တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ရာဇဝင်လူဆိုး “ဗိုလ်” တွေရဲ့ အမည်းစက်တွေကို “ ပြန်လည်သင့်မြတ်ရေးပုဝါစ” နဲ့ ကူညီဖုံးကွယ်ပေးနေတဲ့ ဒီချုပ်အမတ်တွေ

 

တူမောင်ညို  – ရာဇဝင်လူဆိုး “ဗိုလ်” တွေရဲ့ အမည်းစက်တွေကို  “ ပြန်လည်သင့်မြတ်ရေးပုဝါစ” နဲ့ ကူညီဖုံးကွယ်ပေးနေတဲ့ ဒီချုပ်အမတ်တွေ 

(မိုးမခ) ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်

“အမေရိကန်အစိုးရ” ဆိုတာ ရီပတ်ဗလစ်ပဲဖြစ်ဖြစ်၊ ဒီမိုကရက်တစ်ပဲဖြစ်ဖြစ် သူတို့ကိုင်ထားတဲ့ မီးသွေးခဲနဲ့ ကမ္ဘာတစ်ဝန်း၊ ချောင်ကြိုချောင်ကြားမကျန် သူ့တို့နာမည်သူတို့ရေးနေတဲ့အစိုးရဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့ပြည်သူတွေက နောကျေအောင်သိနေပြီးသား ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်စိုးသူအဆက်ဆက်ဖြစ်တဲ့ (ဖဆပလ)၊(အိမ်စောင့်/တော်လှန်ရေးကောင်စီ)၊ (မဆလ)၊ (နဝတ-နအဖ)၊ နဲ့ လက်ရှိ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ကြံ့ဖွံ့လွှတ်တော်၊စစ်တပ်ထဲကစစ်ဗိုလ်ဟောင်း/သစ်တွေရဲ့တကိုယ်လုံးမှာအလုပ်သမား၊လယ်သမား၊ ကျောင်းသား၊ သံဃာ၊အတိုက်အခံနိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေနဲ့ လူမျိုးစုံပြည်သူတွေရဲ့အသက်သွေးတွေစွန်းထင်းပေ ကျန်နေတယ်ဆိုတာကို လူမျိုးပေါင်းစုံပြည်သူအားလုံးကလည်း ချေးခါးအူ မကျန်အောင်သိပါတယ်။

အခုတော့(ဗိုလ်)ဦးအောင်သောင်းဟာ“အကြမ်းဖက်မှု၊ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေပြုလုပ်သူဖြစ်တယ်”ဆိုပြီး “အိုဘားမားအစိုးရ” က သူတို့လက်ထဲက မီးသွေးခဲနဲ့ (ဗိုလ်)ဦးအောင်သောင်း နာမည်ကို ရေးပြီးစာရင်းမဲသွင်းလိုက်တယ်။ 

 “အိုဘားမားအစိုးရ” က(ဗိုလ်)ဦးအောင်သောင်း တစ်ယောက်ထဲကို ကွက်ပြီး မီးသွေးခဲနဲ့ရေးရတာလဲ။ ကြံ့ဖံွ့ပါတီထဲမှာ/ကြံ့ဖွံ့ အစိုးရ ထဲမှာ /ကြံ့ဖွံ့ လွှတ်တော်ထဲမှာ/စစ်တပ်ထဲမှာ/ကန့်လန့်ကာနောက်ကွယ်မှာပါ မီးသွေးခဲနဲ့ရေးရမယ့်သူတွေ၊ ဗိုလ်အောင်သောင်း လိုပဲ အဆများစွာပိုပြီး မိုက်မဲကြမ်းကျုတ်သူရာဇဝတ်သားတွေ အများကြီးရှိပါတယ်။  သူတို့တတွေကိုတမင်တကာ ဝကွက်ချန်ပြီး၊ (ဗိုလ်) ဦးအောင်သောင်း နာမည်တစ်ခုထဲကို ကွက်ပြီး ဘာကြောင့် ရေးရသလဲ။ လောလောဆယ် “အိုဘားမားအစိုးရ” ကမီးသွေးခဲနဲ့စာရင်းမဲ သွင်းထားတာက စစ်တပ်ထဲကဗိုလ်သိန်းဋ္ဌေးနဲ့ ကြံ့ဖွံ့ပါတီ/လွှတ်တော် ထဲက (ဗိုလ်) ဦးအောင်သောင်း ၂ ယောက်ပဲရှိပါသေးတယ်။

“အိုဘားမားအစိုးရ” ရဲ့ ဒီလုပ်ရပ်အပေါ် ဘူးလက်(ဗိုလ်) ဦးလှဆွေတို့ လက်သီးလက်မောင်းတန်းကျတာ၊ င့ါစကားနွားရပြော နေတာတွေ၊ (ဗိုလ်)ဦးရွှေမန်းရဲ့လွှတ်တော်က အရေးကြီးအဆိုတင်သွင်းပြီး ကန့်ကွက်ရှုံ့ချနေကြတာဟာ အနာပေါ်ဒုတ်ကျတာပဲဖြစ်ပါ တယ်။ စစ်အုပ်စုဂိုဏ်းသားအချင်းအချင်း ဝံသာနုကြတာ/ အပြန်အလှန်ကာကွယ်ကြတာ၊ ဘုတ်-ကျီးမြှောက်၊ ကျီး-ဘုတ်မြှောက် လုပ်ကြ တာတွေဟာ ဘာမှမဆန်းကျယ်ပါဘူး။ 

 စစ်အုပ်စုက သူတို့ချင်း ဒီလိုအပြန်အလှန်ကာကွယ်ကြ/ဝံသာနုကြတဲ့အရေးတော်ကြီးမှာ ဒီချုပ်ပါတီအမတ်များ အားတက် သရောပါဝင် ထောက်ခံမဲပေးခဲ့ကြတာကတော့ ထူးဆန်းနေပါတယ်။ မဖြစ်သင့်တဲ့ကိစ္စပါ၊ မကန့်ကွက်ချင်ရင်တောင် မဲမပေးဘဲနေလို့ရ မှာပါ။  

ဒီချုပ်ပါတီ လွှတ်တော်အမတ်တွေကဘက်က တစ်ဖတ်သတ်မေတ္တာမျှနေတာကတော့ ဒီကိစ္စတစ်ခုထဲမှာတင် မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းက အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး (ခုံရုံးဥက္ကဋ္ဌဟောင်း) ပါ ၉ ဦးကို ဖြုတ်ချစဉ်ကလည်း ဒီချုပ်ပါတီ အမတ်တွေဟာ  ဗိုလ်ရွှေမန်းအလိုကျ မဲပေးခဲ့ကြတယ်၊ သာသနာရေးဝန်ကြီးဟောင်း ဗိုလ်ဆန်းဆင့်ကို ခိုးမှုသာသာအမှုတွေနဲ့ ထောင် ၁၃ နှစ်ချလိုက်တော့လည်း ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ လက်မှတ်ထိုးတဲ့အသနားခံတဲ့ကိစ္စမှာ ဒီချုပ်ပါတီအမတ်တွေ ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြတယ်။ သို့သော်လည်း “ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေ” ကိစ္စမှာတော့ “ကြိုမသိလို့/ ညှိနှိုင်းထားပြီးသားထင်လို့” ဆိုတဲ့စကား ဒီချုပ်ပါတီ ဟာလွှတ်တော်ထဲမှာ မေးခွန်းပင်မေးဖော်မရခဲ့ပါဘူး။ ၂၀၁၄မှာကျင်းပဆိုတဲ့ “ကြားဖြတ်ရွေးကောက်ပွဲ” ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုပြန်တော့လည်း ဒီချုပ်ပါတီက သဘောတူထောက်ခံခဲ့တာပါပဲ။ 

မဝေးလှသေးတဲ့ ဖြစ်ရပ်တစ်ခု၊ ထင်ရှားလှတဲ့ဖြစ်ရပ်တစ်ခုဖြစ်တဲ့ လက်ပံတောင်းကိစ္စမှာလည်း သံဃာတော်များကို လောင် ကျွမ်းစေခဲ့တဲ့ “မီးလောင်ဗုံး” ဟာ ဒီချုပ်ပါတီရဲ့ တုနှိုင်းမဲ့မေတ္တာတော်တန်ခိုးနဲ့  “မီးခိုးဗုံး”  ဖြစ်သွားခဲ့ရတယ် မဟုတ်ပါလား။ 

ဒီချုပ်ရဲ့ ဒီလိုအပြုအမူတွေကြောင့် ပြည်ပသတင်းဌာနတစ်ခုမှာ ဟိုတလောဆီက ဖော်ပြခဲ့တဲ့ “၂၀၁၅ ရွေးကောက်ပွဲမှာ အခြား ရွေးချယ်စရာမရှိရင် ဦးရွှေမန်း ကို မဲပေးမယ်” ဆိုတဲ့ကိစ္စကို ပြန်လည်သတိရစေပါတယ်။ ယခုလို ဒီချုပ်ပါတီရဲ့ လုပ်ရပ်တွေကို အရင်းခံ ထားပြီး သုံးသပ်ကြည့်မယ်ဆိုရင် “တခြားရွေးချယ်စရာမရှိရင် ဦးရွှေမန်းကို မဲပေးမယ်” ဆိုတဲ့ကိစ္စဟာ ဖြစ်လာနိုင်စရာရှိတယ်လို့ ယူဆ ပါတယ်၊ ဒီချုပ်ပါတီရဲ့ ဦးတည်ချက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို  “ပြင်- ပြင်/ မပြင် – ဝင်ကို ဝင်မယ်” လို့ ပြောထားပြီးသား မဟုတ် ပါလား။ လွှတ်တော်ထဲမှာ “၂၀၀၈ အခြေခံဥပဒေ”ပြင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

အထက်မှာတင်ပြခဲ့သလို ဒီချုပ်ပါတီဘက်က “ဖေဖေ့ထူထောင်ခဲ့တဲ့တပ်မတော်ကိုချစ်ပါတယ်” ဆိုပြီး ဘယ်လိုပင် တစ်ဖက် သတ် မေတ္တာမျှနေခဲ့သော်လည်း၊ “ကြံ့ဖွံပါတီ၊ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့စစ်တပ်”ဆိုတဲ့ လူရက်စက်ကြီးက စိမ်းစိမ်းပြတ်ပြတ်တုန့်ပြန် ခဲ့တာချည်းဖြစ် ပါတယ်။ “၄ ပွင့်ဆိုင်တွေ့ဆုံရေး”ကို  “၁၄ ပွင့်” နဲ့ တုန့်ပြန်ခဲ့တယ်။ ၂၀၀၈အခြေခံ ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးဆန္ဒယူတဲ့လှုပ်ရှားမှုတွေမှာ ဒီချုပ်ပါတီ ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရသလဲ။

 လက်မှတ်ငါးသန်းနီးပါး လွှတ်တော်အခါမှာလည်း “ဖြောင့်မတ်သည်” ဆိုသော လွှတ်တော်ဥက္ကဋ္ဌကြီးက ဘယ်လို လျစ်လျူရှုခဲ့ ပြန်ပါသလဲ။ လွှတ်တော်ထဲ (PR)ဆိုတာ ဇွတ်တင်ပြလာခဲ့တယ်။ ၅၉ (စ) ပြင် မပေးနိုင်ဘူး။ ပုဒ်မ ၄၃၆ (က)နဲ့ (ခ) ကို မထိနဲ့ စသဖြင့် တုန့်ပြန်ခဲ့တယ်မဟုတ်ပါလား။ “မျိုးစောင့် ဥပဒေ” ဆိုတာကိုလည်း လွှတ်တော်တင်ဖို့ ပြင်ဆင်နေကြပါတယ်။

ကြံ့ဖွံ့ပါတီ ဂန့်ဂေါအမတ် ဘူးလက် (ဗိုလ်)ဦးလှဆွေက ဦးအောင်သောင်းကို မီးသွေးခဲနဲ့ အိုဘားမားအစိုးရက ရေးတဲ့ကိစ္စကို  “အမေရိကန်အစိုးရနဲ့ NLD ပူးပေါင်းကြံစည် လုပ်ဆောင်တာဖြစ်တယ်” လို့ စွပ်စွဲပါတယ်။ 

ဦးအောင်သောင်းကိုယ်တိုင်ကလည်း “အမေရိကန်ကတော့ဘယ်သိမလဲ၊ ဒီက မပြောရင်ဘယ်သိမလဲ၊ ဒီကပြောလို့သိတာပေါ့၊ ပြောတဲ့လူကို လွှတ်တော်က ဖော်ထုတ်ရမှာပေါ့” လို့ပြောနေပါတယ်။ 

ဘယ်လိုပင်ပြောနေပေမယ့်၊လယ်သမားတွေ လယ်သိမ်းယာသိမ်းခံနေရာတွေ၊ မတရားဖမ်းဆီးထောင်ချနေတာတွေ၊ တိုင်းရင်း သားလူမျိုးစုဒေသတွေမှာ စစ်တပ်က ထိုးစစ်ဆင်နေတာတွေ၊ “ဆွမ်လွတ်ရွယ်ဂျာ၊ ကိုပါကြီး” တို့ကဲ့သို့ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခံ ရတာတွေ၊ ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅ တို့နဲ့ ကျောင်းသားလူငယ်တွေကို ပြစ်ဒဏ်ချမှတ်နေတာတွေ ၊ မီဒီယာသမားတွေကို ပြစ်ဒဏ်ကြီး တွေ ချမှတ်နေတာတွေ စတဲ့ စတဲ့ စစ်တပ်နဲ့ ကြံ့ဖွံ့အစိုးရက ကျူးလွန်ဖောက်ဖျက်နေတဲ့ ရာဇဝတ်မှုတွေကို ဒီချုပ်ပါတီက မသိသလို၊ မမြင် သလို၊ မကြားသလို၊ မဆိုင်သလို ပြုမူနေပါတယ်။ 

 ယင်းသို့ ပြည်သူအများ ရင်ဆိုင်တွေ့ကြုံခံစားနေရတဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ အနိုင်ကျင့် သတ်ဖြတ်မှုတွေအပေါ် ဒီချုပ်ပါတီ အနေနဲ့ရက်စက်စိမ်းကားသော ဥပက္ခာတရားနဲ့ အတိတ်ကို အတိတ်မှာကောင်းကောင်းကြီးထားနေခဲ့ပြီး “ဦးအောင်သောင်းနဲ့ စစ်အုပ်စုရဲ့ ဖုံးကွယ်မရတဲ့အမည်းကွက်တွေ”ကို ဒီချုပ်ပါတီကသူတို့ပခုံးပေါ်က “ပြန်လည်သင့်မြတ်ရေးပုဝါစ” နဲ့ အရေးတယူ ကူညီဖုံးကွယ်၊ ဖာထေး ပေးနေတာကိုဖြင့်  ရင်နာ၍ မဆုံးနိုင်ပါ။ 

(ကာတွန်း ဘီရုမာ ၊ ၂၀၀၈ ကာလတုန်းက ဆွဲခဲ့တဲ့ ကာတွန်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

2 thoughts on “တူမောင်ညို – ရာဇဝင်လူဆိုး “ဗိုလ်” တွေရဲ့ အမည်းစက်တွေကို “ ပြန်လည်သင့်မြတ်ရေးပုဝါစ” နဲ့ ကူညီဖုံးကွယ်ပေးနေတဲ့ ဒီချုပ်အမတ်တွေ
  1. “နိုင်ငံရေးသည် တိကျသော သိပ်ပံဘာသာရပ်မဟုတ်” Politics is no exact science. ဟုဆိုတာရှိတယ်။ လားရာတူအရွ့တခုအတွက် အင်အားတွေ ရည်ရွယ်စုတာလဲဖြစ်နိုင်တယ်.။ဆရာညို မြင်ချင်လဲမြင်မယ်။

Comments are closed.