မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေတယ် – အမှတ် (၅၅၉)

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေတယ် – အမှတ် (၅၅၉)
နိုဝင်ဘာ ၂၁၊ ၂၀၁၄

သောတရှင်များ ကျန်းမာတော်မူကြပါရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးတို့နိုင်ငံတွင်းက မိရိုးဖလာ ဗုဒ္ဓဘာသာနယ်ဝင်တို့ သိရှိနားလည်နေတဲ့ ဗုဒ္ဓဝင်နဲ့ ဖလ်သားပေါ်မှာ လေလှိုင်းထနေတဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းစဉ်ဟာ အတော်ကြီးကိုကွာခြားနေတာမို့၊ ကိုယ့်ဆီက ဗုဒ္ဓဇာတ်တော်ဟာ ဒါမျိုးပါဆိုတာကို နှစ်မျိုးလုံးယှဉ်ပြီး ပြောပြလာ ခဲ့တာ လေးတင်ခန်းဆီရောက်လာပြီးပေါ့ရှင်။ နားဆင်ရတဲ့သောတရှင်များအနေနဲ့ ဘာကြောင့်လေးတော်တင်ပစ်ခဲ့ရတာလဲဆိုတဲ့ အ ကြောင်းရင်းခံဟာ ပညာမတတ်မှု ပညာတတ်မှုကြောင့် အဓိကဖြစ်တယ်ဆိုတာကိုလည်း သိသွားရတယ်။ ရွှေမန်းတင်မောင်ဇာတ်သဘင်အဖွဲ့ကြီးရဲ့ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပြောမှုဆိုမှုတွေကိုလည်း ပြန်လည်ကြားရမှာဖြစ်လေတော့ နှစ်သက်နားဝင်ဆက်ကြားချင်ဖြစ် ကောင်းပါရဲ့ရှင်။

ဘုရားအလောင်းတော် လေးတင်တဲ့အကြောင်းအရာကို အင်တာနက်ပေါ်က ဗုဒ္ဓဝင်ဇာတ်မှာ နိုင်ငံသူရဲကောင်းရွေးတဲ့ကိစ္စဖြစ်နေပါတယ်၊ နောက်ဆုံးပြိုင်ဖက်တွေက သိဒ္ဓတ္ထနှင့်ဒေဝဒတ်တို့ပေါ့။ ဒေဝဒတ်က ကောင်းကင်ပေါ်လွှတ်တင်ပေးလိုက်တဲ့ ငှက်နှစ်ကောင်ကို မျှားတစင်းနဲ့ တပြိုင်နက်မှန်အောင် ပစ်ချနိုင်တာကို ပြပါတယ်။ သိဒ္ဓတ္ထကတော့ ငှက်အသက်ကို မသတ်လိုဘူး။ တခြားနည်းနဲ့ပြလို့ရမလားလို့ စည်းကြပ် ပေးရတဲ့ ဂုရုကြီးတွေကို တောင်းဆိုတဲ့အခါ …  ရပါတယ် … ရွေ့ရှားနေတဲ့ပစ်မှတ်တော့ဖြစ်ရမယ်လို့ ပြောကြပါတယ်။ ဒါကြောင့် အကိုဝမ်း ကွဲတော် ဒေဝဒတ်ရဲ့ ပုလဲလည်ဆွဲကို ဆွဲဖြစ်ချလိုက်ပြီး ပုလဲတလုံးကိုကောက်ယူပေးကာ ပစ်စေခိုင်းပါတယ်။ လေထဲမှာလွင့်စင်မမြင်နိုင်တဲ့ ပုလဲငွေစင်ကို မြှားနဲ့ပစ်ခွင်းလိုက်တဲ့အခါ ပုလဲလုံးလေးကွဲကျလာတာလေးလောက် ရိုက်ပြတာပါ။

မြန်မာ့ဗုဒ္ဓဝင်က သတို့သမီးလောင်း အတောင်းလွှတ်တဲ့ဆီက ဘာပညာမှသင်ကြားတတ်မြောက်ခြင်းမရှိတဲ့မင်းသားဆိုပြီး ငြင်းလိုက်တာက စတဲ့ ကိစ္စဖြစ်ပါတယ်။ ဘဝပေါင်းများစွာပါရမီတွေ ဖြည့်ကျင့်ခဲ့တာကြောင့် အလိုအလျောက် အတတ်ပညာ ရင်တွင်းပါဖြစ်နေခဲ့ကြောင်းကိုပြ တဲ့ သဘောပါရှင်။ သိဒ္ဓတ္ထ မင်းသားရဲ့ မြှားအစွမ်းဟာလဲ မိခင်ကြီးရှိရာနတ်ပြည်ကိုသာမက၊ ဒေဝဒတ်ရွှေနကရာအထိ၊ စေသည့် နေရာရောက်နိုင်တဲ့အကြောင်းကိုယ်တွေ့ရှုမြင်ဖြစ်ခါမှ သုဗ္ဗဗုဒ္ဓဘုရင်မင်းမြတ်ကတောင် ညာတင်ဖို့ သူတို့သမီး “ယသော်ဓရာမိမာဒေဝီကလေး” ပေးဆက်ခဲ့ပါတယ်၊ အမျိုးတူ ဆွေသားရင်းခြာတွေကြားမှာ တိုက်ပွဲများတောင် ဖြစ်ပွားစေနိုင်တဲ့ သားပေးသမီးယူမင်္ဂလာကိစ္စပါဘဲ။

အဲဒါလောက်အမျိုးဂုဏ်ကြီးများ သိကါထားတဲ့ မင်းတရားသုဗရဲ့ သမီးတော်ရွှေယသော်အရှင်မကို၊ TV ဗုဒ္ဓဇာတ်လမ်းထဲမှာ တောင်းစရာ မလိုဘူးရှင်။ ငယ်စဉ်က ကစားဖက် သိဒ္ဓတ္ထတို့တိုင်းပြည်ဆီကို၊ နောက်ဆယ့်ငါးနှစ်အကြားမှာ မိဘမသိ အဖော်မပါ သူ့သဘောနဲ့ သူ ရောက်ချလာသတဲ့လေ။ မိန်းကလေးက စရာမှာလားရှင်ဆိုတဲ့ ကိုယ့်သီချင်းတောင် သတိရမိပါသေးတော့တယ်။

မာအေးတို့တွေသိထားတာက၊ ဒေဝဒတ်မင်းသားနဲ့ ယသော်ဓရာတို့ဟာ မောင်နှမအရင်းခေါက်ခေါက်ပါ။ အဲဒီမှာက မဟုတ်ပါဖူး၊ ဒေဝဒတ် က ယသော်ဓရာကို ဇွတ်ချစ်မယ် ရအောင်ယူမယ်တောင်မှ ဖြစ်နေသေးတယ်။ ယသော်ဓရာရဲ့ဖခင်က သားမက်လောင်းနှစ်ယောက်စာရင်း ပေါက်နေလို့ လက်ရုံးရည်ယှဉ်ပြိုင်အနိုင်ရသူကို ထိမ်းမြားစေမယ်ဆိုတာကြောင့်၊ သိဒ္ဓတ္ထနဲ့ဒေဝဒတ်တို့ နောက်တပွဲ ထပ်ကျဲရပြန်တာပေါ့။ ခံစစ်ဖက်မှာသာနေခဲ့တဲ့ ဘုရားလောင်း အသက်ထွက်မတတ်ဖြစ်ခါမှ ချစ်သူဖြစ်နေပြီးဖြစ်တဲ့ ယသော်ဓရာမှာလိုက်တဲ့စကား “သိဒ္ဓတ္ထနဲ့ မပေါင်းရရင် သူက အသက်မရှင်တော့ဘူး” ဆိုတာ ပြန်ကြားပြီး အနိုင်ထတိုက်တော်မူပါတယ်။

ကဲ … အဲဒီလိုဆိုတော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားလေးနဲ့ ယသော်ဓရာမင်းသမီးလေးတို့ လက်ထပ်မင်္ဂလာသဘင် အောင်မြင်ခဲ့ပြီလို့ထား ကြပါစို့နော်။ ပါရမီရှင်သိဒတနဲ့ ပါရမီဖြည့်ဖက်တော် မိဖုရားသက်လျာ ယသော်ဓရာတို့ဟာ “ရမရွှေနန်းဆောင်”၊ “သုရမရွှေနန်းဆောင်” နဲ့ “သုဘရွှေနန်းဆောင်” တို့မှာ မောင်းမမိသံလေးသောင်းသော အခြံအရံတွေနဲ့ ပျော်မွေ့ခံစား တဆယ့်သုံးနှစ်-သစ်လာတဲ့အခါ၊ ဘုရားဖြစ်ရန် ကျင့်ကြံအားထုတ်ဖို့ရာ ထိတ်လန့်သံဝေဂရလေအောင် နတ်သားတပါးက ဖန်ဆင်းပြသခဲ့ပါတယ်။ သူအိုရယ်၊ သူနာရယ်၊ သူသေရယ်၊ ရဟန်းတော်ရယ်… ဘုရားလောင်းမသိမမြင်ဖူးတဲ့ ရုပ်သဏ္ဍာန်တွေကို တွေ့လိုက်ရတဲ့အတွက် စိတ်လက်မချမ်းသာဖြစ်နေရှာတဲ့အချိန်မှာဘဲ မဟေသီယသော်ဓရာဟာ သားတော်ကလေးဖွားမြင်ပါကြောင်း လာရောက်လျှောက်တင်တာကိုကြားရတော့ ဘုရားလောင်းဟာ ဘဝမှာ ရာဟုဖမ်းသလိုဖြစ်မယ့် သံယောဇဉ်ကြိုးတချောင်း ထပ်တိုးပြန်တဲ့အသိစိတ်ဖြစ်ပေးတာကြောင့် သားကို “ရာဟုလာ” လို့ တွင်စေခဲ့ တာပါတဲ့။

သားတော်ကလေးကို ‘ရာဟုလာ’ လို့ ကင်ပွန်းတတ်ခဲ့တဲ့နေ့ကတော့ မဟာသကရာဇ် (၉၇-ခု၊ ဝါဆိုလပြည့် တနင်္လာနေ့) ပါပဲ။ အဲဒီနေ့မှာဘဲ ဖွားဖက်တော် မောင်ဆန်ကိုနှိုးပြီး ဖွားဖက်တော် ကဏ္ဍကမြင်းမှာ ကကြိုးစုံဆင်လို့ တောမြိုင်ရပ်ခွင် ဝင်တော်မူမယ့်ဆဲဆဲ ယသော်ခင်ငယ် ကြင်ဖက်စက်ရာက နိုးမှာစိုးလို့ သားတော်လေးရာဟုလာ- မနမ်းသာဘဲ ကြာခြည်လှပ်ရုံကလေး လှပ်ကြည့်သွားရှာတဲ့ လူအများရဲ့ကယ် တင်ရှင် ဗုဒ္ဓအလောင်း သိဒ္ဓတ္ထသခင်ကို အာရုံခံစား ဂရုဏာမေတာပွားနေမိကြောင်းပါရှင်။ နန်းရင်ပြင်ကအထွက်၊ မာရ်နတ်ရဲ့ တာချက်ကို ရှောင်၊ အနော်မာသောင်အရောက်သွားပြီး ဃဋိကဗြဟ္မာမင်း ကပ်လှူတဲ့သင်္ဃန်းတော်ကို ဝတ်ရုံကြွမြန်း မြိုင်တောတန်းကို လှမ်းကြွသွား တော်မူပါတယ်။ ဒီအကြောင်းကို ဂီတစာဆိုကြီး လင်းခေးလုင်က- ကျီးသဲလေးထပ်ဆရာတော်ဘုရားရဲ့ အနာဂတ်ကျမ်းတော်မြတ်က ထုတ်ယူရေးသားတေးဖွဲ့သွားခဲ့ပါတယ်ရှင်။

(ဂေါတမမြတ်စွာဘုရားမှ)

အလောင်းတော် သိဒ္ဓတ္ထစံစားသော ပြဿဒ်မှာ ‘ရမရွှေနန်းဆောင်’ ၊ ‘သုရမရွှေနန်းဆောင်’၊ ‘သုဘရွှေနန်းဆောင်’ ..မောင်းမမိသံ လေး သောင်းရံကာ၊ ဗိမာရွှေလှော် ယသော်ဓရာခေါင်ဖျား၊ ဆယ့်သုံးနှစ်တိုင်တိုင် ရွှေအိမ်နန်းစံ၊ သားတော်မှာ “ရာဟုလာ” မည်ကျော်တာ…သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါး ဒိဌမြင်ပြန်လျှင်၊ ကဏ္ဍိကမြင်း ကကြိုးဆင်၊ ညသန်းကောင်ယံတွင် တိတ်တဆိတ်ပင်၊ ငယ်ကြင်နှင့်ရင်သွေး၊ ခဏပြေးမြင်၊ အနော်မာသောင်ကမ်းရောက်မှ ဆံတော်ပယ်ဖြတ်လို့၊ ဃဋိကဗြဟ္မာမင်းလှူသော ကြာသင်္ဃန်းကို ဝမ်းမြောက်ကြည်နူးစွာ ခံယူကာ၊ မြင့်မြတ်သောရဟန်းဘဝ ရယူလေတာ…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts