သရော်စာ

ရန်လိုကျွဲ – ဆွေ့ဆွေ့ခုန်နေသော ဝါရင့်ချိုကုပ်ဒူးကြီး

ရန်လိုကျွဲ –    ဆွေ့ဆွေ့ခုန်နေသော ဝါရင့်ချိုကုပ်ဒူးကြီး
ဒီဇင်ဘာ ၄၊ ၂၀၁၄

ဝါရင့်ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန်နေသည် ဆိုသော သတင်းကြောင့် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်ကြီးသို့ ရောက်ရပြန်လေသည်။
ဂျာနယ်အရှုံးပေါ်သဖြင့် အသုံးစရိတ် ချွေတာရေး မူဝါဒချထားသော အယ်ဒီတာမင်းတို့က ရန်လိုကျွဲနှင့် သတင်းသမားများကို ခရီးမသွားစေချင်။ သို့သော်လည်း ချိုကုပ်ဒူးကြီး လေလည်လျှင်ပင် အထူးသတင်းအဖြစ် ရေးရမည်ဟု ဂျာနယ်တိုက်တွင် မူဝါဒ ချထားပြန်သောကြောင့် ရန်လိုကျွဲကို သွားခွင့်ပြုလေ၏။ ဤသို့ဖြင့် သတင်းသမား ရန်လိုကျွဲ ဒုက္ခသီရိသို့ ရောက်ရပြန်ချေ၏။

ကြားရသည့် သတင်းအတိုင်း ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန်နေသည်ကို တွေ့ရလေ၏။ သတင်းသမားက တရင်းတနှီး နှုတ်ခွန်းဆက်လိုက်သည်။

ရန်လိုကျွဲ။ ။ အဘ ဘာကြောင့် ခုန်နေရတာလဲ။ လေ့ကျင့်ခန်းလုပ်နေတာလား။

ချိုကုပ်ဒူးကြီးက ဂရုမစိုက်။ ခုန်မြဲတိုင်း ခုန်နေ၏။ ရန်လိုကျွဲလည်း ထပ်မံ နှုတ်ဆက်ပြန်၏။

ရန်လိုကျွဲ။ ။ တော်သလင်းလရောက်ဖို့ အဝေးကြီးလိုပါသေးတယ်၊ အဘ ဘာကြောင့် ဒီလောက်တောင် ခုန်နေရတာလဲ။

တော်သလင်းလ ဟူသော စကားလုံးကြောင့် ချိုကုပ်ဒူးကြီး ပိုပြီး ဆွေ့ဆွေ့ခုန်လေသည်။ ထို့နောက်…


ချိုကုပ်ဒူးကြီး။ ။
ဘာကွ… တော်သလင်းလနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ။ တော်သလင်းလ ဆိုတော့ ငါက ဘာကောင်ဖြစ်သွားမလဲ…

ကျွဲ။ ။ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ဆိုလိုတာက … ဒီလိုပါ … တော်သလင်းနေ ပုဇွန်သေ ဆိုတဲ့စကား ရှိတယ်လေ။ တော်သလင်းလက ပူလွန်းလို့ ပုဇွန်တွေတောင် ဆွေ့ဆွေ့ခုန်ရတယ်လို့ ပြောကြတယ်မဟုတ်လား။ အခုဟာက တော်သလင်းလ မဟုတ်၊ ရာသီဥတုလည်း မပူသေးဘဲနဲ့ ဘာကြောင့်များ ဒီလောက်တောင် ဆွေ့ဆွေ့ခုန်နေသလဲဆိုပြီး ကျွန်တော် စဉ်းစားမိလို့ပါ။

ဒူးကြီး။ ။ အေး… ရာသီဥတု ကယ်ပေလို့ပဲ၊ နို့မဟုတ်ရင် မင့်ပြောပုံနဲ့ဆိုရင် ငါတော့ ဟိုအကောင်ဖြစ်တော့မှာပဲ။ ကဲ….ကဲ… ငကျွဲ … ဆိုစမ်း …. မင်းရဲ့ လာရင်းကိစ္စ။

ကျွဲ ။ ။ အဘ … ခုန်နေတယ်ကြားလို့ လာကြည့်တာပါ။

ဒူးကြီး ။ ။ ဟေ… မင်းပြောပုံက မျောက်ပွဲရှိလို့ လာကြည့်သလိုဖြစ်နေပြီ။

ကျွဲ ။ ။ အဲဒီလိုလည်း မဟုတ်ပါဘူး။ ဘာများထူးမလဲလို့ လာဗျူးတာပါ။

ဒူးကြီး။ ။ ဘာထူးသလဲ ဆိုတော့ … မင်းမြင်တဲ့အတိုင်းပဲလေ။

သတင်းထောက်ရန်လိုကျွဲ မြင်ရသည်မှာ ဆွေ့ဆွေ့ခုန်နေသော ဝါရင့်ချိုကုပ်ဒူးကြီး။

ခုန်သည်။

တကယ် ခုန်သည်။

အလွန်ခုန်သည်။

ဒေါသတကြီး ခုန်သည်။

အခုန် ရပ်သည်အထိ စောင့်ဆိုင်းမနေတော့ဘဲ ရန်လိုကျွဲလည်း အသံဖမ်းစက်ထုတ်၊ ခလုတ်နှိပ်ပြီး အင်တာဗျူးခြင်း အစပြုလိုက်သည်။

ကျွဲ ။ ။ အဘ … ဘာကြောင့် ဒီလို ခုန်နေရတာလဲ။


ဒူးကြီး။ ။
တနိုင်ငံလုံးမှာ မင်း မတွေ့ဘူးလား၊ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုပြီး လက်မှတ်တွေ လိုက်ကောက်နေကြတာ။ ဒါကြောင့် ဒေါသထွက်လွန်းလို့ ဆွေ့ဆွေ့ခုန်နေတာပေါ့ကွ။ (ခုန်လျက်နှင့်ဖြေသည်)

ကျွဲ ။ ။ လက်မှတ်ကောက်တာပြီးသွားပြီလေ။ လက်မှတ်က နည်းနည်းပဲ ရတာပါ။ ဒါတောင် တချို့က လက်မှတ်ကို သုံးလေးငါးနေရာမှာ လိုက်ထိုးချင် ထိုးကြမှာ။ ဟဲဟဲ… အဘတို့လုပ်တဲ့ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတုန်းကလိုပေါ့ဗျာ၊ ထောက်ခံတဲ့စာရင်းထဲ သေပြီးသားရော၊ ပုခက်ထဲက သူငယ်နှပ်စားရော ပါတယ်ဆို …

ဒူးကြီး။ ။ ဟေ့ကောင်… ဟေ့ကောင်… အဲဒီအကြောင်း မပြောနဲ့၊ မဆိုင်ဘူး။

(ဝါရင့်ချိုကုပ်ဒူးကြီးက ပြောလည်းပြော၊ ခုန်လည်းခုန်၏။)

ကျွဲ ။ ။ အဘ … ဘာကြောင့် ဒီလို ခုန်နေရတာလဲ။ သူတို့လက်မှတ်က ငါးသန်းပဲ ရတာ။ အဘတို့ အခြေခံဥပဒေကို သန်းသုံးလေးဆယ်နဲ့ အတည်ပြုခဲ့တာ မဟုတ်လား။ ကိုယ်က စင်ပေါ်ကပဲ၊ အနေသာကြီးပါဗျာ။

ချိုကုပ်ဒူးကြီး ခုန်ခြင်း ရပ်သွားသည်။ ရန်လိုကျွဲ၏နှစ်သိမ့်စကားကြောင့်မဟုတ်။ အဆက်မပြတ် ဆွေ့ဆွေ့ခုန်အပြီး ဟောဟဲလိုက် မောပမ်းသွားသောကြောင့် ရပ်သွားခြင်းပင်။

စကားလည်း ဆက်မပြောနိုင်တော့။ အတန်ကြာမှ….

ဒူးကြီး။ ။ မင်း စဉ်းစားကြည့်ကွာ။ ဒီအခြေခံဥပဒေကို ငါတို့က စိတ်ကြိုက်ဆွဲလာတာကွ။

ကျွဲ ။ ။ ဟုတ်ကဲ့။

ဒူးကြီး။ ။ ဒီလို စနစ်တကျ ဆွဲထားတဲ့ဟာကို ထောက်ခံကြောင်း သဘောထားကောက်ချိန်မှာ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် နှာကစ်မုန်တိုင်းကြီးဝင်လာတာ မင်း မှတ်မိမှာပေါ့။

ကျွဲ ။ ။ ဟုတ်ကဲ့။

ဒူးကြီး။ ။ အေး…အဲဒါ ငါတို့အတွက် နမိတ်ကောင်းပဲ။ မုန်တိုင်းဆိုတော့လည်း အထိအခိုက် နည်းနည်းပါးပါးတော့ ရှိမှာပေါ့ကွာ။ အခြေခံဥပဒေ အတည်ပြုဖို့တို့ ဘာတို့ရှိတော့ အချိန်ဆွဲလို့မဖြစ်ဘူး။ ဒါကြောင့် လုပ်စရာရှိတာတွေ ဆက်လုပ်ခဲ့တာ မင်း မှတ်မိမှာပေါ့။

ရန်လိုကျွဲလည်း မှတ်မိကြောင်း၊ မုန်တိုင်းသင့်ဒေသသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်သတင်းယူခဲ့သောကြောင့် ထိုစဉ်က အခြေအနေကို ပိုပြီး မှတ်မှတ်ထင်ထင် ဖြစ်မိကြောင်း ပြောလိုက်၏။

ဒူးကြီး။ ။ အေး… လုပ်စရာရှိတာကို ငါတို့ မြန်မြန်ဆန်ဆန် လုပ်ခဲ့တာ မင်းတို့အားလုံး အသိ။ ပြီးတော့ ဒါဟာ … အခြေခံဥပဒေသမိုင်းမှာ မှတ်တိုင်သစ်လည်းဖြစ်တယ်။ ဟုတ်တယ်မဟုတ်လား။ မင်း.. နိုင်ငံတကာကို ကြည့်လိုက်စမ်း၊ အခြေခံဥပဒေဆွဲဖို့အတွက် ဘယ်နိုင်ငံက ငါတို့လောက် အချိန်ယူသလဲဆိုတာ လေ့လာလိုက်စမ်း၊ ကြည့်လိုက်စမ်း။

ကျွဲ ။ ။ ဟုတ်ကဲ့။

ဒူးကြီး။ ။ အခြေခံဥပဒေကို အနှစ် ၂ဝ အချိန်ဆွဲပြီး ဆွဲလာတာ ငါတို့ကွ။ ကမ္ဘာမှာ အဲဒီလိုလုပ်နိုင်တာ ငါတို့ပဲ ရှိတယ်။ ငါတို့ အကြာဆုံးပဲ။ ဘယ်နိုင်ငံနဲ့မဆို ငါတို့ ပြိုင်ရဲတယ်။

ပြောရင်းပြောရင်း ဝါရင့်ချိုကုပ်ဒူးကြီး ဒေါသများ တစိမ့်စိမ့်ထွက်လာပုံရသည်။ လက်နှစ်ဘက်ကို လေထဲမြောက်၊ လက်သီးနှစ်လုံး ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

ရန်လိုကျွဲလည်း အနှစ် ၂ဝ ကိစ္စကို ချက်ချင်း ထောက်ခံလိုက်သည်။ ဤကိစ္စတွင် နိုင်ငံတော်က ထိပ်တန်း ရောက်ကြောင်း၊ အပြတ်အသတ် ပြိုင်ဘက်ကင်း စံချိန်တင်ပါကြောင်း ထောက်ခံမဲ ပေးလိုက်သည်။

ထိုသို့ ထောက်ခံမဲ ပေးနေချိန်မှာပင် ဝါရင့်ချိုကုပ်ဒူးကြီး ခုန်ဆွခုန်ဆွဖြစ်လာပြန်သည်။ ဒေါသများ အချောင်းလိုက် ထွက်လာပုံရ၏။ ရန်လိုကျွဲလည်း အရဲစွန့်ပြီး မေးခွန်းထုတ်လိုက်ပြန်၏။

ကျွဲ ။ ။ ဟုတ်ကဲ့။ ကျွန်တော် နားမလည်တာက အဘ ဘာကြောင့် ဒီလို ဒေါသထွက်နေရတာလဲ။

ဒူးကြီး။ ။ မင်းမတွေ့ဘူးလား… အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုပြီး လက်မှတ်တွေ လိုက်ကောက်ကြတာ မင်း မတွေ့ဘူးလား။ ဒါ စော်ကားတာပဲ။ ဘာပြင်စရာ လိုမလဲကွ။ ငါတို့ အနှစ် ၂ဝ အချိန်ယူပြီး စနစ်တကျ၊ အကွက်ကျကျ၊ ထောင့်စေ့အောင် လုပ်ထားတာကွ ဒါကြီးကို။ လုံး…………………………….ဝ လက်မခံနိုင်ဘူး။ ဒါကြီးကို ပြင်မယ်ပြုမယ် ဆိုတာ ငါတို့ကို စော်ကားတာပဲကွ။ ဒါကြောင့် ငါ ဒေါသထွက်နေတာ။

ထိုသို့ ပြောပြီးနောက် ဝါရင့်ချိုကုပ်ဒူးကြီး၏ ခုန်ဆွခုန်ဆွဖြစ်မှုက အရှိန်တက်လာသည်။

ခုန်သည်။

ခုန်သည်။

သတင်းထောက်လည်း အသံဖမ်းစက်ပိတ်သည်။ ထိုနေရာမှ အလိုက်တသိ ထွက်ခွာလိုက်သည်။

ဒေါသထွက်နေသော ဝါရင့်ချိုကုပ်ဒူးကြီး ဆက်လက်၍ ဆွေ့ဆွေ့ခုန်ပြီး ကျန်ရစ်ခဲ့လေသည်။

(မော်ကွန်းမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြပြီးသော သရော်စာ ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts