ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ မောင်ရင်ငတေ

မောင်ရင်ငတေ – အတွေးစတစ (ဟင်္သာတရဲ့ မိုင်ဒါကွင်း)

မောင်ရင်ငတေ – အတွေးစတစ (ဟင်္သာတရဲ့ မိုင်ဒါကွင်း)
နိုဝင်ဘာ ၅၊ ၂၀၁၄

 

ဟင်္သာတရဲ့ မိုင်ဒါကွင်းဟောင်း (Photo KLS HZA)

ထုံးစံအတိုင်းပေါ့ ဗျာ ….. ….. .. အတွေးပွားတတ်တဲ့ အကျင့်ပေါ့။ တွေးမိရပြန်တာပေါ့။ မကောင်းတော့ မကောင်းပါဘူးဗျာ။ ဒီ အတွေးပွား တတ်တဲ့အကျင့်က၊ ပိုဆိုးတာက ဟိုခေတ်နဲ့ ဒီခေတ်ကို ယှဉ်တွေးမိတတ်တာပါ။ အသက်တွေက တရက်ပြီး တရက် ကြီးလာတော့ ငယ်ဘဝ ကို လွမ်းတတ်လာတာလည်း ပါမှပေါ့။ ဒီတခါ တွေးတာက လွမ်းမိတာထက် စိတ်မကောင်းဖြစ်မိရတာက ပိုပါတယ်။ တကယ်ပြောတာပါ ဗျာ ……  စိတ်မကောင်းပါဘူး။ မြို့နယ်အားကစားကွင်း …… ဟင်္သာတမြို့ကြီးက မိုင်ဒါကွင်း၊ မိုင်ဒါဈေးကြီးနားက မိုင်ဒါကွင်းကြီး။

ဒီလောက် အခြေအနေ ဆိုးနေမှန်း တကယ်ကို မထင်ခဲ့တာပါ။ အရမ်းကောင်းနေမယ်လို့လည်း လုံးဝ မမျှော်လင့်ထားပါဘူး။ ဒီထက်တော့ နည်းနည်းပိုကောင်းလိမ့်မယ်လို့ တော့ …… …. တွေးထင်ထားမိခဲ့လို့ပါ။ ယူနိုင်တင်းတို့ ဘာတို့အတွက် ကျပ်တွေ ဘီလီယံနဲ့ချီ ယန်းတွေ ဒေါ်လာတွေ ယူရိုတွေ မီလီယံနဲ့ချီ အကုန်ကျခံ ကမ္ဘာကျော်အောင်လုပ်နေကြတယ်ဆိုတော့ ….. ထင်မိတာပေါ့ဗျာ …။

မောင်ရင်ငတေ ငါးတန်း ခြောက်တန်းနှစ်က ….. အဲဒီ ….. ကွင်းမှာပေါ့ဗျာ …….. ကျောင်းကနေ တေဇလူငယ်တို့ ရှေ့ဆောင်လူငယ်တို့ သင်တန်းတွေတက်ရတော့ ….. စစ်ရေးပြ သင်တန်းတက်ရတာပေါ့ဗျာ။ ဘယ်ညာ တန်းညှိပေါ့။ စိတ်ထဲမှာတော့ ဒီလောက်ကြီးကျယ် ခမ်း နားလှတဲ့ကွင်းကြီးထဲကို ရောက်ဖူး ခြေချဖူးရတော့ သိပ်ပျော်မိတာပေါ့ဗျာ။ စိတ်ထဲမှာလည်း ဘဝင်တွေ မြင့်ခဲ့တာပေါ့။

ရန်ကုန်ကိုလည်း ကျောင်းပိတ်ရက် အဖိုးဖွားတွေရှိရာ သွားတွေ့လို့ ရောက်ဖူးရုံသာရှိသေး။ အမျိုးတွေလိုက်ပို့တဲ့ တိရိစ္ဆာန်ရုံလောက်သာ ရောက်ဖူးသေးချိန်ပေါ့။ အောင်ဆန်းကွင်းဆိုတာ ဘယ်ရောက်ဖူးပါလိမ့်အုံးမလဲ။

ဟင်္သာတရဲ့ မိုင်ဒါကွင်းဟောင်း (Photo KLS HZA)

ဒီလို မိုင်ဒါကွင်းမျိုး ဘောလုံးကန်ဖူးဖို့ နေနေသာသာ ကွင်းထဲရောက်ခဲ့ဖူးတာက နွေရာသီသင်တန်းတက်လို့ ခြေချဖူးခဲ့ရတာလေ။ ဟုတ် တယ်လေဗျာ။ အဲတုန်းက မောင်ရင်ငတေတို့ ဘောလုံးကန်ဖူးတာ လမ်းမတွေပေါ်မှာ၊ အိမ်အနားရပ်ကွက်ထဲက မြေကွက်လပ်တွေမှာ လွတ်ရင်လွတ်သလို ရရာဘောလုံးတွေနဲ့သာ (ကော်ဘော်လုံးတွေပေါ့ဗျာ) ကန်ခဲ့ရဖူးတာကိုးဗျ။

တခါလား ….. ဘောလုံးကန်ချင်လွန်းလို့ အိမ်က အဖိုးကြီး မသိအောင် လစ်ထွက်ပြီး အိမ်အနောက် တာရိုးကြီးကိုကျော်ပြီး ရေကန်နဘေးက ကွက်လပ်မှာ ချိန်းပွဲသွားကန်တာ ….. (အဲတုန်းက မောင်ရင်ငတေနေတဲ့ရပ်ကွက်က တာငါးဆယ်တောင် ရပ်ကွက်ပါ) ဘယ်က ဘယ်လို သတင်းပေးတွေက မောင်ရင်ငတေ့ အဖိုးကြီးကို သွားသတင်းပို့တယ် မသိပါဘူး။ အိမ်ပြန်အရောက် ဆော်ပလော်တီးခံရရောပေါ့ဗျာ။ သြော် အဲအချိန်က ထောက်လှမ်းရေး တယ်ကောင်းသကိုးနော့။ မောင်ရင်ငတေလိုကောင်မျိုး ဘောခိုးကန်တာတောင် သိနေတာ ပြောပါတယ်။

အဲတော့ အဲဒီချိန်က ရောက်ခဲ့ဖူးတဲ့ ဟင်္သာတ မိုင်ဒါကွင်းဆိုတာ အရမ်းကို ကြီးကျယ်ခမ်းနားခဲ့တာပေါ့။ ခလေးအတွေး ခလေးအမြင်နဲ့ တွေးခဲ့မိတာ ဆိုရပေမယ့် သစ်သစ်လွင်လွင် ဆေးရောင်တွေတော့ ခပ်ပြောင်ပြောင်လက်လက် ရှိနေခဲ့တယ်ဆိုတာကိုတော့ မှတ်မိနိုင်ပါ သေးတယ်။

အဲဒါတွေက နှစ်ပေါင်းတော့ တော်တော်ကြာပြီ ပြောရမှာပါ။ ခေတ်ပြောင်းတော်လှန်ရေးကာလပေါ့။ မြန်မာ့နည်း မြန်မာ့ဟန်ကာလ တခေတ် ကို မျက်စိမှိတ် ဖြတ်သန်း၊ နောက်တော့ ဈေးကွက်စီးပွားရေးကို အခြေခံလာခဲ့ကြတာကနေ၊ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းဖို့က နီးစပ် လာတဲ့ ယူနိုင်တင်းကာလ၊  မြန်မာနိုင်ပြီ ဓါတ်ပြားကို ဖုန်သုတ်သူတွေက သုတ်နေကြပြီ။
. … . … . . ….. . . ….. . . . . …. .. ….. . . .. . … . . . …. .  . .. . .. . . . . .. . . . … . . …၊
အဲဒီမှာ ….. ဟင်္သာတသားစစ်စစ်တယောက်ရဲ့ ဖေ့စ်ဘုတ်ခ်မီဒီယာကနေ တွေ့လိုက်ရတဲ့ ဒီလိုဘောလုံးကွင်းပုံရိပ်တွေကြောင့် … စိတ်မ ကောင်းပေမယ့် …. လွမ်းတယ်ဗျာ … . အရမ်းလွမ်းတယ် ….. ဟိုတုန်းကနေရာတွေကို

… .. . . .. . .. . … .   .. . . .. . …..  … … . . မောင်ရင်ငတေ ၀၄၁၁၂၀၁၄။  ။။။ ။။။ ။။။ ။။ ။ ။ ။

ဟင်္သာတရဲ့ မိုင်ဒါကွင်း အလွမ်းနောက်ဆက်တွဲ

ဒီလို အလွမ်းစိတ်မကောင်းစာကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ ချက်ခြင်းဆိုသလိုရေးတင်မိလိုက်တော့ ဓာတ်ပုံပိုင်ရှင် ဟင်္သာတသားကြီးက ဝမ်းသာ အားရ နောက်ထပ် ပုံသုံးလေးပုံကို ပို့ပေးပါတယ်။ မောင်ရင်ငတေလည်း ဝမ်းသာအားရနဲ့ ကြည့်လိုက်ပါတယ်။ မိုင်ဒါကွင်းဟောင်းကို အဟောင်းတန်ဖိုး ထိမ်းသိမ်းတဲ့အနေနဲ့ ဒီအတိုင်းသာ ထားခဲ့လိုက်ပြီး ဟင်္သာတခရိုင်ကွင်းသစ်ကြီးကို အဲဒီလို အားရဝမ်းသာစဖွယ် တွေ့ရှိ လိုက်ရပါတယ်။ မောင်ရင်ငတေကလည်း နောက်ထပ်အားကစားကွင်းအသစ်များ ဆောက်များထားသေးသလားလို့ဆိုပြီး မနေ့က နောက် ဆက်တွဲမေးခွန်း မေးထားမိသေးတာကိုး။

မြင်တွေ့လိုက်ရတာကတော့ အောက်ပါပုံများအတိုင်း တည်ဆောက်ထားကြောင်းပါခင်ဗျား။ မောင်ရင်ငတေ မိုင်ဒါကွင်းဟောင်းပုံတွေ တွေ့ လိုက်ရတာကြောင့် စိတ်မကောင်းဖြစ်သွားခဲ့ရတာတွေလည်း တထိုင်တည်းဆိုသလို ပျောက်ချင်မလှ ပျောက်သွားပြီဖြစ်ကြောင်း ပြောပြချင် ပါတယ်ခင်ဗျား။

“ဒီလို ဘောလုံးကွင်းမျိုးနဲ့ …… မြန်မာ့အားကစား … ကမ္ဘာ့လွှမ်းတာနဲ့ … သံစဉ်မညီ … ကီးလွဲ …. ကြိုးပြတ်”  ဟင်္သာတသား ဂီတ သမား ကြီးရဲ့မှတ်ချက်တခုကတော့ အဲလိုသာပါ။

မောင်ရင်ငတေ ၀၅၁၁၂၀၁၄

(ဖေ့စ်ဘုတ်မှာ ဓါတ်ပုံများတင်ပေးသူ ဦးကျော်လွင်ဆန်း (Hobby) အား ကျေးဇူးတင်ရှိပါကြောင်း)

ဟင်္သာတခရိုင် အားကစားကွင်းသစ်ကြီး (Photo KLS HZA)
ဟင်္သာတခရိုင် အားကစားကွင်းသစ်ကြီး (Photo KLS HZA)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts