ဆောင်းလူ – ငါ မြစ်ဖျားခံရာ နံနက်ခင်းတခု

ဆောင်းလူ – ငါ မြစ်ဖျားခံရာ နံနက်ခင်းတခု
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄


လှသည် … နံနက်ခင်းတခု…။ သို့သော် … ပူလွန်း စပ်လွန်းသော ဆောင်း၏ မြစ်ဖျားခံရာ နံနက်ခင်းတခု။ အကျဉ်းတန်သည်ဟု ထင်ပစ်လိုက်မည်ဆိုသော အတ္တတို့သည် တဖွားဖွား …။ ခက်လှပြီ …။

လမ်းတို့သည် ကွေ့ကွေ့ကောက်ကောက် ….။ ပန်းတို့သည် ဖူးဖူးမောက်မောက် …။ လက်ထဲက၀တ္ထုစာမျက်နှာတို့တွင် တိကျသည့် အက္ခရာမရှိ။ တိကျသည့် အဓိပ္ပါယ်ဖော်ဆောင်ရာမရှိ။ တိကျသည့် ……

ကျီးကြည့် ကြောင်ကြည့်နှင့် ဘ၀သည် ကိုယ့်ရှေ့က အက္ခရာကိုပင် ကိုယ်မမှတ်မိ။ ဖြစ်နိုင်သည်။ သို့သော် .. ဒါဟာ ဟန်ဆောင်မှုတခုလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

နှလုံးသားတခုကို အပေါင်ဆုံးနေခဲ့ရသည့် ခုနေခါမျှသော စိတ်တို့သည် ပုံမမှန် …။ ညတိုင်းတွေ့နေကျဖြစ်သော လမ်းဘေးအခင်းအကျင်းတို့သည်ပင် နံနက်ခင်းတခုတွင် လျှပ်ပေါ်လော်လီသည်ဟု စိတ်ကထင်၏…။ ခက်ပြီ …။ မနက်က ၀ါနေသော လူကျဉ်းမျဉ်ကျားလည်း .. ခုတော့ ပြီတီတီ …။ နီနေသော မီးပွိုင့်က မခိုးမခန့် ..။

ပေါင်ဒါအဖွေးသားနှင့် နံနက်ခင်းတခု၏ မြို့ပြသည်ပင် ငါ့အား ကလူ၏သို့ မြူ၏သို့ …။ …စိတ်တို့မခိုင် …။ နံနက်ခင်းဈေးသည်တို့ဈေးဦးမပေါက်သော အခါသမယတွင်ပင် .. နှုတ်ခမ်းနီမလေး၏ ပလီပလာ တီတီတာတာအသံတို့သည် .. ငါ့ အေတီအမ်စက်အောက်က ဖလန်း ဖလန်းထနေသော ငွေရေတွက်သံတို့သည်သာ .. ..ကမ္ဘာ့သင်္ကေတ အစစ်အမှန်…။

ငါ့မနက်ခင်း နို့တခွက် …
ငါ့မနက်ခင်း ကော်ဖီတခွက် …
ငါ့မနက်ခင်း ဟတ်ခ်ဗရွိုက် …။

သို့သော် …
ယင်မဲများ …
ထမင်းကြမ်းခဲများ …

ဒါသည်ပင် နံနက်စာ။
ဒါသည်ပင် နေ့လည်စာ။
ဒါသည်ပင် ညနေစာ …။

ခုတလော၏ ….
ငါဖန်ဆင်းရာ မနက်ခင်းတခု၏ အိပ်တန်းဝင် ကျီးတို့၏ တအား အား အော်သံသည်ပင် သာယာလှ၏။

ကမ္ဘာလောကသည် သာယာလျှက် ….။ သို့သော် …
ပေါင်ဒါမှုန့်အဖွေးသားပေါ်တွင် စွန်းထင်းနေသော မျက်ရည်စီးကြောင်းနှင့် …..

ထိုခဏ ….
ငါ မြစ်ဖျားခံရာ နံနက်ခင်းတခု၏
မျက်ရည်စီးကြောင်းတလျောက် ပေါင်ဒါမှုန့်တို့သည်ကား ဖြူသွားလိုက် .. ပြာသွားလိုက် … ….
ထို့အတူ
ရနံ့တို့သည်ကား ထုံသွားလိုက် …. ညှီသွားလိုက် ….။

နိုဝင်ဘာ ၁၆၊ ၂၀၁၄။ ၁၀း ၁၂ နာရီ။