မှတ်စုမှတ်တမ်း အတွေးအမြင်

ဝင်းအောင်ကြီး – မြန်မာပြည်မှာ အာဏာသိမ်းခြင်းအစ ၁၉၅၈ က

ဝင်းအောင်ကြီး – မြန်မာပြည်မှာ အာဏာသိမ်းခြင်းအစ ၁၉၅၈ က

(သူ့ဖေ့စ်ဘွတ်) နိုဝင်ဘာ ၂၁၊ ၂၀၁၄

မြန်မာပြည်တွင် အာဏာရ ဖဆပလ ၂ ခြမ်းကွဲသွားချိန် စစ်တပ်က အာဏာသိမ်းလိမ့်မည်ဟု သတင်းများထွက်နေသော်လည်း ၀န်ကြီးချုပ်ဦးနုက မယုံ။ ၁၉၅၈ ခု၊ စက်တင်ဘာလ ၂၄ ရက်နေ့က ၀င်ဒါမီယာရှိ သူ့အိမ်ကို အမြောက်နှင့်ချိန်ထား၍ ကျောင်းသားခေါင်းဆောင်များက ၀န်ကြီးချုပ် လျှော့မပေးနဲ့ တောင့်ထားလို့ အားပေးကြသောအခါ၊ ကြောက်မွှးပါရင် ဇာဂနာနှင့်နှုတ်ပစ်မည်ဟု ပြောသည်။

၁၉၅၈ ခု၊ စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် သမိုင်းဝင်ဓာတ်ပုံပါလာ၏။ ဗိုလ်မှူးချုပ်အောင်ကြီးနှင့်သူ့ဒရိုင်ဘာက ရှေ့က နောက်ခန်းမှာတော့ ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဗိုလ်ချုပ်တင်ဖေ။ ၀န်ကြီးချုပ်အိမ်ကထွက်လာသောပုံ။

၁၉၅၈ ခု၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ဗိုလ်ချုပ်ကြီးနေ၀င်းအား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ကြောင်း သန့်ရှင်းဖဆပလ ခေါင်းဆောင် ဦးနုက အဆိုတင်သွင်းပြီး တည်မြဲဖဆပလ ခေါင်းဆောင် ဦးဗဆွေကထောက်ခံ၏။ ထွက်ဟေ့ဆိုကတည်းက လက်သံပြောင်လှသည့် ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်စောင့်အစိုးရလက်ထက် ရမ်းကားမှုတွေက အများကြီး၊ ဥပမာ၊ ကိုးကိုးကျွန်း။
စစ်တပ်က အာဏာသိမ်းမှန်းသိသော်လည်း သတင်းစာများက မရေးဝံ့။ ကျနော်နှင့်ခင်မင်သော တကသ ဥက္ကဌ ကိုခင်မောင်အုန်းက Legalization of coup de ta လို့ပြောသည်။ 

တိုင်းပြည်ကို ရေရှည်အုပ်စိုးသွားဖို့ ပြင်ဆင်မှုတွေလုပ်သည်၊ ဥပမာ မိတ္ထီလာမှတပ်မှူးများညီလာခံ။
ဖိနှိပ်မှုများအနက် သတင်းစာတိုက်များ ချိပ်ပိတ်ခြင်း၊ ရန်ကုန်တက္ကသိုလ်ကောင်စီမှ တကသ ကိုယ်စားလှယ်များ ထုတ်ပစ်ခြင်း၊ နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ၊ ကျောင်းသားခေါင်ဆောင်များအား ကိုကိုကျွန်း အကျဉ်းစခန်းသို့ပို့ခြင်းတို့ပါဝင်၏။ ကတိပေးထားသည့်အတိုင်း ၆ လအတွင်း ရွေးကောက်ပွဲ လုပ်မပေး၍ ဗိုလ်ချုပ်ကြီးနေ၀င်း ၀န်ကြီးချုပ်ဆက်လုပ်နိုင်ရေး နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ပခြေခံဥပဒေကို လွှတ်တော်က ပြင်ပေးရ၏။

ဗိုလ်ချုပ်ကြီးနေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံးသတင်းစာ ရှင်းလင်းပွဲလုပ်သည်။

နှစ်ပေါင်းများစွအကြာ နိုင်ငံခြားရောက်တော့မှ ဦးနုက သူ၏ တာတေစနေသားစာအုပ်တွင် စစ်တပ်က အာဏာသိမ်းခြင်း ဖြစ်ကြောင်းရေးသားသည်။ မြန်မာပြည်ကို လွတ်လပ်ရေးရစဉ်ကတည်းက စစ်တပ်ကသာ အုပ်ချုပ်နေသည်ဟု ထင်မှတ်မှားနေသော လူငယ်အချို့အတွက် သတင်းသမားတယောက်အနေနှင့် ဝေဖန်ချက်မပါ အချက်အလက်များကိုသာ ဝေငှလိုက်ရခြင်းဖြစ်ကြောင်းပါခင်ဗျာ။

ကျနော်ဝင်းအောင်ကြီးပါ။
၂၀၁၄ ခု၊ နိုဝင်ဘာလ ၁၉ ရက်နေ့။

(Photo Credit – Former Premier U Nu to Asiaweek, October 1988. – Photo: Dominic Faulder)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၀င်းအောင်ကြီး – မြန်မာပြည်မှာ အာဏာသိမ်းခြင်းအစ ၁၉၅၈ က
  1. မြန်မာပြည်မှာ အာဏာသိမ်းခြင်းအစ ၁၉၅၈ က ဆိုတာမှန်ပါတယ်။ ၁၉၅၈ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့က ၀န်ကြီးချုပ်ဦးနုကိုသွားတွေ့တဲ့စစ်ဗိုလ်သုံးယောက်မှာ ဗိုလ်တင်ဖေကဗိုလ်မှူးချုပ် (Brigadier) ပါ။ ဗိုလ်ချုပ် (Major General) မဟုတ်ပါ။ ဗိုလ်အောင်ကြီးနဲ့ဗိုလ်မောင်မောင်တို့ကဗိုလ်မှူးကြီး (Colonel)တွေပါ။ ဗိုလ်မှူးချုပ် (Brigadier မဖြစ်ကြသေးပါ။ အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မှူးကြီးအောင်ကြီးက ဗိုလ်မှူးချုပ်ဖြစ်လာတယ်။ နောက်သုံးလလောက်ကြာတော့ ဗိုလ်မှူးကြီးမောင်မောင်လည်းဗိုလ်မှူးချုပ်ဖြစ်လာတယ်။ လွတ်လပ်ရးရပြီးစကဗိုလ်နေဝင်းကို ဗိုလ်ချုပ် (Major General) အဆင့်နဲ့ ဒုတိယစစ်သေနာပတိခန့်တာကလွဲလို့ မြန်မာစစ်တပ်မှာ ဗိုလ်ချုပ် (Major General) အဆင့် ပျောက်သွားတာ ၁၉၇၆ အထိပါ။ ၁၉၇၆ မဆလခေတ်မှာ ဗိုလ်ချုပ်ကြီးတင်ဦးကို ဦးနေဝင်းကဖြုတ်လိုက်ပြီး ဗိုလ်မှူးချုပ်ကျော်ထင်ကို စစ်ဦးစီးချုပ်ခန့်ရာမှာ ဗိုလ်ချုပ် (Major General) အဆင့်ပဲပေးတယ်။ ဗိုလ်ချုပ်ကျော်ထင်ဟာ နောက်သုံးလလောက်ကြာတော့မှ ဗိုလ်ချုပ်ကြီးအဆင့်ရတယ်။

Comments are closed.