ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “ပြန်ဆိုမိတဲ့ တေး”

 
ဆောင်းယွန်းလ – “ပြန်ဆိုမိတဲ့ တေး”
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၄
ကိုယ့်အငွေ့နဲ့ ကိုယ်ပြန်မေ့နေခဲ့ရတဲ့

နေ့တွေချည့်ပဲပေါ့…

ကိုယ့်အကြောင်းနဲ့

ကိုယ်ပြန်မပေါင်းနိုင်ခဲ့တဲ့ နေ့တွေချည့်ပါပဲ…

ကမ္ဘာမြေကို

ကဗျာကောင်းတပုဒ် ရှာဖတ်ရသလိုမျိုး

အေးအေးလူလူ ဖတ်ကြည့်ချင်တယ်…

နေ့ကောင်းရက်မြတ်ဟာ

မရောက်ဖူးသေးတဲ့

လေဟာနယ်တွေရဲ့ တဖက်တချက်ဆီမှာနဲ့

ပုံနှိပ်မထုတ်ဝေရသေးတဲ့

သတင်းစာတစောင်ရဲ့ အချပ်ပိုတရွက်ပေါ်မှာရှိမလား…

ပျော်ရွှင်ခြင်းကို

အိမ်ဦးခန်းမှာ ရှာလို့မတွေ့မိခဲ့သလို

အိမ်ခြေရင်းမှာလည်း ရှာလို့မတွေ့မိခဲ့သေးဘူး…

လျှာပေါ်ပေါက်တယ်ဆိုတဲ့ မြက်တွေကိုပဲ

တယောက်ယောက်က တရက်ရက်မှာ ရိတ်သိမ်းသွားခဲ့ပြီ…

အထိမ်းအမှတ်တွေကိုတော့

သိမ်းတတ်အောင် သိမ်းထားလိုက်တာပဲ ကောင်းမှာပေါ့..

အချိန်တွေက

အချိန်ပြန်ဖြစ်မလာခဲ့တော့သလို

တိမ်တွေကလည်း

တိမ်ပြန်ဖြစ်မလာနိုင်ကြတော့ဘူး…

အဖြစ်အပျက်တွေတဲ့လား

အဖြစ်….အပျက်တွေတဲ့လား….

အဖြစ်ဟာ အပျက်တွေထဲမှာ

ဖြစ်လိုက် ပျက်လိုက်နဲ့..ဖြစ်ပျက်ခဲ့တယ်….

အကြောင်းအရာတွေတဲ့လား
အကြောင်း…အရာတွေတဲ့လား….
အကြောင်းကြောင်းဟာ အရာရာတွေထဲမှာ

ကြောင်းလိုက် ရာလိုက်နဲ့….

မရွေ့တဲ့ နေ့တွေထဲမှာ ပြန်ဆိုတေးတပုဒ်ကို
အပြန်ပြန်ဆိုနေရသလိုပါပဲ
မပြောင်းမလဲတဲ့ အဟောင်းထဲမှာ
အသစ်အသစ်တွေကို ရှာရင်းက
ကိုယ့်သေတွင်းကိုယ် ဖဲ့ဖဲ့ပြီးတူးနေခဲ့ရတယ်….။
 (ဒီဇင်ဘာ ၄ရက်၊ ၂၀၁၄)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts