(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄
တပျော်ကြီး ပျော်ကြမယ်လို့ တမျှော်ကြီး မျှော်လိုက်ရလို့ တန်ဆောင်တိုင်ပွဲတော်ကြီး ပြီးသွားခဲ့ပြီပေါ့။ ဒီတနှစ်…. တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲနဲ့ လွိုင်လင် မီးပုံးပျံပွဲအကြား.. စိတ်ကော ကိုယ်ပါ စုံနှစ် စီးဝင်ပြီး လူးလား ကူးခပ် စုန်ချီ ဆန်ချီ ခေါက်တုန့်ခေါက်ပြန် သွားလာခဲ့လို့ အမောကြီး မောနေရောပေါ့…။
ရောင်စုံ ဖြာထွက်လာမဲ့ မီးရှူး မီးပန်း အလှတွေကို ရင်ခုန်စေမဲ့ရှမ်းအိုးစည်နဲ့အပြိုင် ကခုန်မြူးတူးစေချင်တဲ့ဆန္ဒရယ်….. အစိုးမရတဲ့ မိုး သား မိုးရိပ်တွေ ကိုရင်မောစေလို့ သောက အမောတွေရယ်… တူနှစ်ကိုယ်ရယ်ထဲ အားပေးကြည်နူးစေချင်တဲ့ဆုတောင်းရယ်ဆိုတဲ့ ရင်ထဲက အမောက အမောတကာ့ အမောဆုံးပါဘဲလေ ….၊၊
သွားလာခဲ့ လှုပ်ရှားပါဝင်ခဲ့ မြင်ခဲ့ ကြားခဲ့သမျှ အရာရာဟာ အတွေ့အကြုံရယ်လို့ဆိုခဲ့ရင်….တောင့်တတိုင်း မကြုံဆုံခဲ့တာကိုလည်း ရင့် ကျက်မှုတခုရယ်ဘဲလို့ ဆိုရမလို…တနှစ်တခါ တန်ဆောင်တိုင်..ဘယ်ပြေးမလဲ .. ? တန်ဆောင်တိုင်ပွဲတော်ကြီးက ရှိမြဲ ရှိနေမယ်။ ရင်ထဲ ကဆန္ဒတွေလည်း ရှိမြဲ ရှိနေမယ်။ အချိန်ကာလ စက်ဝိုင်းကြီးကလည်း လည်မြဲ လည်နေမယ်။ ကံကောင်းခြင်းလက်ဆောင်ကလည်း လာမြဲလာနေမယ်… ဆိုတော့ အဲဒီနေ့ အဲဒီည မီးရှူး မီးပန်းရဲ့အလှနဲ့ ကြင်သူရဲ့အပြုံး အတူတူ တွဲကတဲ့ည.. အိုးစည်သံနဲ့ ရင်ခုန်သံ စည်း ချက်ညီတဲ့ည။ ရိုးရာ သံပြိုင်ဟစ်ကြွေးသံနဲ့ ကြင်သူရဲ့လက်ခုတ်သံ တသားထဲကျတဲ့ည… အဲဒီည အဲဒီညအတွက် စနေဒေါင့်မှာ ပန်းလှူ လိုက်လေဦးမလား……? ၊၊
ထိုင်နေ တွေးနေ ငေးနေယုံမျှနဲ့တော့ ရလာဒ်အဖြေက သုည။ သွားနေ လာနေ ကြုံနေ မြင်နေတာက အရာရာ အမြတ်ဆိုသလိုပါဘဲ…
အမြဲ တွေးဆ စိတ်ကူး လှုပ်ရှားနေသူ။ လုပ်သင့်လုပ်ထိုက်တာတွေ အစီအစဉ်ကျကျ တခုပြီးတခု အလုပ်လုပ်နေသူတွေ ခေတ်ရေစီးကြောင်း အလိုက် မျှောပါအောင် ကြိုးစားနေသူတွေအတွက်တော့ နက်ဖြန်တိုင်းဟာ တောက်ပနေမယ်။ အနာဂတ်ဟာ ထွန်းလင်းနေမယ် အိမ်မက် တွေကလည်း ရှင်သန်နေမယ်ဆိုတာ မလွဲဧကန်။
တောက်ပထွန်းလင်းနေတဲ့အနာဂတ်ရဲ့ အခြားတဖက် …. ရှင်သန်လန်းဆန်းနေတဲ့ အိမ်မက်ရဲ့ဆန့်ကျင်ဖက်… အရွယ်လွန် တနယ်သား တ ယောက်တော့….ဟောင်းမြဲ ဟောင်းနေဆဲ…တွေးမြဲ တွေးနေဆဲ.. တမ်းတမြဲ တမ်းတနေဆဲ…လွမ်းမြဲ လွမ်းနေဆဲ……။ အဟောင်းအနွမ်း ထဲက တမ်းတမ်းတတ သတိတရ အမှတ်ရနေတာကတော့ တချိန်က ကားကြီးတစီးကိုပါဘဲ….၊၊
ဒီနေ့ခေတ် မြို့တော် တောင်ကြီးနဲ့လွိုင်လင်အကြား လွယ်လွယ်ကူကူ.. သက်တောင့်သက်သာ သွားလာလိုက်၊ ခေါက်တုန့်ခေါက်ပြန် ဥဒ ဟို သွားပြန်ကြတာကို မိတ်ဆွေ အပေါင်းအသင်းရဲ့ကားကောင်းတွေ… နောက်ဆုံးပေါ် ဇိမ်ခံကားလိုင်းတွေ…. စိတ်သန်ရာ စိတ်ပါရာ ဆိုင် ကယ်တွေနဲ့ အဆင်ပြေနေတာတွေ့ရတော့ …… အတိတ်က သွားလာခဲ့တာ ပြန်မြင်ယောင်မိခဲ့ရပြန်ပြီပေါ့တခါ….၊၊
အစိုးရ ရုံးစိုက်ရာ မြို့သက်သက် ရည်ရွှယ်တည်ဆောက်ထားတဲ့ မြို့လွိုင်လင်က လမ်းဆုံမြို့ တမြို့ရယ်လို့ရယ်လို့လည်း ပီပီပြင်ပြင် ရပ်မ တည်နိုင်။ ရှမ်းပြည်အလယ်ပိုင်း ပင်လုံ လဲချား မိုင်းကိုင်ကို ထိုးထွက်စေတဲ့လမ်းကြောနဲ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုးင်းတုံကို ဆက်သွားစေ တဲ့ နမ့်စန် ကွန်ဟိန်း လမ်းကြောတို့ စခွဲထွက်စေတဲ့မြို့ဆိုပေမယ့်လည်း မြို့တော် တောင်ကြီးနဲ့ ၅၇ မိုင်သာဝေးကွာရတဲ့အဖြစ်က လမ်းဆုံ လမ်းခွဲအပေါ် လွမ်းမိုးလိုက်ရတာဟာ မြို့တမြို့ရဲ့ ကံကြမ္မာရယ်လို့ဘဲ ဆိုပါတော့လေ….၊၊
ဖြတ်ရုံသာဖြတ်သွားပြီး မနားခဲ့ပေမဲ့ ဒီမြို့လေးက အိနြေ္ဒသိက္ခာအပြည့် … တည်တည်ငြိငြိမ် … အေးအေးချမ်းချမ်း….။ မြို့နယ်ပေါင်းစုံ ရုံးစိုက်ရာ မြို့တမြို့အဖြစ် ကိုလိုနီခေတ် ဒီဇိုင်းနဲ့ တည်ငြိမ်လှပတဲ့မြို့လေးက အရာရာ အသားကျနေသလို မတုန်မလှုပ် အေးစက်စက်၊၊
အဲဒီအချိန် အဲဒီအခါက မြို့တော် တောင်ကြီးကို တနေ့ ကား ၃ စီးမျှသာ..တခါတလေ ၄ စီး၊ အနီးဆုံး ပင်လုံကိုတော့ ဈေးနေ့မှာ ၂စီး ..ကြားရက်မှာ ကားတစီးတောင် ဖြစ်ဖြစ်ညစ်ညစ်၊ လေတပ်ရှိရာ နမ့်စန်ကိုတော့ ပုံမှန်ဂျစ်ကားတစီးသာ ပြေးဆွဲတော့ ထူးထူးခြားခြား လှုပ်လှုပ်ရှားရှား မရှိ.. မြို့ရေကန် ရေပြင်လို…ပကတိ ငြိမ်သက်…..။ ပြေးဆွဲကားအမျိုးအစားကလည်း ဒုတိယကမ္ဘာစစ်ပြီးစ ဂျစ်ကားအိုနဲ့ စစ်ကြီးမတိုင်ခင်က စလွန်းကားအိုတွေဆိုတော့ ဘယ်နေရာ ဘယ်အချိန်ကားထိုးရပ်မလဲ …ဘာဖြစ်သွားမလဲဆိုတဲ့အပူလုံးတွေနဲ့ မီးခိုးမှိုင်း .. ဓါတ်ဆီ အငွေ့အသက်တွေရောပြီး မွန်းလှောင်ပိတ်ကြပ်ပြီး စီးရတာလဲ မသက်မသာ…မချိမဆံ့။ ဒါပေမဲ့လည်း သူ့ခေတ် သူ့အရပ် သူ့ ဇာတ် သူ့အကနဲ့တော့ လိုက်ဖက်နေသား …မြိုင်ဆိုင်နေသား…အားပေးနေသား….။ အပြစ်ရယ်လို့ မဆိုမိ။ မငြူဆူမိ..။ ကားအို ကား ဟောင်းတွေနဲ့ မြို့လွိုင်လင်က ဟာမိုနီဖြစ်နေတာလည်း သဘာဝကျကျ…..၊၊
အဲဒီလို ကားဟောင်းကားအိုတွေကြားက ၅ ရက်တခါ ဈေးနေ့ ပတ်လည်လှည့်မှာ ၄ ရက် ကားပြင်ပြီး ဈေးနေ့ တနေ့တာအတွက် လွိုင်လင်ကနေ တောင်ကြီးအထွက် ၄ မိုင်အကွာမှာရှိတဲ့ ပအို့ဝ်ရွာလေးတရွာကို ဈေးအကြိုအပို့လုပ်ပေးတဲ့ ဂျီအမ်စီ ကားအိုကြီးတစီး အကြောင်း ရေးပြချင်တာပါ..။
အမှန်တကယ် ဘုရားစူးပါရစေရဲ့။ လေးရက်လုံးလုံး ကားတစီးကို ကြိုးစားပမ်းစား တပင်တပန်းပြင်ဆင်နေတာက အဲဒီရွာနဲ့ လွိုင်လင်ဈေးကို
အကြိုအပို့လုပ်ပေးယုံ သက်သက်တခုထည်းပါ။ ဈေးနေ့ မနက်အစောကြီး မိုးဘယ်လောက်ပဲရွာရွာ၊ နှင်းဘယ်လောက်ပဲကျကျ ဘယ်လို ပဲ အချမ်းပိုပို အချိန်မှန် ပုံမှန် အဲဒီရွှာကို အရောက် ကြိုးစားပမ်းစားမောင်းလာသူက ရပ်ကွက်(၁) ရုံးကြီးလမ်းမှာ နေတဲ့ ကိုကိုင်းလက်ဆိုသူရဲ့အဖေအဖိုးကြီးအိုတယောက်ပါ…….၊၊
နှစ်ပေါင်းများစွာ ဈေးနေ့ပေါင်းများစွာ အချိန်မှန်ရောက်လာတဲ့ အဲဒီဈေးကားပေါ်ရွာလုံးကျွတ် နီးပါး ကိုယ့်ခြံမြေထွက် သီးနှံ ..သီးရွက် ..သစ်ဥ ..သစ်သီးခြင်းတောင်းတွေနဲ့ တပျှော်တပါး တရင်းတနှီးတက်ထိုင်လိုက်တာက ကားကြီးတစီးလုံးပုံသဏ္ဍာန်ပျောက်သွားလေမလား …ထိအောင်ပါဘဲ… ကားအထဲ အပြင်ခေါင်မိုး …ကားသမားဘေးနှစ်ဖက် .. ရှေ့စက်ဖုံး အပေါ်မက ကားဘီးရွှံ့ကာနှစ်ဖက် အပါအဝင်.. ဘယ်နေရာမဆို ဘယ်နေရာမှ မလွတ်…..။ ထိုင်တဲ့ပုံစံ ရှိနေတဲ့လူဦးရေက ဈေးနေ့တိုင်း အပတ်စဉ်တိုင်း ပုံသေသတ်မှတ်ထား ပေးသ လို အပြောင်းအလဲမရှိ၊ အဲဒီအတွက် အငြင်းအခုန်မရှိ။ ပြစ်တင်ဝေဖန် အော်ဟစ်သံမရှိ။ အားလုံး ပျော်ပျော်ပါးပါး နောက်ပြောင် ပြောဆို သံတညံညံ ၊ ကားမီးခိုးမှိုင်း နဲ့ဆေးလိပ်ငွေ့ တပူးတပေါင်းထဲ တလူလူ လွင့်ပျံတက်နေပြီဆိုတာက ကားအိုကြီးက သူ့တာဝန် သူ့အလုပ် ကို ပုံမှန်လုပ်နေပြီ..မောင်းနေပြီဆိုတဲ့သဘော…၊၊
လူပေါင်းများစွာ ခြံထွက်သီးနှံခြင်းတောင်းများစွာကို တင်ဆောင်လာတဲ့ကားအိုကြီးက မချိမဆံ့ တပင်တပန်း အံကြိတ်ပြီး ထွက်လာတဲ့ အင်ဂျင်သံ..ဆိုးဆိုးဝါးဝါး အော်ငြီးလျက် တဖြည်းဖြည်း တလှိမ့်လှိမ့်ဆင်းလာတာဟာ ဈေးနေ့တိုင်းအတွက်.. အချိန်မှန် နာရီနှိုးစက် လိုပါပဲ။ မနက်ခင်းစောစော ဈေးနောက်ဖက်ကွင်းပြင်ကို ရောက်လာတဲ့အချိန်က မနက် (၅) နာရီတိတိပါပဲ။ ကိုယ့်ခြင်းတောင်းကိုယူ ..ရောင်းစ၇ာရှိတာတွေ ရောင်း….တပတ်စာ လိုအပ်လို့ အိမ်သုံးပစ္စည်း…စားစရာတွေဝယ်…..ပြီး အစာပြေ စားချင်ရာစားပြီး စုဝေးရာ ကား ကြီးဆီကို အရောက်လာခဲ့တဲ့ အချိန်က မနက် (၉) နာရီခွဲတိတိ…. အဲဒီနေရာဆိုက်ချိန်နဲ့ ပြန်ချိန်က ဘယ်တော့မှ မပြောင်းလဲခဲ့လို့ မြို့လွိုင်လင်ရဲ့ စံတော်ချိန်တခုပါပဲ၊၊
ကားနံဘေးရွာက အဖိုးကြီး အဖွားကြီးတွေနဲ့ စကားလက်ဆုံ ကြရင်း…တဟီးဟီး တဟားဟား ရီနေတဲ့ ကားဆရာ အဖိုးကြီးလက်ထဲ…. ကျပ်တန် တရွက်စီပေးရင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရာယူထိုင်တာကလည်း စံနစ်တကျ ငြင်ငြင်သာသာ ဆူဆူပူပူမရှိ…။ လူပြည့်ပြီ….ဆိုစကား ကြားတော့ …ကမန်းကတန်း လက်ထဲကပိုက်ဆံကို အိတ်ကပ်ထဲထိုးထည့်ပြီး သူ့မောင်းမဲ့ဒရိုင်ဘာထိုင်ခုံပေါ် အတင်းတိုး ဝင် သွားတာက လူငယ်တယောက်လိုပါဘဲ….။ ကားခမစစ် …လူအရေအတွက်မစစ် ပကတိရိုးသားတဲ့ဓလေ့လေးက ချစ်စရာ..ကြည်နူးစရာတခုဆိုရင်တော့ လိုနေအုံးမလားမသိ….၊၊ ကျင့်သားရ လုပ်တတ်ကိုင်တတ်တဲ့ လူငယ်တယောက် ဂေါက်တံကို ခပ်ပြင်းပြင်း မြန်မြန် လှည့် လိုက်တော့….အသံပေါင်းစုံမြည်ဟိန်းထွက်လာလို့ အင်ဂျင်သံကြီးက အားလုံးဘေးဖယ်ဖို့ အချက်ပေးလိုက်သလိုပါဘဲ။ အနီးပတ် ဝန်း ကျင်က လူ ၊ ကျွဲ၊ နွှား ၊ ခွေး ၊ မြင်းလှည်း…တွန်းလှည်း…စက်ဘီး..အားလုံး အားလုံး လမ်းဖယ်ပေးလိုက်ပါပြီ….။ ကားစက်ခုတ်မောင်း ငြီးထွားသံ အတက်အကျကို အသေအချာ နားထောင်ပြီးသကာလ နံပါတ် (၁) ဂီယာကြီးကို ပြောင်းထိုးလိုက်တဲ့အချိန်က လမ်းမကြီးတ လျှောက် ရှင်းလင်းနေပါပြီ။ တအိအိ တပဲ့ပဲ့ လှုပ်လီလှုပ်လှဲ့ ..အင်ဂျင်အော်ငြီးသံအကျယ်ကြီးနဲ့ကားအိုကြီးက လမ်းမပေါ် တကားတည်း တစီးတည်း သူ့လမ်းသူ သူ့သဘောသူ စထွက်လာပါပြီ….၊၊
ဆေးလိပ်ငွေ့တထောင်းထောင်း …. မီးခိုးလုံးတမှိုင်းမှိုင်း …စုပေါင်းစုံပြီး အပေါ်ကို ပျံတက်လာတာကို တွေ့ရပြီဆိုရင်…… မျက်နှာခြင်း လာသမျှ ကားကြီး ကားငယ်တွေ ရပ်ထား……တရားခံဖမ်းဖို့ အရေးတကြီးမောင်းလာတဲ့ ရဲကားလဲ ရပ်ထား….. အစည်းအဝေးတက်ဖို့လာတဲ့ တပ်ရင်းမှူး ကားလည်းရပ်ထား…… ဘယ်ကား ဘယ်အကြောင်းဖြစ်ဖြစ် ရပ်ထား….. ကိုယ့်ကားက မကောင်းဘူး…..ကောင်းတဲ့ကားတွေက ရပ်ရမယ် ဆိုရမလိုလို…။
နှစ်ပေါင်းများစွာမောင်းလာလို့ လမ်းကြောကို မှတ်မိနေလို့လား ?… ဒါမှမဟုတ်ဒရိုင်ဘာ ထိုင်ခုံနံဘေးက လူတွေ ပါးစပ်လမ်းညွှန်နဲ့ မောင်း နေသလား ?.. ရှေ့မြင်ကွင်း တခုလုံးပိတ်ကြပ်သပ်နေလျှက်တောင်မှ …တအိအိ တပဲ့ပဲ့နဲ့ လိုရာခရီးရောက်အောင် မောင်းနေတဲ့ ကားအို ကြီးကိုတော့ မြို့လွိုင်လင်ရဲ့ မေ့မရနိုင်တဲ့ သဏ္ဍာန်တခုပါပဲ။ ဘယ်သူ ဘယ်ဝါ ဘယ်လိုအကြောင်းတွေနဲ့ရပ်ရပ်…ပုံမှန်မောင်းနေတဲ့ ကား အိုကြီးက တလှိမ့်လှိမ့် တဖြည်းဖြည်း တရွေ့ရွေ့ လမ်းမကြီးတခုလုံး မင်းမူနေတာကတော့ ….အမှတ်တရ.. ထူးထူးခြားခြား တမ်းတ သတိရစရာလေးပါဘဲ….၊၊
အဲဒီဈေးနေ့ နေ့လယ်ပိုင်း ပြန်အရောက်မှာတော့ကားပိုင်ရှင် အဖိုးကြီး စစချင်းအလုပ်က ကားဘီး (၄) ဘီးလုံး ဖြုတ်ချလိုက်ပါပြီ… အဲဒီ ကစပြီး ဈေးဖိတ်နေ့ ညမှောင်တဲ့ထိ (၄) ရက်လုံးလုံး မနားမနေ တကုပ်ကုပ်နဲ့ ကားပြင်နေတာက မြင်နေကြ တွေ့နေကြ၊ တချိန်က ထူး ထူးခြားခြား ကားကြီးတစီးပါ….၊၊
သြော်….လွမ်းစရာတွေကို သတိရနေတာနဲ့ဖြေရမယ် ….. ဆိုလို့….၊၊