့ကလည်း မဖြစ်၊ ကိုယ်ကလည်း နိုင်ငံရေးပါတီက ဟောပြောပွဲ လုပ်တာဆိုတော့ ဘာဖြစ်လဲ သိပ်တော့လန့်နေစရာ မလိုဘူးပေါ့လေ အားတင်းထားတယ်။

အဲဒီတော့ အမှန်အတိုင်းပဲ ပြောတာပေါ့၊ ကျုပ်အစီအစဉ်အရ ၁ ဟောတာက ဘယ်မြို့နယ်က တိုင်းမှာဘာတာဝန်၊ ၂ဟောတာက ဌာနချုပ်က ဘယ်သူ စသဖြင့်ပေါ့လေ နာမည်တွေ အတိအကျ ပြောပစ်လိုက်တယ်၊ အားလုံးပြီးတော့ ညီလေးနာမည်ကကောတဲ့၊ အော အခမ်းအနားမှူး လုပ်တဲ့သူပါ ရန်လာရှာပြန်ပြီပေါ့၊ ဒါနဲ့ ခပ်နောက်နောက်ပဲ ပြောလိုက်တယ်၊ “မင်းချစ်သူ” လို့။

ညကြတော့ အောင်ဖေတို့ တိုင်းရုံးမှာပဲ ခဏနားနေကြတာပေါ့၊ အဲဒါညဘက် ၁၀နာရီလောက်ထင်ပါရဲ့ ထောက်လှမ်းရေးတွေ ရောက်လာကော၊ အကိုတို့ ကိစ္စရှိလို့ပါ ညီလေးတို့ဆီက မင်းချစ်သူ ဆိုတာရှိလားပေါ့၊ လူတွေက အောင်ဖေကိုလှမ်းကြည့်တယ်၊ သိနေတယ်လေ ညနေကပဲ ကမာရွတ်မှာ ပွဲလုပ်လာတာဆိုတော့။ ဒါနဲ့အောင်ဖေက သူကကော့မှူးမှာ နေတာဗျ  “အခု ညနေပဲ သူတန်းပြန်သွားတယ်၊ ကိစ္စရှိလို့လား ဘာလားမသိဗျ” လို့ ပြောထည့်လိုက်ကော။

အဲဒီမှာ ဒီလူတွေ လေသွားပုံရတယ်၊ ကော့မှူးဆိုရင် ဆက်လိုက်ရမှာ မိုးချုပ်နေပြီ ဆိုတဲ့အထာနဲ့၊ ကြည့်ရတာ ထောက်လှမ်းရေး ဆိုတာကလည်း နယ်မြေချင်းက မတူဘူးလေ၊ ကမာရွတ်က လိုက်ခိုင်းလို့ ဒီနယ်မြေက ဘဲတွေက လာမေးရပုံရပါတယ်၊ အဲဒီမှာ သူတို့အုပ်စုထဲက တယောက်က ကောက်ချက်ချလိုက်တယ်၊ ဘာတဲ့။

“ထားလိုက်တာပေါ့ကွာ၊ သူ့နာမည်က မဆိုးလောက်ပါဘူး၊ အခမ်းအနားမှူးလုပ်တာပဲ ရှိတဲ့ဟာ” တဲ့။ ပြီးတော့ ပြန်သွားကြကော။

အောင်ဖေတို့လည်း စဉ်းစားတယ်၊ ဘာလဲဟ နာမည်မဆိုးဘူးဆိုတာ၊ အားပါး နောက်မှ သတိထားမိတယ်၊ သူများတွေက မင်းကိုနိုင် တို့၊ စစ်ကိုနိုင် တို့၊ မင်းနိုင်သူ တို့၊ စစ်နိုင်သူ တို့ အဲဒီလို နာမည်တွေ ပေးလေ့ရှိကြတာမှာ အောင်ဖေပြောခဲ့တဲ့ နာမည်က မင်းချစ်သူ ဆိုတော့ သူတို့ရန်သူလို့ မသတ်မှတ်တော့ပဲ မင်းကိုချစ်တဲ့သူဆိုရင် မဆိုးပါဘူးလို့ ကောက်ချက်ချသွားလာမသိပါဘူး။

အမှန်တော့ အောင်ဖေက စိုးသူတို့၊ ကျော်သူတို့ ဘာသူ၊ ညာသူ ခေတ်စားနေတဲ့ အချိန်မှာ နောက်တောက်တောက်နဲ့ လှတပတဆိုပြီး မင်းချစ်သူဆိုပြီး “သူ” ထည့်လိုက်တာ၊ ထောက်လှမ်းရေး မျက်စိလည်သွား ရှာတော့တာကိုး။ အမှန်ဆို နယ်မြေခံ ထောက်လှမ်းရေးတွေက အောင်ဖေတို့ အားလုံးကို သိပြီးသားလေ ကမာရွတ်ကတော့ မသိလိုက်ဘူး ထင်ပါရဲ့။

နောက်ရက်ကြတော့ ကိုအောင်မြင့်နဲ့ ဦးလှဝေကို အဲဒီညကပဲ ထောက်လှမ်းရေးက ဖမ်းသွားတယ်ဆိုတာ သိကြပါလေကော။

ရွေးကောက်ပွဲနေ့ရောက်တော့ မနက်အစောကြီးထပြီး တိုင်းရုံးမှာလူစု မြို့နယ် ၄မြို့နယ်ကို အလှည့်ကျပတ် အခြေအနေ ကြည့်ပေါ့လေ၊ အဲဒီနေ့က ၁၉၉၀ခုနှစ် မေလ (၂၇)ရက်။

အောင်ဖေတို့ လူ့ဘောင်သစ်နဲ့ အကသတွေက ကားလေးတွေအပေါ်မှာ မတ်တပ်လေးတွေရပ်ပြီး ယောင်္ကျားလေးတွေက အောက်က ကချင်ပုဆိုးအစိမ်းကွက်၊ မိန်းကလေးက ယောထမိန်၊ အပေါ်က ကော်လာကတုံးအဖြူပေါ်မှာ ပင်နီတိုက်ပုံလေးတွေဝတ်၊ ရင်ဘတ်မှာ ကြယ်လေးလုံးတွေတပ်၊ အင်္ဂလိပ် လက်ထက်က ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေ ဆောင်းလေ့ရှိခဲ့တဲ့ ခမောက် အဝိုင်းလေးတွေ ဆောင်းထားကြတာကိုး။

အဲဒီတော့ ဖြတ်သွားဖြတ်လာ လုပ်တဲ့အခါတိုင်း မဲရုံကပြန်လာကြသူတွေက ခေါင်းလေးပုတ်ပြပြီး သူတို့ မဲထည့်ခဲ့တဲ့အကြောင်း သင်္ကေတလေးတွေ လုပ်ပြကြတယ်၊ အောင်ဖေတို့ကလည်း လက်ပြ နုတ်ဆက်ပေါ့လေ။

အစပထမတော့ မသိဘူး ငါတို့အမတ်လောင်းကို မဲထည့်တယ်ပဲမှတ်နေတာ၊ ဘယ်ဟုတ်မလဲ လူထုက လူ့ဘောင်သစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီနဲ့ အတူတူပဲမှတ်ပြီး ခေါင်းပုတ်ပုတ် ပြသွားကြတာ၊ NLD ရွေးကောက်ပွဲ သင်္ကေတက ခမောက်အဝိုင်းကြီးကိုး။ မဲတွေရေတော့ နေရာတိုင်း NLD ကြီးပဲ နိုင်တာ၊ အောင်ဖေတို့အမတ်တွေဆို ဒီလောက်သိန်းဂဏန်း နီးပါးရှိတဲ့ မြို့နယ်တွေမှာ မဲအရေအတွက် ထောင်မကျော်သူတောင် ရှိသေး၊ ဒါပေမယ့် အောင်ဖေတို့ ပျော်တာပေါ့လေ၊ တနိုင်ငံလုံး အတိုင်းအတာအရ NLD ကိုဝိုင်းရံကြဆိုပြီး မြို့နယ်အတော်များများမှာ လူ့ဘောင်သစ်ကလည်း လုပ်ခဲ့ကြတာကိုး။

သက်ခိုင်

(၁၇း၅၅)နာရီ

 

(၂၉ .၁၀.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts