ခိုင်မာကျော်ဇော သူတို့အာဘော်

ခိုင်မာကျော်ဇော – ကျောင်းသား သပိတ်ကို ထောက်ခံအားပေး ၀န်းရံကြပါ

ခိုင်မာကျော်ဇော – ကျောင်းသား သပိတ်ကို ထောက်ခံအားပေး ၀န်းရံကြပါ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄

ကျမဟာ နေ၀င်းအစိုးရတက်လာတဲ့ တော်လှန်ရေးကောင်စီခေတ် မဆလ ခေတ်မှာ မွေးခဲ့ပြီး အဲဒီခေတ်ရဲ့ ပညာရေးစနစ်အောက်မှာ လူလားမြောက်ခဲ့ရသူတယောက်ပါ၊ ဒီတော့ စစ်ကျွန်ပညာရေးကိုသာ သင်ကြားခွင့်ရခဲ့ပါတယ်၊ တိုင်းရင်းသားတယောက်အနေနဲ့ ပြောရရင်တော့ အဲ့ဒီ စစ်ကျွန်ပညာရေးရဲ့ မြန်မာသမိုင်းစစ်မျက်နှာမှာ အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် အခြေအနေအရ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ တွေကို ရောင်စုံသူပုန်တွေဆိုတဲ့ သမိုင်းအမှားကိုပဲ သင်ကြားခဲ့ရပါတယ်။ အဲ့ဒီသမိုင်းအမှားတွေကိုပဲ အမှန်ထင်ပြီး တိုင်းရင်းသားတွေဆိုတာ တိုင်းပြည်ကို အဖျက်အမှောင့်ပြုကြတဲ့သူတွေလိုပဲ ကျမ ခေါင်းထဲမှာ နှစ်ပေါင်းများစွာ စွဲခဲ့ပါတယ်၊

၁၉၈၈ ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့ပြီးနောက် တော်လှန်ရေးနယ်မြေကိုရောက် ကိုယ်တိုင် သူပုန်ယောက်ဖြစ်လာမှပဲ တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်ရတယ်၊ တိုင်းရင်းသား အခွင့်အရေးတွေ ဘယ်လောက်ဆုံးရှုံးနစ်နာခဲ့ရတယ်၊ တိုင်းရင်းသားစာပေ သင်ကြားခွင့်တွေ ဘယ်လောက်ထိ ပိတ်ပင်ခံနေရတယ်ဆိုတာ သိလာရသလို ငါကရော ဘာကြောင့် ငါ့လူမျိုးရဲ့  ငါ့စာပေကို သင်ကြားခွင့်
မရခဲ့သလဲဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့ရပါတယ်၊
စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသား စာပေသင်ကြားခွင့်ကို အားလည်းမပေးသလို ကိုယ်ထူကိုယ်ထ သင်ကြားနေကြတဲ့ ဘယ်တိုင်းရင်းသား စာပေကိုမှလည်း လွတ်လွတ်လပ်လပ်လည်း သင်ကြားခွင့် မပေးခဲ့ပါဘူး၊ မျိုးချစ်စိတ်ရှိကြတဲ့ ကရင်၊ မွန်၊ ရှမ်း စတဲ့တိုင်းရင်းသားတချို့ ဟာ စာပေပျောက် လူမျိုးပျောက်ဖြစ်မှာစိုးကြတဲ့ အတွက် သူတို့ ရဲ့ စာပေတွေကို ဘုန်းကြီးကျောင်းတွေ နီးစပ်ရာကျောင်းတွေ ပုန်းလျိုးကွယ်လျိုး သင်ကြားရတဲ့ အခြေအနေမျိုးကိုပဲ တွေ့ ရပါတယ်၊ ဒါဟာ တိုင်းရင်းသား စာပေတွေ ပျောက်အောင် တိုင်းရင်းလူမျိုးတွေ ပျောက်အောင်လုပ်တဲ့ မဟာဗမာ ပညာရေးစနစ်ကို စစ်အစိုးရက စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ ၊ တချိန်ထဲမှာပဲ ငါက ဗမာကြီး အကိုကြီး၊ မင်းက ကရင်လေး ညီလေးဆိုတဲ့ တိုင်းရင်းသားတွေကို တဆင့်နှိမ့်ချ မဟာဗမာဝါဒဆန်တဲ့ ပညာရေးပုံစံမျိုးတွေကိုလည်း အမျိုးသားပညာရေး စနစ်ရဲ့ သင်ရိုးညွန်းတန်းတွေမှာ ပါရှိနေတာကိုလည်း ကျမအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး တန်းတူရည်တူရှိတဲ့ ပညာရေးစနစ်ပေါ်ပေါက်ဖို့ တောင်းဆိုနေတဲ့ ကျောင်းသားသပိတ်ကို ကျမ အပြည့်ဝထောက်ခံပါတယ်။ အခု စစ်အစိုးရရဲ့ အမျိုးသားပညာရေးစနစ်ကို ပြောင်းလဲပစ်ဖို့  ကျောင်းသူကျောင်းသားတွေ လမ်းပေါ်ထွက် ချီတက် ဆန္ဒပြ သပိတ်မှောက်နေကြပါပြီ။ ဒီကျောင်းသူကျောင်းသားတွေထဲမှာ တက္ကသိုလ်ပေါင်းစုံ၊ ကျောင်းပေါင်းစုံမှာ ပညာသင်ကြားနေကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်၊ ပလောင်စတဲ့ တိုင်းရင်းသား ကျောင်းသူကျောင်းသားတွေလည်း ပါဝင်ပါတယ်။တနည်းအားဖြင့် အခု သပိတ်ဟာ နောက်လာမယ့် ကျမတို့ ရဲ့ တိုင်းရင်းသားမျိုးဆက်သစ်လေးတွေ သမိုင်းအမှားတွေ သင်ကြားမခံရဖို့  ကျမတို့  တိုင်းရင်သားတွေကို သောင်းကျန်းသူတွေ သူပုန်တွေလို့  မျိုးဆက်သစ်တွေရဲ့  ခေါင်းတွေထဲကို ရိုက်သွင်းမခံရဖို့ အတွက် တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ ဒီအတွက် တိုင်းရင်းသားအဖွဲ့ တွေအနေနဲ့ ယခု ကျောင်းသားသပိတ်ကို မိမိတို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ အတတ်နိုင်ဆုံး ထောက်ခံအားပေး ၀န်းရံကြပါဖို့  မေတာရပ်ခံ ပန်ကြားလိုပါတယ်။
(နိုင်ဝင်ဘာ ၁၈၊ ၂၀၁၄)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts