ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ခွပ်ဒေါင်းတွန်သံ စတုတ္ထလှိုင်း

ကျော်ဟုန်း – ခွပ်ဒေါင်းတွန်သံ စတုတ္ထလှိုင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄

ဗိုလ်အောင်ကျော်ကို တိုင်တည်
အဘိုးမှိုင်းထံ သစ္စာပြု
ခေတ်အဆက်ဆက်
အာဇာနည်တွေနဲ့ တသားတည်း
ရဲရဲစွေးနီတဲ့
မျိုးဆက်သစ်ခွပ်ဒေါင်းတွေ…။

သူတို့ အတက်တွေ လေမှာဝဲ
သူတို့ တွန်သံ ညံမစဲ
ကျွန်ပညာရေး ဆန့် ကျင်နွှဲ။

ဘွဲ့ ရပြီး
အိမ်မှာ အလှချိတ်ထားတဲ့ပုံနဲ့ 
နိုင်ငံတကာမှာ
ပန်းကန်ဆေးရတဲ့ ပညာရေး
(ဒို့  – အလိုမရှိဘူး)

တိုင်းရင်းသားဒေသတွေမှာ
စစ်တဘုံးဘုံး ကျဲပြီး
ပညာမသင် မနေရ ခေတ်ကြီးမှာ
ကလေးတွေ အမှိုက်ကောက်နေရတာ
(ဒို့ - အလိုမရှိဘူး)

ကျောင်းတွေ
ဆောက်ပေးတယ်ဆိုပြီး
ကျောင်းဆရာ ဟောင်းလောင်း၊
ကျောင်းစာအုပ် ဟောင်းလောင်းနဲ့ 
အလှပြထားတဲ့ကျောင်းတွေ
(ဒို့ - အလိုမရှိဘူး)

ကျောင်းသားထု ဆန္ဒ လစ်လှူရှု
ပြောင်းချင်ရာ ပြောင်း
ပြင်ချင်ရာ ပြင်
အထက်က လာတဲ့
စက္ကူစုတ် ပညာရေး
(ဒို့  – အလိုမရှိဘူး)

အိုင်တီခေတ်ကြီးမှာ
ပညာမြင့်မှ
ကမ္ဘာ့အလယ် တင့်မယ်။

ပညာ မမြင့်
ပွဲလယ် မထည်
အသွယ်သွယ် ငယ်မယ်။

ပညာသည် အခြေခံ
အနှိမ် မခံဘူး၊
ဒါ အမျိုးသားအရေးမို့ 
မှန်ရာကို ရဲရင့်
တန်ရာကို မှန်းချင့်။

မလိုက်ရဲသူတွေ အဝေးရှောင်ကြ
ဖမ်းမလား အဖမ်းခံမယ်
ရှေ့ ဆက်မယ် အောင်လံလွှင့်
ဘာမထီ ဒေါင်းမျိုးဆက်သစ်
၂၁ ရာစုရဲ့ ဗကသ နဲ့  တကသ
ဒီမှာ တစခန်းဖွင့်။     ။

ကျော်ဟုန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts