ဖိုးသံ (လူထု) – ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်

November 30, 2014

 

ဖိုးသံ (လူထု) – ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်

(အလင်းတန်းဂျာနယ်) နိုဝင်ဘာ ၃၀၊ ၂၀၁၄

 

 

ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန သို့ လွမ်းသူ့ပန်းခြင်းနှင့်အတူ ရောက်ရှိ လာသော ဒေါ်မေသန်းတင်, လူထုဒေါ်အမာ, သခင်အုန်းဖေ, ဆရာကြီး ရွှေဥဒေါင်း နှင့် မောင်ချစ်ခင် (ရဲဘော် ဖိုးသံချောင်း)။ သြဂုတ် ၅၊ ၁၉၆၄

၁၉၆၅ ခုနှစ်မှာ ထင်ပါတယ်။

အနှစ်ငါးဆယ်တင်းတင်းပြည့်ပြီပေါ့။

အထက် ဗမာနိုင်ငံ စာရေးဆရာအသင်းက မန္တလေး ကျုံး အနောက်ဘက် ဓမ္မ ဗိမာန်မှာ စာဆိုတော်နေ့ စာပေဟောပြော ပွဲလုပ်တော့ “ဗမာစာ အရေးအသားသစ်” ဆိုတဲ့ စာတမ်း ကို ဖတ်ကြားခဲ့ပါတယ်။ စာတန်းရဲ့ အဓိကဆိုလိုရင်း အဓိပ္ပာယ် ကတော့ အဲဒီ အခါတုန်းက ဗမာစာ ကိုရေးသားကြတာမှာ ရှေးတုန်းကလိုပဲ ‘၏’၊ ‘သည်’ စတာတွေနဲ့ ရေးနေကြ တာကို ခေတ်လူတွေ ပြောဆို သုံးနှုန်းနေကြတဲ့ ‘တယ်’၊ ‘မယ်’ စတာတွေနဲ့ ပြောင်းရေးသင့်တယ်လို့ တင်ပြလိုက်တာ ပါပဲ။

သိမီသူတွေ အားလုံး မှတ်မိကြပါလိမ့်မယ်။  ဒီစာတမ်းကို လူထု သတင်းစာထဲမှာလည်း ဖော်ပြလိုက်တော့ ချက်ခြင်း ဆိုသလိုပဲ ဗမာ စာပေလောက တခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။  စာတမ်း ဖတ်ပွဲမှာ စာတမ်းကို ဖတ်ကြား သူက (ဦး) မောင်သာနိုးပါ။  သူက စာတမ်းဖတ်သူ ဖြစ်ပေမဲ့ တကယ်က အဲဒီစာတမ်းကို ကျွန်တော့် မိဘများ အပါအ၀င် အထက် ဗမာနိုင်ငံစာရေး ဆရာအသင်းက အမှုဆောင်အဖွဲ့ဝင်တွေ အားလုံး ဆွေးနွေးကြပြီး ဖြစ်ပါတယ်။

ဒီစာတမ်းကို အဲဒီတုန်းက မန္တလေး တက္ကသိုလ်မှာ ပါမောက္ခချုပ် လုပ်နေတဲ့ ဆရာဦးကျော်ရင်က “ဆင်သွားရင် လမ်းဖြစ်တယ်”ဆိုတဲ့ စကားပုံနဲ့ ထောက်ခံလိုက်တော့ ဂယက်ဟာ ပိုတောင်ကြီးသွားပါတယ်။  သူ့လိုပဲ အဲဒီတုန်းက ဒီစာတမ်းကို တက်တက် ကြွကြွအားပေးထောက်ခံသူ နောက် တယောက်ကတော့ သမိုင်း ပါမောက္ခ ဆရာ ဒေါက်တာသန်းထွန်းပဲ ဖြစ်ပါတယ်။  အဲဒီ အချိန်တုန်းက ဆရာဟာ ဆောင်းပါးတွေ မပြတ်ရေးနေပြီး သူ့ဆောင်းပါးတွေ ထဲမှာ ပြောစကား အရေးအသားနဲ့ချည်း ရေးပါ တော့တယ်။  ဒါကြောင့် နောင်မှာ ဒီစာတမ်းပါ အယူအဆကို မနှစ်သက်သူတွေက မန္တလေးသား မဟုတ်သူတွေ ဝင်လုပ်တာ ဆိုတာမျိုး ရေးကြ၊ ပြောကြတာရှိခဲ့ပါတယ်။

အဲဒီတုန်းက ဒီအယူအဆကို ဆန့်ကျင်သူ တော်တော်များများဟာ ဒေသစွဲတွေ ပါနေတာသတိပြုမိပါတယ်။  အဲဒီခေတ် က မီဒီယာ (၉၀) % ကျော်လောက်ဟာ ရန်ကုန်မှာပဲရှိနေတာ ဆိုတော့ အထက် ဗမာနိုင်ငံ စာရေးဆရာအသင်းကိုရော၊ လူပုဂ္ဂိုလ်တွေကိုပါ ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့ အပြတ်ဆန့်ကျင်ကြ (တချို့ဆိုရင်လှောင်ပြောင်သရော်၊ အပုပ်ချကြ) ပါတယ်။  အဲဒီနောက် အဲဒီစာတမ်းအပါ တချိန်တည်း ဖတ်ကြားခဲ့တဲ့ စာတမ်းတွေကိုစုပြီး ဗမာ စာပေ အရေးအသားသစ်နဲ့ အခြားစာတမ်းများ ဆိုတဲ့စာအုပ် (စာအုပ် အမည် နည်းနည်း လွဲချင်လွဲပါလိမ့်မယ်)ကို လူထုတိုက်က စုပေါင်း ပြီး ရိုက်ထုတ်တော့ ကျွန်တော်က စာအုပ်အဖုံးကို ဆွဲရပါတယ်။

ဒီအချိန်မှာ ကျွန်တော်တို့ အိမ်မှာ ကြုံတွေ့ရတဲ့ လက်တွေ့ ပြဿနာက ကိုယ်တိုင်က နေ့စဉ် သတင်းစာ ထုတ်နေရတာပါပဲ။  သတင်းစာထဲမှာ သတင်းတွေနဲ့ ရေးနေကျ ဆောင်းပါးတွေကို ဘယ်လိုပုံစံနဲ့ ရေးမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။  ဒီလိုနဲ့ သတင်း အရေးအသားနဲ့ ခေါင်းကြီးပိုင်းကို မူလအတိုင်းပဲ ရေးသားဖော်ပြပါတယ်။  အဖေက သူ့ သောင်းပြောင်းထွေလာ ဆောင်းပါးတွေကို ‘တယ်’၊ ‘မယ်’နဲ့ ရေးပါတယ်။ အမေကတော့ သူ့ရဲ့လှုပ်ရှားနေသော ကမ္ဘာ့ရေးရာ အခန်းကို ‘၏’၊ ‘သည်’ နဲ့ပဲ ဆက်ရေးပါတယ်။  ဘာပဲဖြစ်ဖြစ် အပြောတော့ မလွတ်ပါဘူး။

ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက ဗမာ စာပေလောကမှာ အားလုံး အသိအမှတ် ပြုထားကြတဲ့ ဆရာ့ ဆရာကြီးတွေက ဒီကိစ္စကို မှတ်ချက်မပေးကြပါဘူး။  စောင့်ကြည့် လိုကြတယ်လို့ ထင်ပါတယ်။  ‘၏-သည်’ အရေးအသားနဲ့ အဲဒီနောက် ကျွန်တော် ထောင်ထဲကို ရောက်သွားတော့ အဲဒီကိစ္စကို ကျွန်တော် မျက်ခြည် ပြတ်သွားပါတယ်။ ကျွန်တော် တို့အချင်းချင်း တခါတလေ စကားစပ်မိရင်တော့ ဒီဗမာစာ အရေးအသားသစ် ဆိုတာကို အားလုံးလိုလိုကပဲ သဘောတူ ထောက်ခံကြတာကို သတိထားမိပါတယ်။  တချိန်တည်းမှာ ‘၏-သည်’ ရေးတာကိုလည်း မဆန့်ကျင်ကြောင်း ဖော်ပြ ကြပါတယ်။ 

မန္တလေး ထောင်ထဲမှာ နေတုန်းက အိမ်သာသုံးဖို့ အတွက် ထောင်ဗူးဝက ဖတ်ပြီးတဲ့ သတင်းစာတွေကို ကတ်ကြေးနဲ့ဖြတ်ပြီး ကျွန်တော်တို့ ထိန်းသိမ်းခံတွေကို ဖတ်ဖို့ပေးပါတယ်။  အဲဒီ သတင်းစာ အတိုအစတွေကို ကျွန်တော်တို့ က ပြန်စဉ်ပြီး ထမင်းလုံးနဲ့ ကပ်လိုက်တော့ သတင်းစာလို ဖတ်လို့ရပါတယ်။ အဲဒီလိုဖတ်ရတဲ့ သတင်းစာတွေထဲမှာ တခါ တလေ ဒီကိစ္စ အကြောင်း ပြောကြရေးကြတုန်းပဲ ဆိုတာ သတိထားမိပါတယ်။

ဒီလိုနဲ့ (၁၉၆၇) ခုနှစ်ထဲမှာ ထင်ပါရဲ့၊ အိမ်က ပို့ လာတဲ့ စာအုပ်တွေ အထဲမှာ အမေ့ရဲ့“အောင်ဗလ-ဖိုးစိန်-စိန်ကတုံး” စာအုပ်ကြီး ပါလာပါတယ်။  အဲဒီ စာအုပ်မှာတော့ အမေက ‘တယ်’-‘မယ်’နဲ့ပဲ အပြတ်ရေးတော့တာပါ။  ဒိ အရင်က ထုတ်တဲ့ အမေ့ရဲ့ “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်မှာတော့ အမေက‘၏-သည်’နဲ့ပဲ ရေးခဲ့ပါတယ်။  ဒီလို စကားပြော အရေးအသားနဲ့ ရေးတော့ အမေ့ရဲ့ အရေးအသား ပြောင်မြောက်မှုနဲ့ မြန်မာဘာသာ စကားအသုံးအနှုန်း ပေါကြွယ်မှုတို့ဟာ ကခုန်ပြီးထွက်လာသလို ဖတ်ရ ပါတယ်။  မကြာပါဘူး။  ဒီလို ရေးနည်းကို သဘော မကျကြောင်း ဖော်ပြလေ့ရှိတဲ့ ဦးကြီးမောင် (အဖေနဲ့ အမေတို့က သူ့ကို ကိုကြီးမောင်လို့ ခေါ်ပါတယ်)ရဲ့ စာကြေးမုံ အခန်းမှာ အမေ့ရဲ့ ဒီစာအုပ်ကို ဝေဖန်ချက် ရေးသားတော့ သူက “ဆင်မကြီး တကောင် ထောင်ထောင်၊ ထောင်ထောင်နဲ့ထွက်လာတယ်” လို့ မှတ်ချက်ပြုပါတယ်။  သူဘယ်လို အဓိပ္ပာယ်နဲ့ ဒီလိုရေးတယ် ဆိုတာကို အခုအထိ ကျွန်တော့် ခေါင်းထဲမှာ မရှင်းပါဘူး။  ဒါပေမဲ့ အသိအမှတ် ပြုရာတော့ ရောက်တယ်လို့ ထင်မိပါတယ်။

ဒီလိုနဲ့ ကိုကိုး ကျွန်းပေါ်ကို ရောက်တော့ ကျွန်တော့် အရင် ထောင်ထဲကို ရောက်သူတွေ အထဲက စိတ်ဝင်စားသူတွေက ကျွန်တော့်ကို ဒီအယူအဆအကြောင်း မေးကြလို့ ကျွန်တော် နားလည်သမျှ ပြောပြရပါတယ်။  ကျွန်တော်နဲ့ ပါသွားတဲ့ အမေ့ “အောင်ဗလ-ဖိုးစိန်-စိန်ကတုံး” စာအုပ်ကိုလည်း ပေးဖတ်ပါတယ်။  အဲဒီနောက် ကျွန်းပေါ်မှာ မဂ္ဂဇင်း နှစ်ကြိမ် ထုတ်တော့ ကျွန်တော်က ‘တယ်’- ‘မယ်’နဲ့ ဆောင်းပါးရေးပါတယ်။  မှတ်မှတ်ရရ ကိုအုန်းမြင့်လှိုင်နဲ့ ကဗျာဆရာ မောင်လေးမွန်၊ ကိုကြည်မောင်ညွန့် တို့က ကျွန်တော့် ဆောင်းပါးဖတ်ပြီး ခင်ဗျားရေးတာ မန္တလေးလေ အစစ်ပဲဗျာ လို့ ထောမနာ ပြုပါတယ်။  တချို့ ရဲဘော်တွေ ကလည်း ကိုယ့် လောကထဲမှာ ပထမဆုံး တွေ့ရတဲ့ ‘တယ်’- ‘မယ်’ အရေးအသားရယ်လို့ အသိ အမှတ်ပြုခဲ့ကြပါတယ်။

(၂ဝ) ရာစု နှစ် အကုန်ပိုင်းကို ရောက်တဲ့အခါ ကျတော့ ကျွန်တော် တရုတ်ပြည်ထဲကို ရောက်ပါတယ်။  ရောက်ပြီး မကြာခင်ဘဲ အင်တာနက် ပေါ်လာတော့ ဦးလေး ဦးသောင်း (စာရေးဆရာ အောင်ဗလ) နဲ့ အဆက်အသွယ် ရပါတယ်။  သူနဲ့ ကျွန်တော်နဲ့ အရင်က လုံးဝမသိပါဘူး။  အရွယ်ချင်းကလည်း အလွန်ကွာပါတယ်။  သူက ကျွန်တော့ မိဘထက် ဆယ်နှစ်လောက်ပဲ ငယ် မှာပါ။  သူနဲ့ သိတဲ့ အချိန်ကျတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ ကတုတ်ကျင်း တခုထဲ ရောက်နေသလို ဖြစ်နေကြ ပါပြီ်။

တချိန်တုန်း ကတော့ သူနဲ့ သူတို့ရဲ့ကြေးမုံ သတင်းစာက ဒီ “ဗမာစာ အရေးအသားသစ်” စာတမ်းကို အတော် ဆန့် ကျင်ခဲ့ကြဖူးတယ်လို့ ကျွန်တော့် ခေါင်းထဲမှာ စွဲနေပါတယ်။  ဒါပေမဲ့ အဲဒီတုန်းက ထိုင်းကနေ ထုတ်နေတဲ့ ‘လွတ်မြောက် ရေး’ အပတ်စဉ် ဂျာနယ်ထဲမှာ ကျွန်တော်ရေးတဲ့ “ယာတောကသာဗြောရဲ့ အဝေးက ဆောင်းပါ တစောင်” ဆောင်းပါး တွေကိုဖတ်ပြီး သူက မိဘခြေရာကို နင်းနိုင်သူပါလို့ ကျွန်တော့်ဆီကို အီးမေးလ်ပို့ပြီး ချီးမွမ်းပါတယ်။  သူလို ပုဂ္ဂိုလ်ကြီးက ဒီလို ပြောတာ ခံရတော့ ကျွန်တော့်မှာ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။

ဦးလေးဦးသောင်းက (၂၀၀၈) ခုနှစ်မှာ ဆုံးတာဆိုတော့ သူမဆုံးမီ တစ်နှစ်၊ နှစ်နှစ်လောက်က ထင်ပါတယ်၊ သူက သူ့ဆောင်းပါး တပုဒ်ထဲမှာ အဲဒီ အရေးအသားသစ် အကြောင်းကို သူတို့ ဆန့်ကျင်ခဲ့ကြဖူးကြောင်း၊ ဒါပေမဲ့ အခုတော့ လူတွေထဲမှာ ဒီအရေးအသားဟာ ကျသွားပြီ၊ တွင်ကျယ်သွားပြီ ဖြစ်ကြောင်း ရေးခဲ့ပါတယ်။  စာသား အတိအကျတော့ ကျွန်တော် မမှတ်မိပါ။ သူ့ရဲ့ ပြည့်ဝမှုပဲလို့ အောက်မေ့ လိုက်ပါတယ်။

အခု ပြန်စဉ်းစား လိုက်တော့ ဆရာဦးကျော်ရင်၊ ဒေါက်တာသန်းထွန်း၊ ကျွန်တော့်မိဘများ၊ ကိုစောလွင်၊ ကိုကြည်လင် (ကဗျာဆရာ ကြည်အောင်) စတဲ့ပုဂ္ဂိုလ်တွေ မရှိကြတော့ပါဘူး။  ဒီစာတမ်း အကြောင်းကို သေသေချာချာ ပြောနိုင်သူဆိုလို့ ကိုသာနိုးနဲ့ ကိုဝင်းဖေ (မောင်စွမ်းရည်) တို့ လောက်ကျန်မယ် ထင်ပါတယ်။  အဲဒီတုန်းက ကုလားထိုင်သယ်၊ ကားမောင်း လုပ် ခဲ့တဲ့ ကျွန်တော်က ရေးတာဆိုတော့ ဟာကွက်တွေ အများကြီးဖြစ်မှာပါ။  ဘာပဲဖြစ်ဖြစ် အထိမ်းအမှတ် ပြုရာတော့ ရောက်  လိမ့်မယ်ထင်ပါတယ်။

ဖိုးသံ (လူထု)

နိုဝင်ဘာ ၂၄၊ ၂၀၁၄

Than Joung Po Facebook:

https://www.facebook.com/thanjoung.po

(ဒီဆောင်းပါးကို ကျွန်တော့် အမေ မွေးနေ့အတွက် ရည်စူးရေးတာလည်းဖြစ်ပါတယ်။  ဒီအပတ် အလင်းတန်းဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။)

(အမေ လုထု ဒေါ်အမာ (နိုဝင်ဘာ ၂၉၊ ၁၉၁၅ ဖွား – ဧပြီ ၇၊ ၂၀၀၈ ဆုံး) မွေးနေ့ အမှတ်တရ အဖြစ် ဆရာ ဖိုးသံချောင်း ဆောင်းပါး မိုးမခ က ကူးယူ ဖော်ပြလိုက်ပါသည်။  ဆရာ ဖိုးသံချောင်း နှင့် မူရင်း ပုံနှိပ်ခဲ့သည် စာနယ်ဇင်း အား အထူးကျေးဇူးတင် ရှိကြောင်း မှတ်တမ်းပြုအပ်ပါသည်။)

Photo Credit: Ludu လူထုကြီးပွားရေး Facebook Page

https://www.facebook.com/pages/Ludu-လူထုကြီးပွားရေး/139936746064890

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

Archives