ဝေဖန်ရေးရာ
မင်းကောင်းချစ် – ခြင်းကြားကြီးနဲ့  ရေသယ်နေတဲ့တိုင်းပြည်
မင်းကောင်းချစ် –  ခြင်းကြားကြီးနဲ့  ရေသယ်နေတဲ့တိုင်းပြည်
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် စစ်ရဲ့အထုအထောင်းဒါဏ်ကို နိုင်ငံပေါင်းများစွာဟာ အလူးအလဲ ခံခဲ့ကြရတယ်။ စစ်နိုင်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေတောင် စစ်စာရိတ်ပိလို့ စီးပွားရေး တွေကျ ဆင်းရဲခဲ့ရတယ်။ ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ လို စစ်ရှုံးနိုင်ငံတွေကတော့ပြောဖွယ်ရာမရှိတော့။ ဖွတ်ကျောပြာစု မွဲထုကြီးအောက်ပြားပြားမှောက်ခဲ့ရတယ်။ ဆင်းရဲတွင်းပြာပုံထဲကတိုးထွက်လါနိုင်အောင် စက္ကန့် တိုင်း၊ မိနစ်တိုင်းကို တန်ဘိုးထားပြီး ကျိုးစားအလုပ်လုပ် ခဲ့ကြတာပါ။ အခုတော့လည်းအဲ့ဒီစစ်ရှုံးနိုင်ငံ တွေဟာ… ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေပြန်ဖြစ်လို့ ချမ်းသာကြွယ်ဝနေကြပါပြီ။
ဟိုတလောက… အစိုးရ၀န်ထမ်းဌာနအကြီးအကဲ ဖြစ်နေတဲ့…ကိုယ်နဲ့ ကျောင်းနေဘက်သူငယ်ချင်း လူရိုးကြီးတယောက်က ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာ သူ့ ဌာန၀န်ထမ်းတွေ ရုံးဝင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခူးဆွတ်နေကြတဲ့ပုံတင်ထားတာတွေ့ လိုက်တော့.. ပထမတော့ပျော်စရာကြီး ပါလားပေါ့လို့ တွေးဝမ်းသာမိပေမဲ့…နောက်တော့အစိုးရ၀န်ထမ်းတွေ..အလုပ်မရှိဘဲ တော်တော်အားလပ် နေကြပါလား…မလိုအပ်ဘဲခန့် ထားတဲ့ ပိုလျှံဝန်ထမ်းတွေနဲ့ လစာကလည်း ထိုက်ထိုက်တန်တန်မရကြတော့ ကျိုးကျိုးစားစား အလုပ်ကောင်းကောင်းမလုပ်ကြ၊ တချို့ဌာနတွေဆို အလုပ်တောင်မယ်မယ်ရရမရှိဘဲ့ မလိုအပ်ဘဲ ဖန်တီးဖွဲစည်း ထားတော့ လုပ်အားတွေဆုံးရှုံးနေတာ တိုင်းပြည်အတွက်နစ်နာနေရတာ အများကြီးပါလားလို့ ဆက်တွေးမိလါတယ် ။
အဲ့ဒါနဲ့ စိတ်ဝင်စားလာပြီး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ အချိန်နဲ့ လုပ်အားလေလွင့်မှု့တွေ၊ ဆုံးရှုံးမှု့တွေ ဘယ်လောက် ရှိနိုင်မလဲဆိုတာ လူပြိန်းတွက်တွက်ကြည့်ရင်း.. ခန့် မှန်းခြေ ရလာဒ်ကိုကြည့်ပြီး ကြောက်လာ မိတော့တယ် ။ ဒီနယ်ပယ်ကိုတတ်သိနားလည်တဲ့ ပညာရှင်တွေတွက်ချက်ကြည့်ရင် ပိုတိကျတဲ့အဖြေကို သိနိုင်မှာပါ။
ဆိုပါစို့  … တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေအပါအ၀င် တို့ တိုင်းပြည်မှာ…အစိုးရ၀န်ထမ်းဦးရေ (၁) သန်း ရှိတယ်လို့ ယူဆကြပါစို့  ။ အလုပ်ချိန်နောက်ကျလါတာ၊ အလုပ်ချိန်တွင်းကလစ်ထွက်တာ၊ အလုပ်ချိန် တွင်းကိုယ်ပိုင်အလုပ်လုပ်နေတာ…အလုပ်ချိန်စောပြီးဆင်းတာ၊ အလုပ်ချိန်အတိုင်းလါမလုပ်ဘဲ လစာ ထုတ်နေတာ… အလုပ်မရှိလို့ ထိုင်နေကြတာ… ဒါတွေအသေးစိတ်မတွက်တော့ဘဲ…တနေ (့၈)နာရီလုပ်ရမှာ အားလုံးအတွက်…တနေ့ ပျမ်းမျှ (၂ ) နာရီအလုပ်မလုပ်ဘူးလို့ ဘဲယူဆလိုက်ကြပါစို့ ။
အဲ့ဒါကိုအခြေခံပြီး တရက်ထဲနဲ့ တင် မြန်မာနိုင်ငံရဲ့လုပ်အားဆုံးရှုံးမှု့ဘယ်လောက်ရှိသလည်းဆိုတာ တွက်ကြည့်လိုက်တဲ့အခါ…
၁,၀၀၀,၀၀၀ × ၂ = (၂,၀၀၀,၀၀၀) နာရီ လေလွင့်ဆုံးရှုံးနေတာတွေရပါလိမ့်မယ် ။
ကျွန်တော်တို့ နိုင်ငံဟာ… နေ့ စဉ်နေ့ တိုင်းမှ နာရီ (၂) သန်း လုပ်အားတွေ ဆုံးရှုံးနေတဲ့သဘောပါ ။ တနည်းအားဖြင့်ပြောရရင်…. တရက်..တရက်တိုင်းမှာ.. ကျွန်တော်တို့ တိုင်းပြည်ဟာ.. သူများတိုင်းပြည်နောက် နာရီ (၂) သန်း နောက်ကျကျန်ရစ်ခဲ့တာပါ
သူများတွေကနေ့ စဉ်ရှေ့ဆက်တိုးတက်နေပြီးကျွန်တော်တို့ ကတော့ နေ့ စဉ် နောက်ကျကျန်ရစ်နေတာပါ ။
ဒီလိုဖြစ်ခဲ့တာနှစ်ပေါင်းဘယ်လောက်ကြာပါပြီလည်း…စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် ကနေ ဒီနေ့ အချိန်ထိ ရက်ပေါင်းဘယ်လောက်ရှိပါပြီလည်း…
(၅၂) နှစ် × ၃၆၅ ရက် = ၁၈,၉၈၀ ရက် ရှိပါပြီ ။
အဲ့ဒီ စုစုပေါင်းရက်တွေကို…တရက်မှာဆုံးရှုံးနေတဲ့လုပ်အားနာရီ (၂) သန်းနဲ့ မြှောက်ကြည့်လိုက်ရင်…
၁၈,၉၈၀  × ၂ သန်း = နာရီပေါင်း (၃၇,၉၆၀,၀၀၀,၀၀၀ ) ရပါတယ် ။
တနာရီလုပ်ခ  အမေရိကန် တစ်ဒေါ်လာ နဲ့ ဘဲ တွက်ကြည့်လိုက်ရင်… US$ ဒေါ်လာ သန်းပေါင်း သုံးသောင်းခုနှစ်ထောင်ကျော် ဆုံးရှုံးခဲ့ပြီးပါပြီ ။
တကယ်လို့ ဆေးဝါးကရိယာစုံတဲ့ ဆေးရုံတရုံဆောက်ဖို့ ၊ နိုင်ငံတကာအဆင့် တက္ကသိုလ်တခုဆောက်ဖို့ ၊ အဆင့်မြင့်ဈေးကြီးတခုဆောက်ဖို့ ၊ ပြည်သူ့ ဥယာဉ်ပန်းခြံကြီးတခုဆောက်ဖို့ ၊ ကမ္ဘာ့အဆင့်မှီစာကြည့်တိုက်ကြီး တခုဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ စီကုန်မယ်ဆိုကြပါစို့ …
အထက်မှာတွက်ပြခဲ့တဲ့ ငွေပမာဏနဲ့ ဆို ဆေးရုံပေါင်း (၃၇) ရုံ ၊ တက္ကသိုလ် (၃၇) ခု၊ အဆင့်မြင့်ဈေးကြီး(၃၇) ဈေး၊ ပန်းခြံကြီး (၃၇)ခုနဲ့  ကမ္ဘာ့အဆင့်မှီ စာကြည့်တိုက်ကြီး (၃၇)ခုတည်ဆောက်လို့ ရနိုင်ပါတယ်။
ဒါမှမဟုတ် မြန်နှုန်းမြင့်ကျည်ဆံရထားလမ်း နဲ့  ကမ္ဘာ့အဆင့်မှီအဝေးပြေးလမ်းမကြီးတည်ဆောက်ဖို့  အမေရိကန်ဒေါ်လာ (၄) ဘီလီယံစီကုန်ကျမယ်ဆိုကြပါစို့ …
တိုင်းပြည်အတွက်လည်း တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။
မြန်မာနိုင်ငံမှာ အဲ့ဒီအချိန်နဲ့ လုပ်အားဆုံးရှုံးမှု့လိုဘဲ အလွန်အန္တရာယ်ကြီးမားပြီး လေလွင့်မှု့တွေကို မတွက်ချက်နိုင်အောင် အဟောသိကံ ပေါက်ကျ နစ်နာနေရတဲ့ တခြားယိုပေါက်ကြီး ကိုးပေါက်လည်း အောက်ပါအတိုင်းရှိနေတာ ရာစုနှစ်ဝက်ကျော်နေပါပြီ။။
၁) သယံဇာတ ဆုံးရှုံးလေလွင့်ယိုစီးမှု့ ( Natural Resources Drain )
၂) နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးလေလွင့်ယိုစီးမှု့ ( Finance/Budget Drain )
၃) ငွေကြေးအရင်းအမြစ်နဲ့ ရင်းနှီးမြုပ်နှံမှု့များ ပြောင်းရွေ့ လျှော့ပါးကျဆင်းမှု့ ( Capital Drain)
၎) ဦးနှောက် ယိုစီးမှု့ ( Brain Drain )
၅) ကဏ္ဍအသီးသီးမှာ.. အရည်အသွေးနိမ့်ပါးလျှော့ကျမှု့ ( Quality Drain )
၆) နိုင်ငံသားအခွင့်အရေးနှင့် လူ့ အခွင့်အရေး လူ့ တန်ဘိုးပျောက်ရှဆုံးရှုံးမှု့ ( Human Rights Drain )
၇) ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းနှင့် ရှေးဟောင်းအမွေအနှစ်များယိုယွင်းပျက်ဆီးမှု့(Culture and Heritage Drain )
၈) အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲပျက်သုဉ်းမှု့ ( National Unity Drain )
၉) ကိုယ်ကျင့်သီလစာရိတ္တများ ယိမ်းယိုင်ပျက်ဆီးမှု့ ( Character Drain )
၁၀) လုပ်အားဆုံးရှုံးလေလွင့်မှု့ ( Labour Drain )
အဲ့ဒီ ယိုပေါက်ကြီး (၁၀)ပေါက်ကနေ …တိုင်းပြည်ရဲ့ အဖိုးတန် အရာများစွာဟာ… စက္ကန့် တိုင်းမိနစ်တိုင်းမှာ ဒလဟောပေါက်ယိုစီးကျလေလွင့်ဆုံးရှုံးနေပါတယ် ။ အဲ့ဒီထဲကတချို့အရာတွေဟာ… ဘယ်တော့မှ အစားပြန် မရနိုင်တော့ပါဘူး ။
နှစ်ပေါင်း(၅၀)ကျော် အဲ့ဒီလို လေလွင်းဆုံးရှုံးရင်း အဖက်ဖက်ကချွတ်ခြုံကျပြီး တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံစာရင်းဝင်ခဲ့ရတာမဟုတ်လား ။ အုပ်ချုပ်ပုံစနစ်ကမမှန်၊ တတ်သိပညာရှင်ကို နေရာမပေး၊ အ၀င်က နည်းနည်း အထွက်နဲ့ ယိုပေါက်ကများများ ၊ ကုန်ကြမ်းလောက်သာရောင်းစားတတ်ပြီး ကုန်ချောမထုတ်တတ်၊ အလုပ်အကိုင်တွေရှား ပစ္စည်းတွေရှား၊ လမ်းပန်းဆက်သွယ်ရေးကမကောင်း၊ ကုန်ဈေးနှုန်းတွေကကြီးသထက် ကြီးလာ၊ ငွေကြေးဖေါင်းပွ၊ လူမှု့ဘ၀တွေနိမ့်ကျ၊ ပညာမတတ်တော့ မုန့် လုံးစက္ကူကပ်ရင်း ဆင်းရဲသံသရာလည် နေရတာမဟုတ်လား။
ဒီပြသနာကို ဆေးမီးတိုနဲ့ ကုလို့ မရဘူး ။ အပြကောင်းယုံ တနပ်စားဥာဏ်ပြုပြင်ပြောင်းလည်းရေးနဲ့  တို့ ကနန်းဆိတ်ခနန်း လုပ်နေလို့ ပြေလည်မသွားနိုင်ဘူး ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လာမည့် ဘဏ္ဍာရေးနှစ်မှစတင်ပြီး နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၏ လစာစရိတ် များကို တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းတယ်ဆိုတဲ့ သတင်းဖတ် လိုက်ရတယ်။
ဝန်ထမ်းတွေကို ထိုက်တန်တဲ့လစာတိုးပေးရမှာလိုအပ်ချက်တခုပါ။ ဒါပေမဲ့ လစာတိုးပေးရုံ တခုထဲနဲ့  တက်ပြီးရင်းတက်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု့ပြသနာကို မဖြေရှင်းနိုင်ဘူး။ တိုတောင်းတဲ့အချိန်ကာလ တခုအတွင်းဖြေရှင်းလို့ မရနိုင်ပေမဲ့ ရိုးသားမှု့ကစေ့ဆော်တဲ့ စေတနာအမှန်နဲ့  အခြေခံကျတဲ့ပြုပြင်ပြောင်းလဲ မှု့တွေလုပ်ဖို့ လိုတယ်။
အရေးကြီးဆုံးက ပြည်တွင်းစစ်ရပ်ပြီး ငြိမ်းချမ်းရေးရဖို့ အဓိကလုပ်ရမယ်။ နိုင်ငံရေး တည်ငြိမ်မှ စီးပွားရေးလုပ်လို့ ရမယ်၊ ဖွံ့ ဖြိုးရေးလုပ်လို့ ရမယ်။ တရားဥပဒေစိုးမိုးအောင်လုပ်ရမယ်။ လာဘ်ပေးလာဘ်ယူနဲ့ ခြစားမှု့ကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လိုတယ်။ အလေအလွင့်နည်းအောင် လုပ်ကြရမယ်။
ကမ္ဘာ့အဆင့်မှီတဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ လိုအပ်တဲ့ အခြေခံနဲ့ အပေါ်ထပ်အဆောက်အအုံတွေ ( ဘဏ္ဍာရေး ငွေကြေးစနစ် ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ လောင်စာနဲ့ စွမ်းအင်လိုအပ်ချက် …စတာတွေ ) တည်ဆောက်ရမယ်။
ပြည်တွင်းအလုပ်အကိုင်တွေဖန်တီးပေးမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေ အဂတိ ကင်းကင်းနဲ့  ဖိတ်ခေါ်လုပ်ကိုင်စေရမယ်။ ၀န်ထမ်းတွေကိုပြန်လည်စီစစ်ရမယ်၊ ပိုလျှံဝန်ထမ်းတွေ ဖယ်ရှားဖို့ လိုတယ်။ တချိန်ထဲမှာဘဲ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေတိုးတက်အောင် ( Capacity Building ) လုပ်ကြရမယ်။ ပညာရှင်တွေနေရာပေးပြီး အမျိုးသားစီမံကိန်းကြီးတွေ စနစ်တကျလေ့လာချမှတ်ရမယ်၊။ ကုန်ချော ( Value Added Products & Services ) တွေပြည်တွင်းကနေ ထုတ်နိုင်အောင်စီမံလုပ်ဆောင်ကြ ရမယ်။  ရေရှည်ခံမဲ့ စီးပွားရေး ( Sustainable Economy ) တိုးတက်မှု့ရအောင် အထက်မှာပြောခဲ့တဲ့ ပြုပြင် ပြောင်းလဲမှု့တွေ ဟန်ချက်ညီညီ လုပ်နိုင်ပါမှ တဖြေးဖြေးချင်း စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု့က ကုန်ဈေးနှုန်းကို တည်ငြိမ်အောင်ထိန်းနိုင်လာလိမ့်မယ်။
ဒါကြောင့်အထက်မှာပြောခဲ့တဲ့ မြန်မာပြည်ရဲ့ ယိုပေါက်ကြီးတွေကို..အမြန်ဆုံး ဖာထေး ပိတ်ဆို့ ကြဖို့ ၊ ခြင်းကြားကြီးနဲ့ ရေသယ်နေတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့် ပစ်ရမှာ… နိုင်ငံသားအားလုံးနဲ့  ပြည်သူ့ အစေခံအစိုးရရဲ့ သမိုင်းပေးတာဝန် ကြီးတရပ်ဘဲဆိုတာ အသိပေးလိုက်ပါတယ်။
လေးစားစွာဖြင့်
မင်းကောင်းချစ်
နိုဝင်ဘာလ (၁၃)ရက် ၊ ၂၀၁၄ ခုနှစ်
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “မင်းကောင်းချစ် – ခြင်းကြားကြီးနဲ့  ရေသယ်နေတဲ့တိုင်းပြည်
Comments are closed.