ငြိမ်းချမ်းအေး – တရားခံ ဘယ်သူလဲ ဟေ့…
(မိုးမခ) အောင်တိုဘာ ၁၈၊ ၂၀၁၄
အသက် (၁၉) နှစ်အောက် အာရှဖလား ရှုံးထွက် ကွာတားဖိုင်နယ် အဆင့် ဗမာ-ယူအေအီး ပွဲ နိုင်ပွဲ ရအပြီး ပရိသတ် များ ကွင်းထဲ ဝင် သောင်းကျန်းကြတာကို အပြစ်တင်ကြတယ်။ ရိုင်းကြတယ်၊ ရှက်တယ်ပေါ့။
ပရိသတ်ကို အပြစ်တင် မစောကြပါနဲ့။ ဒီလိုလူရိုင်းစိတ်တွေ ဝင်အောင်၊ နိုင်ငံတော် သီချင်း ဆိုပြီး သူများ အသက်၊ အိုးအိမ်၊ စည်းစိမ် ဖျက်စီတတ်အောင် စနစ်တကျ မြေတောင်မြှောက် နှစ်ငါးဆယ်ကျော် လေ့ကျင့်သင်ကြား ဦးဆောင် လမ်းပြပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများကိုသာ ဇောင်းပေး ဆိုရမှာပါ။
မဝင်သင့်တဲ့ နေရာ
ကပ်လျက် နောက်ပွဲ ထိုင်း-ဥဇဘက်ကစ္စတန် ရှိတယ်။ ပရိသတ် က “မဝင်သင့်တဲ့” ကွင်းထဲ ဝင် အောင်ပွဲခံတယ်။ မှန်တာပေါ့၊ အပြစ်ဆိုချင်စရာပါ။ ဒါပေမယ့် လက်ရှိ တိုင်းပြည်မှာက ဥပဒေပြုလွှတ်တော် ဆိုတဲ့ နေရာမျိုးမှာတောင် ယူနီဖောင်းစိမ်းဝတ် မိုးကျရွှေကိုယ် များ အခန့်သား တက်ထိုင်နေတာ မဟုတ်လား။ ဒီ့ထက်ပို “မဝင်သင့်တဲ့ နေရာ” ကို ဝင် ဗိုလ်ကျနေတာ ဘာရှိမလဲ။ ၁၉၆၂ က စလို့ စစ်ဗိုလ်ကြီးများ တိုင်းပြည်ရဲ့ ကဏ္ဍတိုင်း နေရာတိုင်း “မဝင်သင့်တဲ့နေရာ” တိုင်း ကို ဝင်ရောက် ခြယ်လှယ်ခဲ့တာ မဟုတ်လား။ လူထု ပရိသတ် အခုလို လုပ်တာ ဘာဆန်းသလဲ။
မလုပ်သင့်တဲ့ အလုပ်
ပရိသတ် က ကွင်းထဲဝင် ဂိုးပိုက်တွေ ဖျက်ပစ်တယ်။ ဖျက်လို ဖျက်စီး လုပ်ချင်ကြတဲ့ စိတ်။ အပြစ်တင်ချင်စရာပေါ့။ နို့ပေမယ့် နှစ်ပေါင်းငါးဆယ်ကျော် တိုင်းပြည် အုပ်ချုပ် မင်းတက်လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးများကလည်း တိုင်းပြည်မှာ ငါတကော ကော အရာရာကို ဖျက်စီးချင်တိုင်း ဖျက်စီးခဲ့တာပဲ မဟုတ်လား။ လူထု အတုမြင် အတတ်သင် တာ ဘာ ဆန်းသလဲ။
အုပ်စုဖွဲ့ ရမ်းကားတဲ့ စိတ်
ဗမာပြည်မှာ အုပ်စုတောင့်ရင်၊ အားရှိရင် ကိုယ် ယုံကြည် ကိုးစားရမယ့် အစိုးရ ဆိုသူများက အစ လက်နက်မဲ့ ပြည်သူအပေါ် စစ်တပ် အင်အားသုံး အကြမ်းဖက် ရမ်းကားခဲ့တာ ရာစုဝက်ကျော် မဟုတ်လား။ ဒီလို မတရားမှုတွေကို လူထု ဟာ မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံရဖန်များတော့ မကောင်းမှုဓလေ့၊ မတရားမှု ထုံး၊ အကြမ်းဖက်မှုအကျင့် က လူ့ အဖွဲ့အစည်းမှာ ဝမ်းနည်းဖွယ် နက်နက်ရှိုင်းရှိုင်းကို စွဲထင် ကျင့်သားရနေတော့တာ အထူးအဆန်း မဟုတ်ပါ။ ဒီလို နောက်ခံ စနစ် ရာသီဥတုမျိုးမှာ အုပ်စုဖွဲ့ရမ်းကားမှု ဟာ တဦးချင်း သဘောသဘာဝ၊ လူတစု အပြုအမူ ဆိုတာထက် ဗမာပြည်မှာ ဓလေ့ ကို ဖြစ်နေပါပြီ။
မူးရူး သောင်းကျန်း ယဉ်ကျေးမှု
တိုင်းပြည် မှာ မမူးဘဲ မရူးဘဲ မူးချင်ယောင်၊ ရူးချင်ယောင် ဆောင် လူ့အဖွဲ့အစည်းရဲ့ အိမ်ဦးခန်း တက် ချီးပါ နေတဲ့ ပုခုံးအပွင့်တွေနဲ့ ပုဂ္ဂိုလ်ကြီးများ ကြီးစိုးခဲ့တော့ အခုလို ပရိသတ် ကွင်းထဲဝင် မူးကြ၊ ရူးကြပြီပေါ့။ ဒီဆရာကြီးများကပဲ နိုင်ငံရေး မလုပ်ရင် ပြီးရော၊ ငါတို့ကို အာမခံ မတော်လှန်ရင် ပြီးရော လူငယ်များ အရက်သောက်၊ ဆေးချ၊ ဖာလိုက် ကြိုက်တာ လုပ်ခွင့် တလွဲ အခွင့်အရေး ပေး စနစ်တကျ ဖျက်ဆီး ခဲ့တာ မဟုတ်လား။
တလွဲ ဆံပင်ကောင်း တရားလွန် မျိုးချစ်စိတ်
အခု လူအများ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ် တွေ မတရား ပြင်းပြ၊ ဇာတိ ပုည ဂုဏ်မာန လူထူထူ ရှိ ထုတ်ပြချင်နေကြပြီပေါ့။ ဆယ်စုနှစ်ပေါင်းများစွာ မျက်ကန်းမျိုးချစ်စိတ်၊ အစွန်းရောက် အမျိုးသားရေးစိတ်တွေ ထ အောင်၊ ကြွအောင် ပညာရေး စနစ်၊ စာပေ၊ ဂီတ၊ ရုပ်ရှင် သဘင် အနုသုခုမ အရာရာမှာ မှိုင်းလုံးတွေ တိုက်ခဲ့တာ မဟုတ်လား။
ပညာ သင်းကွပ်မှု ရလဒ်
ရှက်စရာ ကို ရှက်စရာမှန်း သိဖို့၊ အပြည့်အဝ ဂုဏ်ယူသင့်တာမျိုး ဟုတ်/မဟုတ် အကျိုး အကြောင်း ဆင်ခြင် သိဖို့ ဆိုတာက တဦးချင်း အသိအမြင်၊ အတွေးအခေါ်၊ ဉာဏ်ပညာ ရှင်သန် မြင့်မားဖို့ အရင်လိုပါတယ်။ ဗမာပြည်မှာ စစ်အာဏာရှင် တော်လှန်ရေး လူငယ် မျိုးစေ့ အညွန့်တုံး စေဖို့ စနစ်တကျ ဦးစားပေး ကြံစည်ခဲ့တာက ပညာရေး စနစ် သုဉ်းအောင် လုပ်ခဲ့ခြင်း မဟုတ်လား။ ဆိုတော့ လူအများ ရှည်ရှည်ဝေး ဘာတွေးမလဲ။ ၀ိဇ္ဇာ၊ စရဏ ပြည့်စုံ့ဖို့က ဗီဇ ထက် ပြုစုပျိုးထောင်ပေးတဲ့ ပတ်ဝန်းကျင်က ပို အရေးကြီးပါတယ်။
အများ နဲ့ လိုက်ယောင်ချင်တဲ့ စိတ်အခံ
ဒါ့အပြင် ဗမာပြည်မှာက လူတွေဟာ အများနဲ့ အတူ ဆွမ်းကြီးလောင်းချင်တဲ့ စိတ် သဘော ကလည်း အပြည့် ရှိနေတယ်။ ဥပဒေ ကို လေးစား လိုက်နာ ရိုသေမှု နဲ့ သီလ၊ ကျင့်ဝတ်၊ အသိအမြင်ပျမ်းမျှ ရှိတဲ့ လူတွေဟာ အများ ယောင် ရင် လိုက် ယောင်တတ်တယ်၊ အုပ်စုအပြုအမူ တုံ့ပြန်တတ်တယ်။ အမှန်၊ အမှား၊ အကျိုး၊ အပြစ် ချင့်ချိန်ဖို့ထက် အများနောက်လိုက်ဓလေ့ က လူ့အဖွဲ့အစည်းမှာ စွဲနေတယ်။ ဒီလို ဖြစ်အောင် လည်း ခေတ်အဆက်ဆက် အုပ်စိုးသူများဟာ အုပ်စု လိုက် သိမ်းသွင်းနိုင်ဖို့၊ ဖျောင်းဖျ စည်းရုံးနိုင်ဖို့ အမျိုးမျိုး ကြံစည်ခဲ့တာပဲ မဟုတ်လား။
နောက်မြီးဆွဲများ ဒီမိုကရေစီ ဈေးပေါင်ကျိုး တရားဟောချင်ကြဦးမယ်
လူထု စည်းကမ်းပျက်မှုတွေ ဖြစ်တိုင်း စစ်အာဏာရှင် ဒူးမနာသားများ က အမနာပ ဆိုကြပါဦးမယ်။ ဘာတဲ့ လူထု ဟာ ကိုယ် နဲ့ ထိုက်တန်တဲ့ အစိုးရ ပဲ ရတယ်။ လူထု ကို စော်ကားတဲ့ အတွေးအခေါ်၊ တမတ်သား ခွေးတူဝက်တူ ဒီမိုကရေစီ ကို ဖာချင်လို့ လူထု ကို အပြစ်ဖို့တဲ့ စကား။
လူထု ဟာ ဒီမိုကရေစီ နဲ့ ထိုက်တန်ကြောင်း ခေတ်အဆက်ဆက် စည်းကမ်း ရှိ အကြမ်းမဖက်တဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီး မြောက်မြားစွာနဲ့ သက်သေပြုပြီး ဖြစ်တယ်။ စနစ်ဆိုးရဲ့ သားကောင် ဖြစ်ရတဲ့ ဒဏ်ရာ ဒဏ်ချက် တချို့ကို လက်ညှိုးထိုးပြီး လူထု ဒီမိုကရေစီ ရေချိန် ကို တန်ဖိုးဖြတ် ချိုးနှိမ်စရာ အကြောင်း မရှိပါ။ ဒီမိုကရေစီ အစိုးရ စစ်စစ် မဖြစ်သရွေ့လည်း တိုင်းပြည် မှာ ဒီမိုကရေစီ အကျင့်အကြံတွေ အပြည့်အဝ ထွန်းကား ဓလေ့ အဖြစ် ရှင်သန်အောင် ကြံဆောင်နိုင်မှာ မဟုတ်ပါ။ ခေါင်က မလုံသရွေ့ အောက်ခြေမှာ ကြမ်းဆွေး ကျွံကျ ခဏ ခဏ ဖြစ်နေတာ ကို တရားခံ ရှာချင်လို့ မရပါ။
လက်သည် တရားခံ ဘယ်သူလဲ
ဘောလုံးကွင်း မှာ ပရိသတ် ဝင် သောင်ကျန်းတာ အစ လမ်းပေါ် မှာ ဒုတ် တပြက်ပြက်၊ ဓား တယမ်းမယ်း တလွဲ အစွန်းရောက် သတ်ချင်ဖြတ်ချင် ဖြစ်နေတာ အဆုံး ရဲ့ ရင်းမြစ် တရားခံ ဟာ ဘယ်သူဆိုတာ မြင်အောင် ကြည့်ကြပါ။ တရားခံ အစစ်ကို မျက်ကွက်ပြု လွှတ်ထားသရွေ့ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းစေမယ့် ဖြစ်ရပ်တွေ ဘောလုံးကွင်းထဲမှာ၊ မြို့လယ်ကောင်မှာ၊ လမ်းမပေါ်မှာ၊ ရုပ်သံပေါ်မှာ၊ နိုင်ငံရပ်ခြားမှာ နေရာတိုင်းမှာ ဖြစ်နေဦး ဖြစ်ကြောင်းပါ ခင်ဗျာ။
ငြိမ်းချမ်းအေး
အောင်တိုဘာ ၁၈၊ ၂၀၁၄
Follow @ Facebook: https://www.facebook.com/nyeinchanaye81
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန်ဆွေနွေးလိုပါက nyeinchanaye81@gmail.com သို့ စာရေး ဆက်သွယ်နိုင်သည်။)
ဆက်စပ် ဆောင်းပါး ဟောင်းများ ဖတ်ရန် –
၁) လိမ်ဆင် မှိုင်း တွေကနေ ကိုယ် လွတ်နေပါစေ
Read @ http://moemaka.com/archives/40313
http://www.moemaka.blogspot.com.au/2014/10/blog-post_50.html
၂) သူ့ခေတ်၊ ကိုယ့်ခေတ် နှင့် နောင်တခေတ်
http://moemaka.com/archives/34226
http://moemaka.blogspot.com.au/2013/04/nyein-chan-eain-football-will-power.html
၃) အားကစားသမား ဘဝ အမှတ်တရများ (၁)
http://moemaka.com/archives/23687
http://moemaka.blogspot.com.au/2012/05/student-sports-festivals-days.html
၎) အားကစားသမား ဘဝ အမှတ်တရများ (၂)
http://moemaka.com/archives/26275
http://moemaka.blogspot.com.au/2009/03/sports-by-nyein-chan-aye-part-2.html
http://blog.irrawaddy.org/2012/08/blog-post_3140.html
၅) ကြတ်ကုန်း တစပြင် က သူယောင်ပွဲ
http://moemaka.com/archives/83
http://moemaka.blogspot.com.au/2013/12/nyein-chan-aye_11.html
၆) ဗွီအိုင်ပီ ဆင်ဒရုန်း
http://moemaka.com/archives/69
http://moemaka.blogspot.com.au/2013/12/blog-post_8998.html
၇) နှစ်ပြန်လိမ် တိုင်းပြည်ရဲ့ ကန္တာရနှစ်များ
http://moemaka.com/archives/36
“ဖျက်လို ဖျက်စီး လုပ်ချင်ကြတဲ့ စိတ်။” ဆိုတဲ့မြန်မာစာလုံးပေါင်းမှားနေပါတယ်။ “ဖျက်စီး” မဟုတ်ပါ။ “ဖျက်ဆီး” ပါ။ “စလုံး” နဲ့မရေးရပါဘူး။ “ဆလိမ်” နဲ့ရေးရပါတယ်။
Thank you. There are a few more typo errors. It always happens if I write as Facebook post first. Anyway, there is no good excuse for that. I have got to be more careful next time.
ဆရာငြိမ်းချမ်းအေး ခင်ဗျား၊ သိပ်မှန်လွန်းလို့ … သူ..စိတ်ဆိုးသွားမှာစိုးတယ်ကွယ်….။
I am happy that Burmese football in 40 years, arrived to world cup level. This win automatic qualified next year wouldcup U20. That is great.
We like to see /talk /write about good things first. Praise first.. then write ugly things…:)