တူမောင်ညို သူတို့အာဘော်

တူမောင်ညို – “၁၄ပွင့်” ပြီးတော့ “ ၆ ပွင့်” တဲ့

 

တူမောင်ညို – “၁၄ပွင့်”  ပြီးတော့ “ ၆ ပွင့်” တဲ့

(မိုးမခ) (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၇)

 

ဖဲသုံးချပ်သမားက သူ့လက်ထဲမှာကိုင်ထားတဲ့ ဖဲချပ်တွေကို ဟောတစ်မျိုးပြီး ဟောတစ်မျိုး ခင်းပြနေသလိုပဲ။ လွယ်လိုက်တာ။

 

သမ္မတ “၁၄ပွင့်”  ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ “ ၆ ပွင့်” တဲ့။ ကာချုပ်ကလည်း အားကျမခံ ဘယ်နှပွင့်ဆိုပြီး ထွေခင်းလာဦး မယ်လို့ မဆိုနိုင်ဘူး။ 

 

“၁၄ ပွင့်” နဲ့ “၆ ပွင့်”  ဘာကွာ သလဲ။  

 

အတိုက်အခံခေါင်းဆောင်တောင်းထားတဲ့ “၄ ပွင့်ဆိုင် ”ဆိုတာကို အနှစ်သာရ အရတင် မကဘူး၊ သဏ္ဍာန်အရပါ ငြင်းပယ် ကြတဲ့နေရာမှာ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ အတူတူပဲဖြစ်တယ်။ 

ဘာမှမကွဲပြားဘူး။ ကာချုပ်ကတော့ “၄ ပွင့်ဆိုင်ဆိုတာ နည်းနည်း ကျဉ်းပါတယ်”တဲ့။ 

 

သမ္မတက “ ၁၄ ပွင့်” လုပ်ပြီး “၁၀မိနစ် စကားပြောပွဲ” နဲ့တုန့်ပြန်ခဲ့တယ်။

 

 “ (၁၄) ပွင့်ဆိုင်ဆိုတာကတော့ ထိရောက်တဲ့ ဆွေးနွေးမှု လက်ရှိအနေအထားအရ မဖြစ်နိုင်ဘူး” လို့ “သမ္မတ ၁၄ ပွင့်”ကို မေးငေါ့ခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းက သူ့အပိုင်စားလွှတ်တော်ကို အသုံးချပြီး  “၆ ပွင့်ဆိုင်” ကို အရေးကြီးအဆို တစ်ရပ် အဖြစ် တင်ကာ ပွဲထုတ်လာခြင်းဖြစ်တယ်။

 

“၆ ပွင့်ဆိုင်”က ဘာမှ ထူးထူးဆန်းဆန်းတော့လည်း မဟုတ်ပါဘူး။ ဗိုလ်မင်းအောင်လှိုင်ကလွဲရင် ကျန်တဲ့ လူတွေအားလုံးက လွှတ်တော်ထဲမှာ တွေ့ဖူးနေကြတာပါပဲ။ ဗိုလ်မင်းအောင်လှိုင် စေလွှတ်ထားတဲ့ စစ်အမတ်တွေထဲကရွေး မထည့်တော့ပဲ။ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ကို တိုက်ရိုက်ထည့်လိုက်တာပဲဖြစ်ပါတယ်။

 

 (ဗိုလ်) ဦးရွှေမန်းက “၆ ပွင့်” ကို ဘယ်လိုထွေခင်းထားသလဲ။

 

၁။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်း၊

 

၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးခင်အောင်မြင့်၊

 

၃။ သမ္မတ (ဗိုလ်)ဦးသိန်းစိန်၊

 

၎။ ကာချုပ် ဗိုလ်မင်းအောင်လှိုင်၊ 

 

၅။ ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ( ဒီချုပ်ပါတီဥက္ကဋ္ဌအနေ ၁၄ ပွင့်ဆိုင်တုန်းကလို မဖြစ်ရအောင် အီးစီအစည်း အဝေး ကြိုတင်ထိုင်ထားပြီးဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်) 

 

၆။ တိုင်းရင်းသားတစ်ဦး ( စိုင်းအိုက်ပေါင်း နာမည်တစ်ပြေးနေပြီး/ အချို့ကလည်း ဒေါက်တာအေးမောင် ကို လေသံပစ်နေ တယ်) 

 

(ဗိုလ်) ဦးရွှေမန်း ခင်းလိုက်တဲ့ထွေက (ဗိုလ်) ဦးခင်အောင်မြင့် ကို “တစ်ပွင့်” တိုး ထည့်သွင်းလိုက်ပြီး၊ ပက်စက်တဲ့အကြံဆိုးနဲ့ တိုင်းရင်းသားတွေ အချင်းချင်းကို ခေါင်းချင်းဆိုင်ပေးလိုက် တာဖြစ်ပါတယ်။ ပိုသေချာအောင်  ကြိုတင်သတ်မှတ်ချက်ပါ ပေးလိုက်သေး တယ်၊ “လွှတ်တော်ထဲက တိုင်းရင်းသားဖြစ်ရမယ်” ဆိုပဲ။ ဒီအချက်က တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)၊(CRPP) ကိုဖျက် သိမ်းပြီး၊ ဖွဲ့စည်းခဲ့သော တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ (EAPP) အပါအဝင် “လွှတ်တော် ပြင်ပတိုင်းရင်းသား” ၊ “တိုင်းရင်းသား လက်နက်ကိုင်” တွေကို ဗြောင်ပယ်ချလိုက်တာပဲဖြစ်တယ်။ 

 

စစ်အုပ်စုဆိုတာ အခြေခံဥပဒေမရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌဖြစ်စေ၊ ကာချုပ်ဖြစ်စေ၊  အရပ်ဝတ်ပဲ ဝတ်ဝတ်၊ စစ်ယူနီဖောင်းပဲဝတ်ဝတ် တစ်သွေးထဲ၊ တစ်သံထဲ ထွက်တာကို မကြာမီက ထုတ်လွှင့်သွားတဲ့ (VOA) နဲ့ အင်တာ ဗျူးမှာ ကြားသိခဲ့ကြရပြီမဟုတ်ပါလား။ 

 

အစဉ်ဆက်ကိုင်စွဲတောင်းဆိုခဲ့တဲ့၊ “၃ပွင့်ဆိုင်” ကို ဒီချုပ်ပါတီက ဘယ်လိုအမြော်အမြင်နဲ့ စွန့်လွှတ်ပြီး ဘာကြောင့် “၄ ပွင့်ဆိုင်” တောင်းဆိုရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ 

 

“၁၄ ပွင့်” ရလဒ်က  ကိုယ်စီ “၁၀ မိနစ် စကားပြော” ပြီး ဓါတ်ပုံရိုက်ကြတာပဲဖြစ်တယ်။ 

“၆ပွင့်ဆိုင်” ရဲ့သရုပ်မှန်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး က အခုဖွင့်ချထားပါတယ်။

 

“လွှတ်တော်တွင်းက တိုင်းရင်းသားတွေနဲ့ တိုင်းဒေသကြီးက တက်လာတဲ့တိုင်းရင်းသားဆိုတာ အနိုင်ရပါတီ (ကြံ့ဖွံ့ပါတီ) အမိန့်နာခံနေရသူတွေဖြစ်တယ်၊ ၆ ပွင့်ဆိုင် အလုပ်ဖြစ်မယ်လို့ မယူဆ၊  ၃ ပွင့်ဆိုင်က ပိုကောင်းမယ်”  တဲ့။ 

 

 

 

“၆ ပွင့်” ကလည်း ရှေ့ကသမ္မတရဲ့ “၁၄ ပွင့်”လို ထူးမခြားနား ဇာတ်သိမ်းသွားပြီးရင် —နောက်ထပ် ဘယ်နှပွင့် ဆက်လာ အုံးမလဲ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts