လူများ၊ ရုပ်ပုံလွှာများ မေငြိမ်း

မေငြိမ်း – “အဆုံးသတ်မရေးနိုင်တဲ့ ၀မ်းနည်းစာ…”

 
မေငြိမ်း – “အဆုံးသတ်မရေးနိုင်တဲ့ ၀မ်းနည်းစာ…”
(သူ့ဖေစ့်ဘွတ်) နိုဝင်ဘာ ၆၊ ၂၀၁၄

ပါကြီး သေရတာနဲ့ ပတ်သက်ပြီး လူတော်တော်များများ စိတ်မကောင်းဖြစ်ကြ ဒေါသဖြစ်ကြတာမို့ လုံလောက်ပြီရယ်လို့ ကျမ တိတ်တိတ်လေးပဲ စိတ်ထိခိုက်နေခဲ့ပါတယ်။ ပါကြီးနဲ့ ကျမ လွန်ခဲ့တဲ့ ၇နှစ် လောက်တုန်းက မဲဆောက်မှာ စတွေ့ဖူးခဲ့ပါတယ်။ အဲဒီတုန်းက ပါကြီးက ကျမကို လာနှုတ်ဆက်တာ.. ‘အစ်မ ကျနော် ပါကြီး ပါ.. အောင်စည် နဲ့ ခြံထဲမှာ အတူတူနေခဲ့တာ’ တဲ့။

အောင်စည် ဆိုတာက ကျမရဲ့ တစ်ဦးတည်းသော မောင်လေးပါ။ မောင်နှမ ၅ယောက် ရှိတဲ့အထဲ တစ်ယောက်တည်း ရှားရှား ပါးပါး ပါတဲ့ မောင်လေးဖြစ်တဲ့အပြင် သူက မောင်နှမထဲမှာ နံပါတ်လေးမို့ ကျမ သိပ်ချစ်ရတဲ့ မောင်လေး ပါ။ ပြီးတော့ အစ်မအကြီးဆုံး ကျမ နဲ့ အသက် ၈နှစ်ကွာတဲ့ မောင်လေး ကို ကျမက နာမည် တောင် အင်မတန်ခေါ်ခဲပြီး မောင်လေး.. သား.. လို့သာ ခေါ်ခဲ့တာပါ။ သူကလည်း သေတဲ့အထိ အစ်မ တွေကို စကားပြောရင် သူ့ကိုသူ သားကလေ.. လို့ ပြောတာပါ။ အဲဒီ မောင်လေး ဟာ ၁၉၈၈ အရေးအခင်း ကြီးဖြစ်တော့ ၁၅ နှစ်သား.. ။ ၉တန်းကျောင်းသားလေး။ အဲဒီ ၁၉၈၈ ထဲ ချီတက်တဲ့ အထဲ၊ မြို့တော်ခန်းမရှေ့ အစာငတ်ခံဆန္ဒပြတဲ့အထဲ .. နောက်တော့ မောင်လေး ဘယ် ရောက်လို့ ရောက်မှန်းမသိ..။ တချက်တချက် အိမ်ပြန်လာ..။ ထမင်းစား ပိုက်ဆံယူပြီး ပြန်ထွက်သွား ပြန်။
နောက်တော့ အဲဒီ လှုပ်ရှားမှုကြီးထဲ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပါလာပြီး နောက် မှာတော့ မောင်လေး က လုံးဝ အိမ်ပြန်မလာတော့ပါဘူး။ သူက အန်တီစုခြံထဲမှာ သုံးရောင်ခြယ် အဖွဲ့နဲ့ အတူ ရှိနေတာတဲ့။ နောက်တော့ အန်တီက ခြံထဲက လူငယ်လေးတွေကို ရှင်ပြု ရဟန်းခံ လုပ်ပေးတဲ့အထဲ မောင်လေးကလည်း ရှင်တစ်ပါး ဖြစ်ခဲ့ပါတယ်။ မောင်လေးက ကလေးသာသာ မို့ နိုင်ငံရေးရယ် လို့ လည်း ထဲထဲ ၀င်ဝင် မဟုတ်ဘဲ ခြံထဲ ဟိုဟိုသည်သည် ကူလုပ်တာလောက် ကိုပဲ ပျော်နေခဲ့ပုံ ရပါ တယ်။ မောင်လေးက အန်တီ့သားငယ် Kim နဲ့တောင် ကစားနေခဲ့သေး တာပါ။
အဲဒီနောက်ပိုင်းမှာ အန်တီ အထိန်းသိမ်းခံရ.. NLD ၀န်းကျင်က လူအများကြီး အဖမ်းခံရ..။ အဲဒီလို ကစဥ့်ကလျားတွေထဲ ကျမ မောင်လေးရဲ့ ဘ၀လည်း ဖရိုဖရဲ ဖြစ်သွား ခဲ့။ နောက်ဆုံးတော့ အသက်မှ အစိတ်တောင် မပြည့်လိုက်ရဘဲ ကျမမောင်လေး ကျမတို့ဘ၀ထဲကနေ ထွက်သွားခဲ့တဲ့အထိ ပါပဲ။ ဒါက သုံးရောင်ခြယ်အဖွဲ့နဲ့ ဆက်စပ်ခဲ့ဖူးတဲ့ ကျမမောင်လေး အောင်စည့်အကြောင်း ပါ။ အောင်စည် နဲ့ ဆက်စပ်ပြီး သူပြောပြောနေတဲ့ ကိုမြတ်စံ.. နေကြီး.. ကိုမိုး.. အီဘား.. ကိုပါကြီး.. ကိုဝင်းသိန်း.. မိုးကျော်.. ရွှီး.. နှင်းဆီညို.. ဆိုတဲ့ နာမည်တချို့ ကြားဖူးနေခဲ့ပါတယ်။ အဲဒီအထဲက ပါကြီး ပေါ့…။
+++++
ခုတလော လူအများပြောသလိုပါပဲ.. ကျမလည်း ပါကြီး ကို စတွေ့ကတည်းက ပါကြီး ရဲ့ သဘောဖြူပုံ ပေါက်တာ.. စိတ်ရှင်းတာ.. ရိုးရိုးသားသား စကားပြောတတ်တာ..၊ သူနဲ့ ကျမ အသက် သိပ်မကွာပေမဲ့ ကျမကို ရိုရိုသေသေ စကားပြောတာတွေက တကယ့်ကို မှတ်မှတ်ရရပါ။ မဲဆောက်မှာ တွေ့တွေ့ချင်းပဲ သူရော သူ့ဇနီး မသန္တာရော ဟာ ကျမ နဲ့ သိပ်ကို ရင်းနှီးသွားခဲ့ပါ တယ်။ သူတို့နှစ်ယောက်ဟာ တက်ညီ လက်ညီ ရှိလှတဲ့.. စိတ်တူကိုယ်တူ ရှိလှတဲ့ စုံတွဲပါ။ လင်ကောင်း မယားကောင်း အမေကောင်း အဖေ ကောင်းတွေ ဖြစ်တဲ့အပြင်သူတို့ကိုယ်တိုင် သားကောင်း သမီးကောင်းတွေ လည်း ဖြစ်ပါတယ်။
ပြီးတော့လည်း နိုင်ငံရေးအပူသာ မရှိရင် တကယ်ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေ တတ်ကြတဲ့ စိတ် နှလုံး ရှိသူတွေပါ၊ တကယ်တော့ ကျမ သိတဲ့ ပါကြီးက ဒီလောက် ပါပဲ။ တကယ့်ကို ပုံမှန်လောက် သာ ပါပဲ။ ဒါပေမဲ့ အဲဒီလို ကြည့်ရုံနဲ့ကို စိတ်နှလုံးကောင်း ရှိပုံ ပေါ်လှတဲ့၊ လူတွေကို ရိုသေလေးစား တတ်တဲ့၊ ယဉ်ကျေးတဲ့ လူတစ်ယောက်ဟာ ရုပ်ပျက်ဆင်းပျက် အသတ်ခံ လိုက်ရ ပါပြီ။ တကယ်တော့ ပါကြီး ဟာ သူ့လို လူမသိ သူမသိ အနှိပ်စက် အသတ်ဖြတ်ခံလိုက်ရ သူတွေ ကို ဖော်ထုတ်ဖို့ သက်သေ ကောင်း တစ်ယောက် လို သေဆုံးသွားခဲ့ရပါပြီ။ ကျမ စိတ်ထဲ မှာတော့ ပါကြီး..ဟာ သေတာတောင်မှပဲ မတရား မှုတွေအတွက် သက်သေခံ အဖြစ် အသက်ပေး ခဲ့ရလေတယ် လို့ ခံစားရပါတယ်။
++++
ဒီကနေ့ နိုဝင်ဘာ ၅ ရက်မှာ ကျမ မသိချင် မမြင်ချင်ဆုံး.. တချိန်တည်းမှာပဲ သူဘယ်လို သေခဲ့ရ သလဲ ဆိုတဲ့ အဖြေသက်သေကို သိချင်နေစိတ်နဲ့ ကျမစိတ်တွေ ပူလောင်နေခဲ့ပါတယ်။ တကယ်တမ်း သတင်းတွေ မြင်ရ ကြားရတဲ့အခါမှာတော့ ကျမ မျက်ရည်ပေါက်ပေါက် ကျတဲ့အထိ စိတ်ထိခိုက်ခဲ့ ရပါတယ်။ မသေခင် ဆိုးဆိုးဝါးဝါး ခံစားသွားရရှာသူအတွက် ရင်နာရသလို သန္တာ့ ပုံကို အတွေ့မှာလည်း ညီမလေးရယ်.. ကံဆိုးလိုက်တာ ကံဆိုးလိုက် တာ.. ဒုက္ခများလိုက် တာ လို့ စိတ်ထဲ အထပ်ထပ် ရွတ်နေမိတယ်။
လူအတော်များများက ကောင်းလာပြီလို့ ပြောတဲ့ နိုင်ငံ.. ပြည်ပရောက်နေကြတဲ့ လူအတော် များများ ဥဒဟို ပြန်လို့ သွားလို့ လည်လို့ ရှိနေပြီဆိုတဲ့ နိုင်ငံ.. ဒီကောင်တွေ အရင်လို မလုပ် ရဲတော့ဘူးဆိုတဲ့ နိုင်ငံမှာ.. ဒီလိုအချိန်ကြီးထဲမှာ ပါကြီး.. က ပက်ပက်စက်စက် သေခဲ့ရ တာ.. ။
ဒီနေ့ အတန်းထဲမှာ ကျမ စာသင်ရင်း ပါကြီး သတင်းကို ပြောမိတော့ လွယ်လွယ်နဲ့ မယုံ တတ် ကြ.. မယုံချင်ကြတဲ့ အမေရိကန် သံတမန်တွေဟာ လက်ရဲဇက်ရဲ ရှိလှတဲ့ စစ်သားတွေ ဆိုတာ တကယ် ရှိသေးတဲ့အကြောင်း.. ဗြောင်လိမ်ဗြောင်စားတဲ့ ရဲတွေနဲ့ အစိုးရပြန်ကြားရေး ဆိုတာ ရှိတဲ့အကြောင်း တွေ ကို ယုံသွားကြရတော့တယ်..။
ပါကြီးရေ.. သန္တာရေ.. စိတ်တော့ထိခိုက်ပါတယ်.. ငါ့မောင် နဲ့ ညီမရယ်.. ဒါပေမဲ့ မြန်မာပြည် သိပ်ကောင်းနေပြီလို့ မြင်နေတဲ့ နိုင်ငံတကာ အတွက်.. ပြီးတော့ အမေရိကန် အစိုးရအတွက် ဒါက သက်သေတစ်ခုလို ဖြစ်သွားတာတော့ အမှန်ပါပဲ..။
တဆက်တည်းမှာပဲ ကျမက ပါကြီး ကို ရက်ရက်စက်စက် လုပ်ရက်ကြသူတွေအကြောင်း ကို တွေးနေမိ တယ်..။ ကျမ လက်လှမ်းမီသလောက် ဟိုး ၆၂ ကတည်းက စလို့.. ၇၄-၇၆-၈၈-၉၆-၉၈-၂၀၀၇ ရွှေဝါရောင်-၂၀၀၈ နာဂစ်… အာဏာပိုင်ဆိုသူတွေရဲ့ (မယုံနိုင်လောက်စရာ) ရက်စက်ကြမ်းကြုတ်တဲ့ ရိုင်းစိုင်းတဲ့ စိတ်နေ သဘာဝတွေက ဘယ်လောက်များ သူတို့ မျိုးဆက်တွေဆီ စီးဝင်စိမ့်ဝင် ကူးစက် နေခဲ့သလဲ..။ ဒါမှ မဟုတ်.. အဲဒီ စစ်သားမျိုးဆက်တချို့ နဲ့ ရဲမျိုးဆက်တချို့တွေဟာ ဘယ်လောက် လက်ဆင့်ကမ်း ပုံသွင်း ခံထားခဲ့ကြရ သလဲ..။ ဒီလို ရက်စက်ခြင်းတွေမှာ ဘယ်လောက် လက်ယဉ် စိတ်ယဉ်နေ ကြပြီလဲ.. ဒါတွေကို ကျမ ဆက် စဉ်းစားနေမိတယ်။

ဒါတွေဟာ မျက်စိနဲ့ အလွယ်တကူ မမြင်နိုင်တဲ့ အန္တရာယ်တွေ ပြဿနာတွေ.. အမြစ် အခက် အလက် တွေ..။ ဒါတွေကို ရှင်းနိုင်ဖို့ ဆို…….

Like

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts