Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – အစိုးရ၏ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတို့ အသံ

ဟန်သစ်နိုင် – အစိုးရ၏ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတို့ အသံ

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄

နိုဝင်ဘာ ၁၇ရက် မြို့တော်ခန်းမရှေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများမှ ကျောင်းသားများသည် အမျိုးသားကျောင်းပညာရေးဥပဒေကို ပြင်ဆင်ဖို့ သပိတ်မှောက် ဆန္ဒပြ တောင်းဆိုရာတွင် ၄ ရက်မြောက်ရှိပြီး ရက်ပေါင်း (၆၀)တိတိ ဆက်လက်တောင်းဆိုသွားမည်ဖြစ်သည်။ ရက်ပေါင်း (၆၀) အတွင်းတွင် ပညာရေးဥပဒေနှင့်ပတ်သက်ပြီး မြို့နယ်အသီးသီးမှ ကျောင်းသားများကို စည်းရုံးလှုံ့ဆော်သွားမည်ဖြစ်ပြီး ပြည်သူများ၏ အားပေးထောက်ခံမှု၊ အခြားအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုများ ပုံစံအမျိုးမျိုးဖြင့် သပိတ်မှောက် တိုက်ပွဲဝင်သွားမည် ဟု ကျောင်းသားများကပြောသည်။

ကျောင်းသားများက မေးမြန်းသည်များကိုပြောပြရာ “ကျနော်တို့က ဒီအစိုးရကို ဘယ်တော့မှလည်း မယုံကြည်ခဲ့ပါဘူး၊ အခုတောင်းဆိုမယ့်ရက်ပေါင်း ၆၀ဆိုတာဟာလည်း သူတို့လုပ်ပေးမယ်ဆိုလို့ ယုံကြည်လို့ တောင်းဆိုတာမဟုတ်ဘူး၊ ဒီအစိုးရရဲ့ အဖြစ်သရုပ်အစစ်အမှန်ဘာလဲဆိုတာကို တစ်နိုင်ငံလုံးကိုချပြချင်လို့ပါ” ဟုပြောသည်။

“နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအရေးအပေါ်အစည်းအဝေးကနေ ဒီလိုလုပ်ရှားမှုဖြစ်လာတဲ့ ကော်မတီပါ၊ ကျနော်တို့ရဲ့ကျောင်းသားခေါင်းဆောင်ဆိုတာ အခုထိုင်နေကြတဲ့ ကျောင်းသားအားလုံးပါဘဲ” ဟုပြောသည်။

“ရက်ပေါင်း ၆၀ဆိုတာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ တည်ဆဲအစိုးရက ကျနော်တို့ကိုသဘောတရား တစုံတရာညှိနိုင်းဖို့လိုအပ်တဲ့ အချိန်မျိုး သတ်မှတ်ပြီးပေးတဲ့ရက်ပါ ၊ ရက်ပေါင်း ၆၀ကျော်လာရင်ဘာဖြစ်မလဲဆိုတာ သမိုင်းက စကားပြောလာလိမ့်မယ်” ဟုပြောသည်။

“ မြန်မာနိုင်ငံပညာရေးဟာ မကောင်းတော့ဘူးလို့ နှစ်ဦးနှစ်ဖက်ပြောကြတဲ့အခါ မှာ အစိုးရကညှိနိုင်းမှုမယူဘဲ လွှတ်တော်မှာပြဌာန်းခဲ့ပါတယ်၊ ကျနော်တို့ကျောင်းသားသမဂ္ဂတွေရယ်၊ ဆရာဆရာမများ၊ အဖွဲ့အစည်းပေါင်းစုံ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တွေရယ် ကျနော်တို့ဘက်က အခိုင်အမာ ရှိပါတယ်” ဟုပြောသည်။

“ကျနော်တို့လိုချင်တဲ့အချက်ကိုမရမချင်းတောင်းဆိုသွားမယ်၊ ကျနော်တို့လိုချင်တဲ့အချက်မရဘူးဆိုရင် ဒီအစိုးရ မီးဟုန်းဟုန်းတောက်သွားစေရမယ်” ဟုလည်း ပြောလိုက်သည်။

ဆက်လက်ပြီးညနေ ၅နာရီ မြို့တော်ခန်းမရှေ့မှ တာမွေသို့ချီတတ်ရာလမ်းတလျှောက်တွင် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး – ဒို့အရေး၊ ဒီမိုကရေစီပညာရေး – ဒို့အရေး၊ ကျောင်းသားပြည်သူ လက်မခံသော အမျိုးသားပညာရေးဥပဒေ – အလိုမရှိ၊ သပိတ်သပိတ် – မှောက်မှောက်၊ အရေးတော်ပုံ – အောင်ရမည် ဟုစုပေါင်းကြွေးကြော် ခဲ့ကြသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts